ကဗျာ
စပျစ်ရည်ချိုနိုင်ငံရေးသမား
|
သာထွန်းမွန် / မေ ၇၊ ၂၀၀၈
အတည်တကျဗီဇာနဲ့ သူ့ကုတင်ထက်မှာတော့
ချစ်တဲ့သူယဉ်ညိုချော
အလှကြွယ်သူကို
လက်မထပ်ပဲနဲ့
အတူတူပေါင်းသင်း..၊
အရက်မသောက်တတ်တဲ့သူ သူ့လက်ထဲမှာတော့
ယဉ်ညိုချောနဲ့တညတာ
ခံစားချက်ထပ်တူ
ချစ်ခြင်းဖလှယ်စရာ
ဝိုင်အရက်ချိုပုလင်း..၊
နှောင်ကြိုးမဲ့တဲ့သူ သူ့ပါစပ်ဖျားကတော့
စပျစ်ရည်ချိုဝိုင်အရက်လို
ယစ်မူးဖွယ်ရာ စကားလုံးချိုချို
မညှာမတာဖွင့်ဟ
အမျိုးသားရေးအသိနဲ့
နိုင်ငံရေးအခင်းအကျဉ်း..၊
နှစ်ယောက်တည်းနဲ့အလယ်လုအိပ်ကြ သူ့ရဲ့အွန်လိုင်းစကားဝိုင်းမှာတော့
ဟိုကလက်ဖမိုးဆို သူကလက်ဖ၀ါး
ဟိုကလက်ဖ၀ါးဆို သူကလက်ဖမိုး
သူမှန်…………………..ငါမှန်
နေရာမှန်လုကြရင်း
သာပေါင်းညာစားဝင်ပါလာတော့
အဆုံးသတ်သူ့နိုင်ငံရေးစကားဝိုင်းက
အတင်းအဖျင်း နေ့လည်ခင်း..။
အိမ်မသာတော့
ဧည့်မလာတဲ့နေရာ သူ့ရဲ့အဖွဲ့အစည်းရေးရာမှာတော့
အတင်းအဖျင်းနေ့လည်ခင်းကို
ဖွင့်ဟ၀န်ခံ…..ဝေဖန်ပြီးနောက်
နှစ်ချုပ်ရှင်းတမ်းစရအောင်တဲ့
အသေအချာဆန်းစစ် ပြူးကြည့်လိုက်တော့
သူ့ရဲ့အမောပြေ ၀ိုင်းပုလင်း ဘောက်ချာ ခပ်နွမ်းနွမ်းကြောင့်
သူ့တပေါက် ငါတပေါက်
အဆုံးသတ်သူ့ရဲ့နိုင်ငံရေးစကားဝိုင်းက
အကွဲအပြဲ…ညနေခင်း..။
|