မူလစာမျက်နှာ
 သတင်း
 ဆောင်းပါး
 ကဗျာ
 အင်တာဗျူး
 အယ်ဒီတာ့
 ဓါတ်ပုံ
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
Kaowao burmese version


မွန်ပြည်သူသို့ မေတ္တာရပ်ခံ ပန်ကြားလွှာ

၁၃၇၀၊ တန်ခူးလဆုတ် (၁၀) ရက်

ဒီမိုကရေစီ နိုင်ငံတနိုင်ငံ ထူထောင်သည့်နေရာတွင် ပြည်သူလူထုတို့၏ နှလုံးသားမှ ပေါက်ဖွားလာတဲ့ ဆန္ဒအစစ်အမှန်သည် အလွန်အရေးကြီးသည်၊ တန်ခိုးအာဏာနှင့်လည်း ပြည့်စုံသည်၊ ဒီမိုကရေစီစနစ်ဆိုသည်မှာ ပြည်သူများ၏ စစ်မှန်တဲ့ ကိုယ်စားလှယ်များ အုပ်ချုပ် စိုးမိုးသောစနစ်ဖြစ်သည်။ ဒီမိုကရေစီစနစ် ထွန်းကားသော နိုင်ငံတို့တွင် လူနေမှုအဆင့်အတန်း တနေ့တခြား မြင့်မားလာသည်ကို တွေ့မြင်လာရသည်။ ဒီမိုကရေစီစနစ်သည် ကမ္ဘာတွင် အလွန်ခေတ်စားလာသည်၊ ကွန်မြူနစ်နိုင်ငံ အတော်များများတို့သည်လည်း မိမိတို့၏ ပြည်သူလူထူ၏ တောင်းဆိုချက်အရ၊ ဒီမိုကရေစီစနစ်အသွင်သို့ ပြောင်းလဲလာကြသည်ကို တွေ့မြင်ရသည်။ လွန်ခဲ့သောနှစ်ပေါင်း (၂၀) ၁၉၈၈ ခုနှစ်တွင် မြန်မာနိုင်ငံ၌လည်း ဒီမိုကရေစီစနစ် ထွန်းကားရေးအတွက် ကျောင်းသားများနှင့် ရဟန်းရှင် ပြည်သူလူထုအပေါင်းတို့ အသက်ပေးပြီး တိုက်ပွဲဝင်လာခဲ့ကြသည်။ မြန်မာပြည်သူလူထု၏ ပြင်းပြဆန္ဒ ပြင်းထန်သော တိုက်ပွဲနှင့် ကမ္ဘာပေါ်ရှိ ဒီမိုကရေစီနိုင်ငံအသီးသီး၊ ဒီမိုကရေစီအင်းအားစု အသီးသီးတို့၏ ဖိအားပေးမှုကြောင့် စစ်အာဏာရှင် အစိုးရသည်လည်း မလွှဲမရှောင်သာ ဒီမိုကရေစီစနစ်အသွင်သို့ ပြောင်းလဲမည် ဖြစ်ကြောင်း နောက်ဆုံးတွင် အော်ဟစ်လာရသည်။

နဝတ စစ်အစိုးရသည် ဂတိအတိုင်း မဲရွေးကောက်ပွဲတရပ်ကို ၁၉၉၀ ခုနှစ်တွင် ကျင်းပပေးခဲ့ပါသည်။ ပြည်သူ့ဆန္ဒကို ဆန်းစစ် သောပွဲဟုလည်း ခေါ်ဆိုနိုင်သည်။ မွန်လူမျိုးအများစု နေထိုင်သော နေရာဒေသများဖြစ်တဲ့ မုဒုံ၊ သံဖြူဇရပ်၊ ရေး၊ ကျိုက္မရော၊ ကော့ကရိတ်၊ မဲဆန္ဒနယ်တို့တွင် မွန်ပြည်သူလူထုတို့သည် မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ကိုယ်စားလှယ် အမတ် လောင်းများကို ရဲရဲတင်းတင်း မဲပေးခဲ့ကြသည်ကို ကျွန်တော်တို့ အားရဖွယ် တွေ့မြင်ခဲ့ရသည်။ ကျွန်ုပ်တို့ ဂုဏ်ယူဖွယ် အလွန်ကောင်းသည်၊ နှလုံးသားမှ ပေါက်ဖွားလာတဲ့ မွန်ပြည်သူလူထုတို့၏ ဆန္ဒ အစစ်အမှန်ကို ကျွန်တော်တို့ မေ့ပျောက်၍ မရပါ။ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် မွန်ပြည်သူလူထုနိုးကြားမှု၊ ဆန္ဒပြင်းပြမှုသည် ၁၉၆၀ ခုနှစ် မဲရွေးကောက်ပွဲကထက် အင်အားကြီးမားကြောင်းကို သိသိသာသာ နှိုင်းယှဉ်၍ မြင်နိုင်သည်။ ၁၉၆၀ ခုနှစ် ရွေးကောက်ပွဲတွင် မအောင်မြင်ခဲ့သော ကျိုက္မရောနှင့် ကော့ကရိတ်မဲဆန္ဒနယ်မြေဒေသများတို့၌ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် အောင်မြင်ခဲ့သည်။ သတ္တိပြောင် မြောက်စွာ ပါဝင်ယှဉ်ပြိုင်ခဲ့သော မွန်ပြည်သူ့ ကိုယ်စားလှယ်များကိုလည်း အလွန်ချီးကျူးဖွယ် ကောင်းသည်။ ၄င်းတို့၏ ရဲရင့်တောက်ပြောင်သော နိုင်ငံရေး ရပ်တည်ချက်၊ နိုင်ငံရေးအမြင်၊ စစ်အစိုးရအား ပြင်းပြင်းထန်ထန် ဝေဖန်ချက်တို့ကြောင့် အချို့သော မွန်ပြည်သူ့ ကိုယ်စားလှယ်များနှင့် မွန်ခေါင်းဆောင်တို့သည် ဖမ်းဆီးခံရပြီး ထောင်ထဲ၌ နှစ်ရှည်လများ နေထိုင်ခဲ့ရသည်။ အချို့သည်လည်း တိုင်းပြည်မှ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

လာမည့်မေလ (၁၀) ရက်နေ့တွင် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ (Referendum) တရပ်ကို ကျင်းပမည်ဟု (နအဖ) မှ ထုတ်ပြန် ကျေငြာခဲ့သည်။ ပြည်သူလူထုများကိုလည်း ထောက်ခံမဲများ ပေးကြပါရန်လည်း လှုံ့ဆော်တိုက်တွန်း ထားသည်ကို တွေ့ရ သည်။ စစ်မှန်သော ပြည်သူ့ကိုယ်စားလှယ်များ မပါဝင်ဘဲ မိမိတို့သဘောကျ ရေးဆွဲထားသော အခြေခံဥပဒေတရပ်ကို အတည်ပြုဖို့ ကြိုးပမ်းနေသော (နအဖ) ၏ လုပ်ရပ်သည် ဒီမိုကရေစီကျင့်စဉ်နှင့် အလွန်ဖောက်လွဲဖောက်ပြန် ဖြစ်နေသည်ကို တွေ့မြင်နိုင်သည်။ ဒါကြောင့် ဤကဲ့သို့ မတရားသော လုပ်ရပ်၊ နည်းလမ်းမကျသော (နအဖ)၏ ကြိုးပမ်းကျက်ကို မွန်ပြည် သူလူထုအနေနဲ့ ပြင်းပြင်းထန်ထန် ကန့်ကွက်ဆန့်ကျင်သွားကြမည်မှာ မလွဲဟု မွန်အမျိုးသားကောင်စီမှ အကြွင်းမဲ့ ယုံကြည် ပါသည်။ ရဲရဲဝံ့ဝံ့ အုံကြွဆန့်ကျင်ကြပါရန်လည်း အမျိုးသားကောင်စီမှ လေးလေးနက်နက် မေတ္တာရပ်ခံ ပန်ကြားအပ်ပါသည်။

ပြည်သူ့ဆန္ဒမပါသော အခြေခံဥပဒေတရပ်သည် အသက်ရှည်စွာ တည်တန့်ခိုင်မြဲမည်မဟုတ်ပါ။ ၁၉၇၂ ခုနှစ်တွင်လည်း နေဝင်း၊ စန်းယု ဦးဆောင်သော စစ်တပ်မှ စစ်ဗိုလ်တစ်ခုတို့သည် မိမိတို့အလိုကျ ရေးဆွဲထားသော အခြေခံဥပဒေကို အတည်ပြုရန် ပြည်သူ့ဆန္ဒ ခံယူပွဲတရပ်ကို ကျင်းပခဲ့ဘူးပါသည်။ အမဲပုံးမှ ကန့်ကွက်မဲများကို ထုတ်ယူပြီး အဖြူမဲပုံး ဗြောင် ဗြောင်တင်းတင်း ပြောင်းလဲထည့်ယူခဲ့သည်ကို လူတိုင်းအသိပင် ဖြစ်သည်။ ထိုသို့ ပြောင်းလဲခိုးယူသော မဲများဖြင့် ထောက်ခံမဲ (၉၇) ရာနှုန်းရသည်ဟု တိုင်းပြည်သို့ လိမ်လည်လှည့်စားခဲ့ဖူးသည်၊ ဒါပေမယ့် ပြည်သူ့ဆန္ဒ အစစ်အမှန်မပါသော ၄င်းအခြေခံ ဥပဒေသည်လည်း သက်ဆိုးမရှည်ပါ။ ၁၄ နှစ်မျှသာ တည်တံ့နိုင်ခဲ့သည်။ ၁၉၈၈ ခုနှစ် ကျောင်းသားများ ဦးဆောင်သော တိုင်းရင်းသား ပြည်သူတို့၏ ပြင်းထန်းသော ဒီမိုကရေစီတိုက်ပွဲ လှိုင်းတံပိုးအောက်တွင် ပြားပြားမှောက် ပျောက်ကွယ်သွား ခဲ့ရသည်။

၎င်းခေတ်မှာ အလွန်နာမည်ကျော်ကြားသော မွန်ဆရာတော် နဲာပါလိတသည် ၄င်းကိုယ်တိုင် အယ်ဒီတာအနေဖြင့် ထုတ်ဝေ သော (ဂတာပ်ခေတ်) စာစောင်မှာ (ဗရုမံင်လောင်ဆဲာ)ဟူသော အခန်းဆက်ဆောင်းပါးကို ရေးသားပြီး မွန်ပြည်သူလူထုများ အနေဖြင့် ကန့်ကွက်မဲများ ထည့်ကြပါရန်၊ ဗြောင်ဗြောင်တင်းတင်း ပြင်းပြင်းထန်ထန် ရဲရဲဝံ့ဝံ့ လှုံ့ဆော်ခဲ့သည်။ ဆရာတော်၏ အရေးသားသည် စစ်အစိုးရအား ကြီးမားစွာ ထိခိုက်စေခဲ့သည်။ ဤသို့သော ရဲရင့်တောက်ပြောင်သည့် သမိုင်းဝင်လုပ်ရပ် ကြောင့် မဆလ စစ်အစိုးရသည် ဆရာတော်ဦးပါလိတအား အပြစ်ရှာပြီး ၁၉၇၅ ခုနှစ်တွင် (၃) နှစ်တိတိ ထောင်ချခဲ့ဘူးသည်။

ယနေ့ကျင်းပမည့် ပြည်သူ့ဆန္ဒခံယူပွဲသည်လည်း ၁၉၇၂ ခုနှစ် ပြည်သူ့ဆန္ဒခံယူပွဲကအတိုင်း ပုံတူကူးချမည်မှာ တပ်အပ် ပြောနိုင်သည် ကန့်ကွက်မဲများကို အဖြူထောက်ခံမဲများဖြစ်အောင် နည်းမျိုးစုံနဲ့ လိမ်လည်ယူမည်မှာ သေချာသည်။ ဒါပေမဲ့ မွန်ပြည်သူတို့၏ ရင်တွင်းနှလုံးသားမှာ တည်ရှိနေတဲ့ စစ်မှန်သော ဆန္ဒကိုမူ မည်သည့် အစိုးရတို့ကမှ လုယူ၍ မရနိုင်ပါ။ နှိုက် ထုတ်ယူ၍လည်း မရနိုင်ပါ။ တိုင်းရင်းသား လူမျိုးပေါင်းစုံတို့၏ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးပိုင်ခွင့် အခွင့်အရေး၊ လူ့အခွင့် အရေးတို့နှင့် ပြည့်စုံသော ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရာမှာ စစ်မှန်သော လွတ်လပ်ပြီး ခြိမ်းခြောက်မှုကင်းသော ပြည်သူ့ နှလုံးသားမှ ထွက်ပေါ်လာသော ဆန္ဒ အစစ်အမှန်သည်သာ အဓိကကျသည်၊ အခြေခံအုတ်မြစ်ဖြစ်သည်။ လောကတွင် ပြည်သူလူထု၏ ဆန္ဒသည် တံခိုးအထက်မြက်ဆုံးဖြစ်သည်။ အမြင့်မြတ်ဆုံးဖြစ်သည်။ မည်သည့်အခါကမှ ပြည်သူ့ဆန္ဒကို လေးစားမှု မရှိခဲ့ဘူးသော (နအဖ)သည် မြန်မာနိုင်ငံရှိ ပြည်သူများ၏ ပြင်းထန်သော တိုက်ပွဲနှင့် ကမ္ဘာ့ဒီမိုကရေစီ အင်အားစု၏ ဖိအားကို မလွန်ဆန်နိုင်သည့် အဆုံးမှာ ဤသို့ဟန်ပြဆန္ဒခံယူပွဲကို မလွှဲမရှောင်သာ စေတနာမပါဘဲ ကျင်ျးပေးရခြင်း ဖြစ်သည်ကို ငြင်းမရအောင် ထင်ရဟားပေါ်လွင်နေသည်။

ထက်မြက်သော တန်ခိုးပိုင်ရှင် မွန်ပြည်သူလူထုအပေါင်းတို့၊ ဤသို့လိမ်လည် အကောက်ကြံ၊ ယုတ်ညံ့သော အကြံအစည်နှင့် ကျင်းပောသ (နအဖ) ၏ ပြည်သူ့ဆန္ဒခံယူပွဲကို ပြင်းပြင်းထန်ထန် ပြတ်ပြတ်သားသား ရဲရဲဝံ့ဝံ့ မတွန့်မဆုတ်၊ ကန့်ကွက်ဆန္ဒ မဲပေးကြပါရန် မွန်အမျိုးသားကောင်စီမှ အနူးအညွတ် မေတ္တာရပ်ခံ ပန်ကြားအပ်ပါသည်။

 

ရာမညခိုင်ဝင်
သဘာပတိအဖွဲ့ဝင်
မွန်အမျိုးသားကောင်စီ

 

:: Home | To Top ::

Copyright © 2004-2005, Kao Wao News Group. All rights reserved. Suggestions or comments to the Editor. Code by Webmaster.