ကဗျာ
အိန္ဒက / စက်တင်ဘာ ၅၊ ၂၀၀၈
ရောမမြို့မီးလောင်စဉ်
တယောပင် အထိုးမပျက်တဲ့
နီရိုးဘုရင်ရဲ့ တိုင်းပြည်မှာ
လူဖြစ်လာတာ မှားနေပြီးလား။
ပေါင်မုန့်မရှိယင် ကိတ်မုန့်စား
ဒီစကားတစ်ခွန်းနဲ့
ပြင်သစ်သမိုင်းမှာ သွေးစွန်းသွားခဲ့တာ
နှောင်းအတိတ်ပုံပြင် ဖြစ်နေရော့သလား။
ဝက်ဆိုက်အင်တာနက်ပေါ်မှာ စစ်ခင်း
ပရောဂျက်စစ်ဆင်ရေးမှာ
အခင်းအကျင်းသစ်ရဲ့အောင်ပွဲတဲ့
ဒီကြွေးကြော်သံစကားဟာ
အိမ်မက်လား၊ တကယ်လား
ဝိုးတဝါးအတွေးက မသဲကွဲသေး။
ပေါ်တာကို ရှောင်ယင်း
ဒေါ်လာကို ငါရှာခဲ့တယ်
ဒေသသစ်မှာ
အခြေချပစ်ခဲ့တယ်
အမျိုးကိုချစ်ပါ နှိုးဆော်ယင်းက
ငါ့သားသမီးတွေက Dad
I'm very Hungry တဲ့။
အသေအချာ စမ်းစစ်ကြည့်တော့
အဖြေကနောက်မှာ ကျန်ရစ်နေလေရဲ့
ခေါင်းပေါ်က ဆံဖြူထိုးထိုးထောင်တွေ့မှ
ကဗျာကယာ ကောက်ချက်ချမိတာ
ငါဟာ လောကရဲ့စက်ရုပ် (Robot) တခုပါလား။
|