နအဖတို့ သံဖြူဇရပ်-ဘုရားသုံးဆူကားလမ်းပေါ် တပ်မထပ်ချထား
ီ |
Kaowao/ နိုဝင်ဘာ၂၉၊ ၂၀၀၇
နအဖတို့ တပ်ရင်း(၈)တပ်ထပ်တိုးမြင့်ကာ ဘုရားသုံးဆူ-သံဖြူဇရပ်ကားလမ်းတစ်ဝိုက် ကရင်တော်လှန်ရေးတပ်မတော်ကို စစ်ဆင်ရေးစတင်ပြုလုပ်နေခြင်းနှင့်အတူ တပ်မထပ်မံချထားကြောင်းလည်း ဘုရားသုံးဆူမှ လာသောသတင်းအရ သိရ သည်။
နအဖတို့ထပ်ချထားသောတပ်မနေရာမှာ မဲဇလီရွာ နှင့် မြိုင်သာယာရွာအကြား အပလုံရွာအနီးတွင် ဖြစ်သည်။
ထိုဒေသတွင် အခြေချထားသောတပ်ရင်းများမှာ ခလရ(၃၆)မှ ဗိုလ်မှုးကြီး ကျော်မင်းဦး၊ ဒု-ဗိုလ်မှုးကြီး မောင်မောင်စံ နှင့်အတူ ဗိုလ်မှုးမင်းထွန်းတို့ဦးဆောင်ကာ အနည်းဆုံးအင်အား(၉၀၀)လောက်ရှိကြောင်း အပစ်ရပ်အဖွဲ့များက ဆိုသည်။
ဒီနှစ် နအဖက အင်အားအများဆုံးသုံးပြီး စစ်ဆင်ရေးပြုလုပ်နေခြင်းသည် ယမန်နှစ်များထက် ပိုထူးခြားနေကြောင်း ကရင် အမျိုးသားအစည်းအရုံးက ပြောသည်။
“တပ်မ(၈၈)တို့၊ ကမ်းရိုးတန်းတပ်ရင်းအချို့နဲ့ ဒီလိုစစ်ဆင်လာတာဟာ ခါတိုင်းနှစ်ကထက် ထူးခြားတယ်လို့ ပြောလို့ရတယ်၊ ဒေသသစ်၊ နေရာသစ်မှာ သူတို့လာယူထားတာတို့၊ ဒါပေမဲ့ တပ်မ ချထားတဲ့နေရာမှာလဲ တကယ်ဆို အင်အားက ရှိရင်မှ (၁)ထောင်တောင် မပြည့်ဘူး” ကေအင်ယူ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးစောလှငွေက ပြောသည်။
(၂)မြို့နယ်အတွင်း တပ်မချထားပြီးသောရွာများမှာ ဝဲကနိုင်ရွာ၊ တောင်စွန်း၊ ကြာအင်းဆိပ်ကြီး၊ ဘုရားအုတ်တို နှင့် ဘုရားသုံး ဆူမြို့ရှိ ခလရ(၅၁)တို့ ဖြစ်သည်။
တပ်မ(၈၈)သည် နိုဝင်ဘာ(၂၂)ရက်နေ့ကစ၍ ထိုဒေသသို့ အရှေ့တန်းတက်ရောက်ကြပြီး ရှိပြီးသား တပ်အင်အားအားလုံး မှာမှ (၂)ထောင်ကျော် ရှိကြောင်း သတင်းထွက်ပေါ်နေသည်။
ကြအင်းဆိပ်ကြီးမြို့နယ် ဘုရားအုတ်တိုအထက်ပိုင်းတွင် စကခ(၈)လက်အောက်ခံ တပ်ရင်းများဖြစ်သော တပ်ရင်း(၄၀၃)၊ (၄၀၅)၊ (၄၀၆)တို့ တည်ရှိကြပြီး ချောင်းဆုံမြစ်ကြောင်းတစ်လျှောက်တွင် တပ်မ(၈၈)လက်အောက်က ခမရ(၃၃၈)၊ ခမရ(၃၃၉)၊ ခလရ(၂၈)တို့ တပ်များ အခြေချထားသည်။
ပွင့်လင်းရာသီရောက်ချိန်တိုင်း နအဖတပ်များ ကားလမ်းတစ်လျှောက် တပ်စွဲထားသည်မှာ (၂၀၀၈)ခုနှစ် မီးရထားလမ်းစီမံ ကိန်း နှင့် အာရှလမ်းမကြီးကြောင့်လည်း ပါဝင်ကြောင်း လေ့လာအကဲခတ်သူများက ဆိုသည်။
နအဖ တပ်ချထားရာမှာ မိုင်းများလည်း ထောင်းထားမည်ကိုလည်း အပစ်ရပ်အဖွဲ့အစည်းများလည်း မိမိနယ်မြေရှိ ပြည်သူများ အတွက် စိုးရိမ်နေကြကြောင်း သိရသည်။
“သူ(နအဖ)တို့က မိုင်းပါထောင်းထားကြတော့ ရွာကလူတွေအတွက် အရင်ကထက် အရမ်းအန္တရာယ်များလာတယ်၊ တပ် အနားက လယ်တွေ၊ ခြံတွေလည်း သူတို့လက်ထဲအပ်ရဦးမယ်၊ အခုလိုချိန်ကလည်း လမ်းပြင်ချိန်၊ တံတားဆောက်ချိန်ဆို တော့ အတင်းအဓမ္မ လုပ်အားပေးခံရဦးမယ်”ဟု ဘုရားသုံးဆူက အပစ်ရပ်အဖွဲ့အစည်းမှ အရာရှိတစ်ဦးက ဆိုသည်။
လုံခြုံရေးလမ်းကြောင်းရှင်းရန် နှင့် အကာအကွယ်ရရှိရန် ပြီးခဲ့တဲ့အောက်တိုဘာလတွင် စစ်အစိုးရသည် မြေမြှုပ်မိုင်း အလုံး (၁၀၀၀)ကျော်ကို ကော့ကရိုတ် နှင့် သင်္ကန်းညီနောင်တစ်လျှောက်တွင် ထပ်မံ မြှုပ်ထားခဲ့သည်။ ယင်းမိုင်းမြှုပ်ထားသော ဒေသတစ်ဝိုက်တွင် ခီးမူးထ နှင့် နို့ဖိုးရွာရှိ လူဦးရေမှာ (၅၀၀)ကျော် ရှိသည်။
|