ငြိမ်းအဖွဲ့ထိန်းချုပ်နယ်မြေများအထိ သက်သေခံလက်မှတ်များကို စစ်အစိုးရက လာလုပ်ပေးနေ |
မိုးမိုးအား / မတ် ၁၁ ၊ ၂၀၀၈
မေလတွင် ကျင်းပမည့်လူထုဆန္ဒခံယူပွဲ ထောက်ခံမဲအတွက် နအဖ စစ်အစိုးရက မြို့နယ်များတွင်သာမက ငြိမ်းအဖွဲ့တို့ထိန်း ချုပ်ရာကျေးရွာများတွင်လည်း ယာယီသက်သေခံလက်မှတ်နှင့် မှတ်ပုံတင်များကို ပြုလုပ်ပေးနေကြောင်း သိရသည်။
အပစ်ရပ်အဖွဲ့အစည်းတစ်ဖွဲ့ဖြစ်သောမွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေတွင်လည်း ယင်းယာယီသက်သေခံလက်မှတ်များနှင့် အစိမ်းရောင် သုံးခေါက် မှတ်ပုံတင်များကိုလည်း ပြုလုပ်ပေးနေသည်။
ထိုလက်မှတ်များသည် ခရီးသွားလာရန်အတွက်လည်း အသုံးပြု၍ရသည်ဟု ဒေသခံအာဏာပိုင်တို့က အာမခံထားသော ကြောင့် ပြည်သူအများစုမှာ ထိုလက်မှတ်ကို ဆန္ဒခံယူပွဲတွင် မဲထည့်ရန် ရည်ရွယ်လုပ်ဆောင်ကြခြင်း မဟုတ်ဘဲ ခရီးသွားလာ ရာတွင် အသုံးပြုရန်အတွက်သာ သွားရောက်လုပ်ကြခြင်းသာ ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီမှ အရာရှိတစ်ဦးက ပြောသည်။
“ပိုက်ဆံလည်း သိပ်မကုန်ဘူး။ ပြည်သူတွေက အခွင့်အရေးတစ်ရပ်အဖြစ် သွားလုပ်ကြတာဘဲရှိတယ်။ ဆန္ဒခံယူပွဲမှာ မဲပေးနိုင် ဖို့ရည်ရွယ်ပြီး အဲဒီလက်မှတ်တွေကို သွားလုပ်ကြတာမဟုတ်ဘူး”ဟု ၎င်းအရာရှိက ပြောသည်။
နိုင်ငံသားစိစစ်ရေးကတ်ပြား (သို့) မှတ်ပုံတင်မရှိသော ပြည်သူအများစုမှာ ယင်းယာယီသက်သေခံလက်မှတ်များကို မှတ်ပုံ တင်တစ်မျိုးအဖြစ်သာ နားလည်ထားကြပြီး စစ်အစိုးရ၏လူထုဆန္ဒခံယူပွဲကို စိတ်မဝင်စားကြကြောင်း ပြည်သူများက ဆိုကြ သည်။
ယခုလ(၁)ရက်နေ့မှ စတင်ကာ နယ်စပ်မြို့ ဘုရားသုံးဆူတွင် အာဏာပိုင်များက ယာယီသက်သေခံလက်မှတ်များကို အခ ကြေးငွေ မယူဘဲ ပြုလုပ်ပေးနေပြီး ဓါတ်ပုံလည်း မလိုအပ်ကြောင်း သိရသည်။ အမည်၊ မွေးသက္ကရာဇ်၊ အဖအမည်၊ နေရပ် လိပ်စာနှင့် အရပ်အမောင်းသာ အနည်းအကျဉ်း မေးမြန်းပြီး ပြုလုပ်ပေးနေသည်။
ဘုရားသုံးဆူမြို့အပါအဝင် နယ်စပ်ဒေသများနှင့် ငြိမ်းအဖွဲ့ အုပ်ချုပ်သောကျေးရွာများတွင် စစ်အစိုးရက လွန်ခဲ့သော နိုဝင် ဘာလ (၂၀၀၇)တွင် မှတ်ပုံတင်များ ပြုလုပ်ပေးခဲ့ပြီးဖြစ်သည်။
လဝကရုံးများတွင် ပုံမှန်အားဖြင့် (၂)သောင်းကျော် ကုန်ကျသည့်မှတ်ပုံတင်ကို ယခု ရေးမြို့ပေါ်တွင် ပြုလုပ်ပေးနေသော မှတ်ပုံတင်များမှာ ကုန်ကျစရိတ်သက်သာသောကြောင့် မှတ်ပုံတင်ပြုလုပ်သူလည်း အများအပြား ရှိခဲ့ကြောင်း ရေးမြို့ခံ တစ်ဦးက ပြောကြားသည်။
လွန်ခဲ့သောအပတ်မှစ၍ မွန်ပြည်သစ်ပါတီ လက်အောက်ခံကျေးရွာအားလုံးနီးပါးကိုလည်း ယာယီသက်သေခံလက်မှတ်များ
နှင့် တချို့ကျေးရွာများတွင် အစိမ်းရောင် မှတ်ပုံတင်များပါ စရိတ်သက်သာစွာဖြင့် ပြလုပ်ပေးနေသည်။
မွန်ပြည်သစ်ပါတီ၏နယ်စပ်ဒေသဘက်က ကျေးရွာများတွင် အာဏာပိုင်များအား ပို့ဆောင်ရေးစရိတ် အတွက်နှင့် စားစရိတ်အတွက် မွန်ပြည်သစ်ပါတီက တစ်ယောက်ကို ဘတ်ငွေ(၁၀၀)ဖြင့် ယာယီသက်သေခံလက်မှတ် များကို လုပ်ပေးနေပြီး ဓါတ်ပုံပါ ပါရှိသည်ဟု သိရသည်။ ငွေကြေးချို့တဲ့သူများအား ပိုက်ဆံတစ်ပြားမှ မယူဘဲ လုပ်ပေးခဲ့ကြောင်း လည်း ပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ရေးမြို့ အရှေ့ဖက်ခြမ်းမှ ကျေးရွာအများစုကို အစိမ်းရောင် သုံးခေါက် မှတ်ပုံတင်များကို ရေးမြို့တွင် ကျပ်ငွေ(၄၅၀၀)ဖြင့် ပြုလုပ်ပေးကြကြောင်းနှင့် မွန်ပြည်သစ်ပါတီ ဌာနချုပ်အနီးတစ်ဝိုက်ကျေးရွာများဖြစ်သောပနန်းပိန်၊ သဗြုချောင်းနှင့် သုဝဏ္ဏ ဘူမိရွာအထိ သက်သေခံလက်မှတ်များကို သုံးရက်အကြာ လုပ်ပေးရာတွင် ပြည်သူအများအပြား ပြုလုပ်ခဲ့ကြကြောင်း မွန်ပြည်သစ်ပါတီမှ ယင်းအရာရှိက ပြောကြားသည်။
|