မူလစာမျက်နှာ
 သတင်း
 ဆောင်းပါး
 ကဗျာ
 အင်တာဗျူး
 အယ်ဒီတာ့
 ဓါတ်ပုံ
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
Kaowao burmese version


ရေးတောင်ပိုင်းတွင် (၉)တန်းစာမေးပွဲကို တစ်နေ့(၂)ဘာသာ ဖြေဆိုခိုင်း

Kaowao / မတ် ၁၂ ၊ ၂၀၀၈


မွန်ပြည်နယ် ရေးမြို့နယ်တောင်ပိုင်း ခေါဇာမြို့ အထက်တန်းကျောင်းတွင် လွန်ခဲ့သောလကုန်ပိုင်းက ကျင်းပပြီးစီးသွားသော (၉)တန်းကျောင်းသူကျောင်းသားများ၏အတန်းတင်စာမေးပွဲကို အချိန်နီးကပ်မှ တစ်နေ့(၂)ဘာသာ ဖြေဆိုခိုင်းခဲ့သည်။

လုံခြုံရေးကြောင့်ဟုသာ အကြောင်းပြကာ ရက်သတ္တတစ်ပတ်အလိုမှ လာရောက်အကြောင်းကြားခဲ့သဖြင့် ယင်းသို့ ဖြေဆိုခဲ့ရ သောကျောင်းသူကျောင်းသားအများစုက ကောင်းမွန်စွာ မဖြေဆိုနိုင်ကြကြောင်း ကျောင်းသားမိဘများမှတဆင့် သိရသည်။

ခေါဇာမြို့ပေါ်အာဏာပိုင်တို့က ထိုဒေသတစ်ဝိုက်တွင် လှုပ်ရှားနေသောမွန်လက်နက်ကိုင်အဖွဲ့နှင့် နေ့တိုင်းလိုလို တိုက်ပွဲများ ဖြစ်ပွားနေသည်ကို အကြောင်းပြခဲ့ပြီး ဖေဖော်ဝါရီ (၂၇)ရက်နေ့တွင် ဖြေဆိုမည့်စာမေးပွဲကို (၂၉)ရက်နေ့တွင် အပြီးသတ် ကျင်းပရမည်ဟု အမိန့်ပေးခဲ့ကြောင်း ရေးမြို့ပေါ်က ပညာရေးဝန်ထမ်းအသိုင်းအဝန်းမှ ပြောကြားချက်အရ သိရသည်။

ခေါဇာမြို့မှ (၉)တန်းကျောင်းသားမိဘတစ်ဦးက “(၂၇)ရက်နေ့မှာ စဖြေရမယ်။ (၃)ရက်နဲ့ အပြီးဖြေပေးရမယ်လို့ (၁၉) ရက်နေ့ (တစ်ပတ်အကြို)ကျမှ လာပြောတယ်။ ကျောင်းသားတွေ အရမ်းပင်ပန်းကြတယ်။ ဘယ်လို့လုပ်ပြီး ဖြေနိုင်ကြမှာလဲ။ ကျောင်းသားအားလုံးလိုလို ဖြေလို့မရဘူး။ ဆရာ၊ ဆရာမတွေကိုယ်တိုင်တောင် ကျောင်းသားတွေကို အခုလို ညှုင်းပန်းခဲ့ တဲ့ကိစ္စကို ကျေနပ်ကြတာမဟုတ်ဘူး”ဟု ပြောကြားသည်။

အဆိုပါခေါဇာမြို့ အထက်တန်းကျောင်း(၉)တန်း အတန်းတင်စာမေးပွဲကို တစ်ရက်(၂)ဘာသာအဖြစ် မြန်မာစာနှင့်ဓါတုဗေဒ၊ အင်္ဂလိက်နှင့်ရူပဗေဒ၊ သင်္ချာနှင့်ဇီဝဗေဒဘာသာရပ်များကို တွဲ၍ ရက်(၃)အတွင်း အပြီး ဖြေဆိုခဲ့ရသည်။

ခေါဇာမြို့ အထက်တန်းကျောင်းသည် စစ်အစိုးရက မြို့အဖြစ် ပြောင်းလဲသတ်မှတ်လိုက်ပြီးနောက် မွန်ပြည်သစ်ပါတီ ပညာ ရေးဌာနက ဖွင့်လှစ်ထားသော မွန်ပညာရေး အထက်တန်းကျောင်းကို သိမ်းယူပြီး ခေါဇာမြို့ အထက်တန်းကျောင်းအဖြစ် ပြန်လည်ဖွင့်လှစ်ခဲ့သည်။

သို့သော် မွန်ပညာရေး အလယ်တန်းကျောင်း(၈)တန်းအထိကိုမူ ခေါဇာမြို့ပေါ်၌ မွန်ပြည်သစ်ပါတီမှ နေရာပြောင်းဖွင့်လှစ် ထားဆဲဖြစ်သည်။

 

:: Home | To Top ::

Copyright © 2004-2005, Kao Wao News Group. All rights reserved. Suggestions or comments to the Editor. Code by Webmaster.