မူလစာမျက်နှာ
 သတင်း
 ဆောင်းပါး
 ကဗျာ
 အင်တာဗျူး
 အယ်ဒီတာ့
 ဓါတ်ပုံ
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
Kaowao burmese version


မွန်ပြည်နယ် အိုင်ဒီပီရွာတွင် ဝမ်းရောဂါ ဖြစ်ပွား၊ (၄)ဦးထက်မနည်း သေဆုံး

Kaowao / မတ် ၅ ၊ ၂၀၀၈


မွန်ပြည်သစ်ပါတီ ထိန်းချုပ်ရာ အိုင်ဒီပီကျေးရွာတစ်ရွာတွင် ကာလဝမ်းရောဂါ ကူးစက်မှု အခြေအနေဆိုးရွားနေပြီး ကူးစက်ခံရသူ(၄)ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။


မတ်လ(၂)ရက်နေ့ လွန်ခဲ့သောတနင်္ဂနွေနေ့ညက အိုင်ဒီပီရွာတစ်ရွာဖြစ်သော ပနန်းပိန်းရွာတွင် စတင်ဖြစ်ပွားခဲ့သော ယင်းကာလဝမ်းရောဂါသည် ရွာသားအယောက်(၅၀)ကျော် ကူးစက်ခံရကြောင်း မွန်ပြည်သစ်ပါတီ ကျန်းမာရေးဌာနမှ အရာရှိတစ်ဦးက ပြောကြားသည်။

ဆက်လက်၍ ကာလဝမ်းရောဂါဖြစ်ပွားနေသော ထိုပနန်းပိန်ရွာတွင် လူနာကုတင်မလောက်ငှ၍ (၄)မိုင်ကျော်ဝေးသော သဗြုချောင်း (ဆှိုးဟပရောက်)ရွာ ဆေးခန်းသို့လည်း လူနာများအား ပို့ဆောင်ထားရကြောင်း ၎င်းက ပြောကြားသည်။


ထိုဒေသများတွင် ယခုကဲ့သို့ ကာလဝမ်းရောဂါ ကူးစက်မှုမျိုး မဖြစ်ပွားခဲ့ဖူးကြောင်းနှင့် လွန်ခဲ့သောရက်များတွင် ယင်းကာလ ဝမ်းရောဂါနှင့်ဟု ယူဆရသောလူနာ(၂)ဦး သေဆုံးခဲ့ကြောင်းနှင့် ယနေ့တွင်လည်း လူနာ(၂)ဦး ထပ်မံ သေဆုံးခဲ့ကြောင်း ပနန်းပိန်းရွာမှ ကျန်းမာရေးလုပ်သားတစ်ဦးက ပြောသည်။ ၎င်းက ကာလဝမ်းရောဂါ မဖြစ်ပွားမီ တစ်ရက်နှစ်ရက်၌ ထိုဒေသတွင် မိုးသည်းသန်စွာ ရွာသွန်းခဲ့ကြောင်း နှင့် မိုးရွာပြီးနောက်ပိုင်း ရွာသားတို့နေ့စဉ် အသုံးပြုနေသောလက်ကျန် ချောင်းရေလည်း သန့်ရှင်းမှုမရှိကြောင်း သိရသည်။


ပနန်းပိန်ရွာသည် မွန်ပြည်နယ်တောင်ပိုင်း ရေးမြို့မှ ရေးလမ်းခရီးတစ်ရက်စာ(၃၆)မိုင်ခန့် ဝေးကွာပြီး နွေရာသီကားလမ်း ခရီးဖြင့် ရေးမြို့သို့ နေ့ဝက်သာသာ သွားရောက်ရမည်ဖြစ်သည်။


စံခရဘူရီရှိ မွန်ပြည်သစ်ပါတီ ကျန်းမာရေးဌာနမှလည်း ဂလူကိုး အလုံး(၂၀၀)နှင့် အခြားဆေးဝါးများကို နေ့စဉ် ပို့ဆောင် ပေးလျှက်ရှိကြောင်းနှင့် စံခရဘူရီ ထိုင်းဆေးရုံသို့လည်း ဆေးဝါးအကူအညီ တောင်းခံထားကြောင်း မွန်ကျန်းမာရေးဌာနမှ အရာရှိက ပြောကြားသည်။ “ဒီဝမ်းရောဂါက ကပ်ရောဂါတစ်မျိုးဖြစ်စေတဲ့ Rota Virus အတွက် ထိုင်းကျန်းမာရေးအဖွဲ့နဲ့ ပူးပေါင်းပြီး စမ်းသပ်စစ်ဆေးသွားဖို့ရှိတယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။   


မိုးရွာပြီးတော့ အဲဒီမသန့်ရှင်းတဲ့ရေကို အသုံးပြုရာကနေ ယင်းရောဂါ ကူးစက်ပျံ့နှံ့ခဲ့သည်ဟု ကျန်းမာရေးလုပ်သားများက ယူဆကြသည်။ ယင်းသို့ ပျံ့နှံ့လာရခြင်းမှာ ရွာသားများက ကျန်းမာရေးဆိုင်ရာအသိပညာများ အားနည်းနေခြင်းနှင့် အိမ်သာအသုံးပြုသောရွာသားလည်း နည်းနေသေးကြောင်း ပနန်းပိန်ရွာမှ ကျန်းမာရေးလုပ်သားတစ်ဦးက ဆိုသည်။


ယခုအခါ ဌာနဆိုင်ရာက ကာလဝမ်းရောဂါ ပျံ့ နှံ့စေသောအစားအစာများအပါအဝင် ထိုဒေသတစ်ဝိုက်ရှိ ရွာသားများအား ကျန်းမာရေးဆိုင်ရာ အသိပညာများလည်း ဆောင်ရွက်နေကြောင်း သိရသည်။

 

:: Home | To Top ::

Copyright © 2004-2005, Kao Wao News Group. All rights reserved. Suggestions or comments to the Editor. Code by Webmaster.