မူလစာမျက်နှာ
 သတင်း
 ဆောင်းပါး
 ကဗျာ
 အင်တာဗျူး
 အယ်ဒီတာ့
 ဓါတ်ပုံ
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
Kaowao burmese version


မွန်ပြည်သစ်ပါတီမှ ဗိုလ်မှူးချုပ်အောင်နိုင် ပျောက်ဆုံးနေ

Kaowao / မတ် ၁၂ ၊ ၂၀၀၈


စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲထားသော မွန်ပြည်သစ်ပါတီမှ  စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်အောင်နိုင်သည် ယခင်လ အစောပိုင်း ကစ၍ ဆေးဝါးကုသမှုခံယူရန် ရန်ကုန်မြို့သို့ ထွက်ခွာပြီးနောက်ပိုင်း ပျောက်ဆုံးနေကြောင်း မွန်အဖွဲ့အစည်းအသိုင်းအဝန်း
က ပြောသည်။

(၂၀၀၇) သြဂုတ်လ (၂၈)ရက်နေ့ မွန်တော်လှန် ရေးနေ့တွင် တွေ့ရသော ဗိုလ်မှူးချုပ် အောင်နိုင် (ပုံ - Kaowao)

ဗိုလ်မှူးချုပ်အောင်နိုင်သည် ရက်ရှည်ဆေးကုသခွင့်ကို ပါတီမှ ရရှိခဲ့ပြီး ရန်ကုန်မြို့ ပန်းလှိုင်ဆေးရုံတွင် ဆေးဝါးကုသမှု ခံယူပြီးနောက် ယင်းသို့ ပျောက်ဆုံးနေခြင်း ဖြစ်သည်။

မွန်ပြည်သစ်ပါတီ ပြောခွင့်ရပုဂ္ဂိုလ် နိုင်အောင်မငေးက “ဆေး သွားကုသဖို့ ယခင်လ(ဖေဖော်ဝါရီ) ၄ ရက်နေ့မှာ ဘုရားသုံး ဆူမြို့ကနေ ထွက်သွားတယ်။ ၆ ရက်နေ့မှာ သံဖြူဇရပ်ကနေ ရန်ကုန် တက်သွားတယ်။ (၂၀၀၇) နိုဝင်ဘာလကတည်းက ပါတီကနေ အငြိမ်းစားဆေးပင်စင် (အဆင့်(၁)) ပေးထားပြီး သားပါ။ အဲဒီ (၆)ရက်နေ့နောက်ပိုင်းမှာ ပျောက်သွားတယ်။ ရှာလို့မတွေ့ သေးဘူးပေါ့” ဟု ဗိုလ်မှူးချုပ်အောင်နိုင်နှင့် ပတ်သက်သည့် နောက်ဆုံး အတည်ပြု၍ရသောသတင်းများကို Kaowao သို့ ပြောကြားသည်။ (အငြိမ်းစားဆေး ပင်စင် အဆင့်(၁) ဆိုသည် မှာ ပါတီမှ ဆေးဝါးကုသစရိတ်အားလုံးနှင့် စားဝတ်နေရေး အတွက် တာဝန်ယူပေးသော အမြင့်ဆုံးပင်စင် ဖြစ်သည်)

အခြားအတည်ပြုချက်မရသေးသောသတင်းများမှာ ဗိုလ်မှူးချုပ် အောင်နိုင်အား စစ်အစိုးရက ဖမ်းဆီးထားသည်ဟု မော်လမြိုင်မြို့ပေါ်တွင် သတင်းထွက်ပေါ်လာပြီးနောက် ၎င်းအား ပြန်လည်လွှတ်ပေးရန် တောင်းဆိုထားသော လက်ကမ်း စာစောင်များနှင့် ယခု စစ်အစိုးရ၏ လူထုဆန္ဒခံယူပွဲအား မဲမထည့်ကြရန် လှုံ့ဆော်ထားသည့်လက်ကမ်း စာစောင်များ မွန်နှင့် ဗမာဘာသာဖြင့် မွန်ပြည်နယ်တွင် ပျံ့နှံ့နေကြောင်း သိရသည်။

မွန်လူမျိုးအရေး လေ့လာအကဲခတ်သူများက ဗိုလ်မှူးချုပ်အောင်နိုင်သည် စစ်အစိုးရနှင့်အပေးအယူ ရှိနိုင်ပြီး လက်နက်ချ သွားသည်လည်း ဖြစ်နိုင်ကြောင်းနှင့် မွန်ပြည်သစ်ပါတီမှ ဆေးဝါးကုသရန် အနားယူထားသူတစ်ဦးအဖြစ်သာ မြင်ကြောင်း ပြောကြားကြသည်။

(၃)နှစ်တစ်ကြိမ် ကျင်းပလာသော မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်မှုဆောင် အစည်းအဝေး ဆဌမအကြိမ်အဖြစ် (၂၀၀၅)ခုနှစ် တွင် ဗိုလ်မှူးချုပ် အောင်နိုင်က မွန်ပြည်သစ်ပါတီ နှင့် မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၌ စစ်ရေးရာကော်မတီ အတွင်းရေးမှုးတာဝန် နှင့် စစ်ဦးစီးချုပ်တာဝန်ကို ထမ်းဆောင်ခဲ့ပြီး (၂၀၀၇)ခုနှစ် နိုဝင်ဘာလတွင် ဆေးကုသခွင့် ရက်ရှည် ပေးခဲ့သည်။  

မြိတ်မြို့ဘက်မှလာသည့်အတည်မပြုနိုင်သေးသောသတင်းအရ ပျောက်ဆုံးနေသော ဗိုလ်မှူးချုပ်အောင်နိုင်သည် စစ်အစိုးရနှင့်ပစ်ခတ်နေဆဲ အဖွဲ့အစည်းတစ်ဖွဲ့ဖြစ်သည့် နိုင်ပန်းညွန့် ဦးဆောင်သော မွန်ပြည်ပြန်လည်ထူထောင်ရေးပါတီ အကြီးအကဲများအား သွားရောက်တွေ့ဆုံနေကြောင်း၊ တနသာင်္ရီတိုင်းတွင် ရှိနေကြောင်း သိရသည်။

စစ်အစိုးရ၏လူထုဆန္ဒခံယူပွဲအပေါ် မွန်ပြည်သစ်ပါတီ၏သဘောထားကို သိရှိနိုင်ရန်အတွက် စစ်အစိုးရ၏စစ်ဖက်ဆိုင်ရာ လုံခြုံရေးအဖွဲ့မှ ပုဂ္ဂိုလ်များက ပြီးခဲ့သည့်လ၌ နယ်စပ်မြို့ ဘုရားသုံးဆူတွင် စည်းရုံးချဉ်းကပ်မှုများရှိခဲ့ပြီး မွန်ပြည်သစ်ပါတီ ကလည်း မတ်လ(၉)ရက်နေ့တွင် ၎င်းတို့ထားရှိသောသဘောထားကို ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

စစ်အစိုးရ၏ပြည်သူ့ဆန္ဒ ခံယူပွဲအပေါ် ၎င်းတို့၏သဘောထားမှာ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးကိုသာ စစ်အစိုးရအနေ
နှင့် အရင်လုပ်ဆောင်သင့်ကြောင်း၊ ပြည်သူ့ဆန္ဒခံယူပွဲကို မပြုလုပ်သင့်သေးကြောင်း နှင့် အတိုက်အခံအဖွဲ့အစည်းက ဆွေးနွေးပြင်ဆင်ခွင့် မရှိသော နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသည် မြန်မာနိုင်ငံ၏နိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်မည်မဟုတ်ကြောင်း ထုတ်ပြန်ခဲ့သည်။

မွန်လူမျိုးတို့အတွက် အာမခံချက် မရှိသေးသ၍ မွန်ပြည်သစ်ပါတီက လက်နက်ချရန်၊ ဖျက်သိမ်းရန် အစီအစဉ် မရှိကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။ "ကျနော်တို့ပါတီရဲ့ ဦးတည်ချက်က သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးဘဲ။ ပါတီရဲ့တပ်ဖွဲ့ကို ဖျက်သိမ်းမှာ မဟုတ်ဘူး။ ပါတီကိုလည်း ဘယ်တော့မှ ဖျက်သိမ်းမှာ မဟုတ်ဘူး။ ပါတီနဲ့ တပ်ဖွဲ့ကိုလည်း ဘယ်တော့မှ ခွဲ ခြမ်းမှာ မဟုတ်ဘူး။ မွန်လူမျိုးတွေအတွက် အာမခံချက် တစ်စုံတစ်ရာ မရှိသေးသ၍ပေါ့"ဟု နိုင်အောင်မငေးက ယနေ့ ပြော ကြားလိုက်သည်။

အသက်(၆၇)နှစ်အရွယ်ရှိပြီးဖြစ်သော ဗိုလ်မှုးချုပ် အောင်နိုင်သည် စစ်ရေး၊ တိုက်ခိုက်ရေးစွမ်းရည် ပြည့်ဝသူတစ်ဦး ဖြစ်ပြီး တင်ပါးနှင့်ဝမ်းဗိုက်တွင် သေနတ်ဒဏ်ရာ(၂)ခါ ထိမှန်ဖူးကာ ယခု လောလောဆယ်တွင် ဆီးချိုနှင့် အစာအိမ်ရောဂါ ခံစားနေ
ရသူ ဖြစ်သည်။

ဗိုလ်မှုးချုပ် အောင်နိုင်သည် ရေရှည်ဆေးဝါးကုသခွင့်ကို (၂၀၀၆) ဒီဇင်ဘာ (၂၁)ရက်နေ့တွင် တောင်းခံခဲ့ပြီး (၂၀၀၇)ခုနှစ် နိုဝင်ဘာလတွင် ဆေးဝါးကုသခွင့် ရရှိခဲ့သည်။

ပဲခူးတိုင်း၊ သနပ်ပင်ဇာတိ ဗိုလ်မှူးချုပ် အောင်နိုင်သည် စစ်အစိုးရတပ်မတော်မှ တပ်ကြပ်အဆင့်ဖြင့် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ)သို့  လာရောက်ပူးပေါင်းခဲ့ပြီး (၂)နှစ်ခန့် တာဝန်ထမ်းဆောင်ပြီးနောက် (၁၉၆၇)ခုနှစ်တွင် မွန်ပြည်သစ်ပါတီတွင် စတင်တာဝန်ထမ်းဆောင်ခဲ့သည်။

 

:: Home | To Top ::

Copyright © 2004-2005, Kao Wao News Group. All rights reserved. Suggestions or comments to the Editor. Code by Webmaster.