မူလစာမျက်နှာ
 သတင်း
 ဆောင်းပါး
 ကဗျာ
 အင်တာဗျူး
 အယ်ဒီတာ့
 ဓါတ်ပုံ
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
--> Kaowao burmese version


 

နိုင်ငံခြားအလုပ်သမားများ၏အခြေခံအကျဆုံးအခွင့်အရေးများပါ ထိုင်းအစိုးရ ပိတ်ပင်ပြီ

Kaowao/ နိုဝင်ဘာ ၁၃၊ ၂၀၀၇

ထိုင်းနိုင်ငံအတွင်းသို့ အလုပ်လုပ်ကိုင်နေကြသော နိုင်ငံခြားသားအလုပ်သမားများ၏ဘာသာရေးဆိုင်ရာ ရိုးရာပွဲလမ်းသဘင် ကျင်းပခွင့်ကိုပါ မဟာချဲာဒေသတွင် ထိုင်းအစိုးရက တားမြစ်ပိတ်ပင်လိုက်ကြောင်း သိရသည်။

ဘန်ကောက်မြို့ အနီး မဟာချဲာ ခေါ် စမွတ်စခွန်စရိုင်ရှိ ရေလုပ်ငန်းများတွင် အလုပ်လုပ်ကိုင်နေကြသူများကို ဘာသာရေးဆိုင် ရာပွဲလမ်းသဘင်ကျင်းပခွင့်အပါအဝင်၊ မည်သည့်ရိုးရာစာပေ၊ ယဉ်ကျေးမှုပွဲတော် အထိမ်း အမှတ်မျိုးမှ ကျင်းပခွင့်ပေးတော့ မည်မဟုတ်ကြောင်း ကြေငြာချက်ကို လွန်ခဲ့သောအောက်တိုဘာလ (၂၆)ရက်နေ့စွဲဖြင့် စမွတ်ခခွန်ခရိုင်မှူးး နိုင်ဝ႘ရယွတ် အီ ယမ်အမ်ပါ က လက်မှတ်ထိုးထုတ်ပြန်ထားသည်။

နိုင်ငံခြားသားအလုပ်သမားသိန်းချီတို့ကြောင့် နောက်ဆွဲတွဲပြဿနာ အကျိုးဆက်များ ဖြစ်သောကျန်းမာရေးပြဿနာ၊ နိုင်ငံမဲ့ ကလေးပြဿနာများ၊ ဒုစရိုက်မှုခင်းများ၊ ဥပဒေချိုးဖောက်မှုများအပြင် ယခုနောက်ဆုံးရိုးရာယဉ်ကျေးမှုပွဲတော်များကိုလည်း ကျင်းပပြုလုပ်နေကြသည်မှာ နိုင်ငံတော်တည်ငြိမ်ရေး နှင့် ခေတ္တနေထိုင်လုပ်ကိုင်ခွင့်ပေးထားသောရည်ရွယ်ချက်တို့ကိုပါ ထိ ခိုက်စေသည်ဟု မြန်မာအလုပ်သမားများအား ကြောငြာချက်ထဲတွင် စွပ်စွဲထားသည်။

ထို့ကြောင့် အလုပ်ရှင်များအနေနှင့်လည်း မိမိတာဝန်ယူထားသောနိုင်ငံခြားအလုပ်သမားများ၏ အပြုအမူများကို ဥပဒေနှင့် အညီ တင်းကျပ်စွာ ကိုင်တွယ်ကြရန်၊ ကျူးလွန်ဖောက်ဖျက်လာပါက ဥပဒေအရ ပြတ်သားစွာ အရေးယူခြင်းခံရမည်ဖြစ် ကြောင်း နှင့် ဘာသာရေးဆိုင်ရာ ရိုးရာပွဲလမ်းသဘင်များကို ကျင်းသခွင့်ပေးတော့မည်မဟုတ်ကြောင်း စက်ရုံ၊ အလုပ်ရုံများ တွင်လည်းကောင်း၊ နေရီနာ(www.naewna.com)အင်တာနက်စာမျက်နှာတွင်လည်းကောင်း ရေးသားထားသည်။

ထိုင်းနိုင်ငံရှိ အစိုးရမဟုတ်သောအဖွဲ့အစည်းများက ယခုပိတ်ပင်လိုက်သည့်ကိစ္စကို ထိုင်းအစိုးရအနေဖြင့် ပြန်လည်သုံးသပ် ပေးရန် ယခုလ(၁၉)ရက်နေ့တွင် နိုင်ငံခြားသားအလုပ်သမားများ၏ စာပေနှင့်ယဉ်ကျေးမှုဆိုင်ရာ အခြေခံအခွင့်အရေးများ အတွက် ထိုင်းအလုပ်သမားရေးရာအရာရှိများနှင့်ဆွေးနွေးပွဲပြုလုပ်ရန်ရှိကြောင်း စမွန်စခွန်မှ အလုပ်သမားအရေးကူညီနေသူ တစ်ဦး ပြောသည်။ “အခုလို နိုင်ငံခြားသားအလုပ်သမားများရဲ့ကိုယ်ပိုင်စာပေ နဲ့ ယဉ်ကျေးမှုဆိုင်ရာအခြေခံအကျဆုံး အခွင့်အရေးတွေကိုတောင် ထိုင်းအစိုးရက တားမြစ်ပိတ်ပင်လာတာကို အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေက ထိုင်းအစိုးရကို ပြန်လည်တရားစွဲဖို့ အခုပြင်ဆင်နေတယ်၊ ဒီလ(၁၉)ရက်နေ့ကျရင် ဘန်ကောက်မှာ ထိုင်းအစိုးရနဲ့ဆွေးနွေးဖို့လဲ ရှိတယ်” ထိုသူက ပြောသည်။

ဘာသာရေး ဆိုင်ရာပွဲလမ်းများကိုလည်း ကန့်သတ်လာခြင်း၊ ကျင်းပခွင့်မပေးခြင်းအပေါ် ဘန်ကောက်အခြေစိုက် မွန်လူငယ် အစည်းအရုံး(ထိုင်နိုင်ငံ) ဥက္ကဌ နိုင်အောင်ဘန်ချွန်က မြန်မာနိုင်ငံသားများကို ဖိနှိပ်ခြင်းပင်ဖြစ်ကြောင်း နှင့် ယခုလိုလူမျိုးရေး ခွဲခြားဆက်ဆံခြင်းကို ပြန်လည်သုံးသပ်ပေးရန် နိုဝင်ဘာ(၁၁)ရက်နေ့က တာနေရှင်း သတင်းစာတွင် တောင်းဆိုလိုက်သည်။

စမွန်စခွန်ခရိုင်တွင် မြန်မာနိုင်ငံသားအလုပ်သမားဦရေ၏(၇၅)ရာခိုင်နှုန်းကျော်မှာ မြန်မာနိုင်ငံတောင်ပိုင်းမှ မွန်လူမျိုးများ ဖြစ်ကြကြောင်း မွန်အဖွဲ့အစည်းများက ယုံကြည်ကြသည်။

နိုဝင်ဘာ(၁၂) မနေ့က ထိုင်းရဲများက မဟာချဲာအရပ်ရှိ မြန်မာအလုပ်သမားအယောက်(၈၀၀)နီးပါးကို အလုပ်လုပ်ခွင့်မှတ်ပုံ တင် ဝင်ရောက်စစ်ဆေးခဲ့ရာ (၁၁၆)ဦး အလုပ်သမားမှတ်ပုံတင်မရှိကြောင်း တွေ့ရှိပြီး ဖမ်းဆီးသွားကြောင်း တာနေရှင်း သတင်းစာက ဒီကနေ့ ဖော်ပြထားသည်။

စမွတ်စခွန်ခရိုင်တွင် လွန်ခဲ့သောလမှစ၍ အလုပ်သမားများအား ဖမ်းဆီးနေမှုများသည် နေ့စဉ်လိုလို ဖြစ်ပွားနေကြောင်း အလုပ်သမားများ၏ကျန်းမာရေးကို ကူညီပေးနေသူတစ်ဦးက ပြောကြားသည်။

လွန်ခဲ့သောလတွင်လည်း ထိုင်းရဲအင်အား(၇၀၀)ကျော်ဖြင့် စမွတ်စခွန်ခရိုင်ရှိ ငါးလုပ်ငန်းစက်ရုံများအတွင်း အလုပ်လုပ်ကိုင် နေကြသော မြန်မာနိုင်ငံသားအယောက် (၁၂၀၀)ကျော်ကို ဖမ်းဆီးခဲ့သည်။

 

 

:: Home | To Top ::

Copyright © 2004-2005, Kao Wao News Group. All rights reserved. Suggestions or comments to the Editor. Code by Webmaster.