တက္ကသိုလ်ကျောင်းပြန်ဖွင့်ရက်ကို ယခုထိ မထုတ်ပြန်သေး |
Kaowao / ဇန်နဝါရီ ၉ ၊ ၂၀၀၈
နေ့တက်တက္ကသိုလ်ကျောင်းသားများ၏နောက်ဆက်တွဲစာမေးပွဲများကို လွန်ခဲ့သောဒီဇင်ဘာလက ကျင်းပပေးခဲ့ပြီးသော် လည်း ကျောင်းပြန်ဖွင့်လှစ်မည့်ရက်ကိုမူ စစ်အစိုးရက ယခုချိန်အထိ မကြေငြာသေးကြောင်း သိရသည်။
စစ်အစိုးရက (၂၀၀၇)နိုဝင်ဘာလတွင် နေ့တက်တက္ကသိုလ်ကျောင်းသားများ၏စာမေးပွဲများကို တနိုင်ငံလုံး အပြီးသတ် ကျင်းပ ပေးခဲ့ပြီးနောက် ကျောင်းပြန်ဖွင့်မည့်နေ့ရက်ကိုမူ တရားဝင်ကြေငြာခြင်းမရှိသည့်အပြင် ယခု ကျင်းပပြီးသော နောက်ဆက်တွဲ စာမေးပွဲများ ပြီးသည့်အထိလည်း ကျောင်းဖွင့်ရက်ကို တက္ကသိုလ်ရှိ တာဝန်ရှိသူများက ထုတ်ပြန်ပေးခြင်း မရှိသေးပေ။ ပုံမှန်ဆို လျှင် နေ့တက်ကျောင်းသားတို့၏နောက်ဆက်တွဲစာမေးပွဲ ဖြေဆိုပြီးလျှင် ကျောင်းပြန်ဖွင့်ရက်အတိအကျကို တရားဝင် ထုတ် ပြန်ကြေငြာလေ့ရှိသည်။
မော်လမြိုင်တက္ကသိုလ် နည်းပြဆရာမတစ်ဦး၏အဆိုအရ ကျောင်းဖွင့်ရက်ကို ပါမောက္ခများကိုယ်တိုင်ပင် မသိရှိသေးကြောင်း သိရသည်။၎င်းက "ဒီကျောင်းဖွင့်ရက်ကို အထက်လူကြီးတွေ၊ ပါမောက္ခတွေကိုယ်တိုင်က မသိကြသေးတာ၊ ကျောင်းသားတွေ ရဲ့လှုပ်ရှားမှုကို စောင့်ကြည့်နေတဲ့အဆင့်လောက်ဘဲ လုပ်နေ၊ စုံစမ်းနေတယ်၊ ဒါပေမဲ့ အခုချိန်က သူတို့ဆုံးဖြတ်ရတော့မဲ့ အချိန် ရောက်နေပြီး၊ အနှေးနဲ့အမြန်တော့ သိရတော့မှာပါ"ဟု ပြောသည်။
မော်လမြိုင်တက္ကသိုလ် ကျောင်းသားတစ်ဦးက "နိုဝင်ဘာလ စာမေးပွဲဖြေပြီးတဲ့အချိန်က ကျောင်းသားတွေရဲ့လှုပ်ရှားမှုအခြေ အနေတွေကို စောင့်ကြည့်ပြီးမှ ဖွင့်ရက်ကို အကြောင်းကြားမယ်လို့ဘဲ ဆရာတွေက ပြောတယ်၊ ယခု အဆမ်ပလီ(နောက်ဆက် တွဲ)စာမေးပွဲလည်း ဖြေပြီးပြီ၊ ကျောင်းဖွင့်ရက်ကို မသိသေးဘူးလို့ ဆရာ၊ ဆရာမတွေက ပြောတယ်" ဟု ပြောသည်။
မော်လမြိုင်တက္ကသိုလ်တွင် အဝေးသင်တက္ကသိုလ်ကျောင်းသား တတိယအသုတ်ဖြစ်သော အီကို(စီးပွားရေး)ဘာသာရပ် ကျောင်းသားများနှင့်အခြားဝိဇ္ဇာတွဲအချို့ တက်ရောက်နေဆဲဖြစ်ပြီး ယခုလ ဇန်နဝါရီ တတိယအပတ်တွင် စာမေးပွဲဖြေဆိုကြ မည်ဖြစ်ကြောင်း အဆိုပါကျောင်းသားက ပြောသည်။
ရန်ကုန်မြို့ သုဝဏ္ဏရှိ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်လည်း ကျောင်းပြန်ဖွင့်ရက်ကို တရားဝင်ကြေငြာခြင်း မရှိသေးသော ကြောင့် နယ်မှ ကျောင်းလာတက်သူများ အခက်တွေ့နေကြောင်း သိရသည်။ ရန်ကုန်မြို့ခံ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် ကျောင်းသားတစ်ဦးက "နယ်က သူငယ်ချင်းတွေ ကျနော့်ကို နေ့တိုင်းလိုလို မေးနေကြတယ်၊ နောက်ဆက်တွဲစာမေးပွဲလည်း အခုကျနော့် တို့ဖြေပြီးပြီ၊ ဒီဇင်ဘာလ တတိယအပတ်က ဖြေတာ၊ ဒါပေမဲ့ ကျောင်းဖွင့်ရက်အတိအကျကိုတော့ မသိရသေးဘူး၊ ဟို ကောလဟလတွေဘဲ ဆရာတွေဆီက ကြားရတယ်"ဟု ပြောသည်။
စက်တင်ဘာလသံဃာတော်တို့၏ငြိမ်းချမ်းစွာ မေတ္တာပို့၊ လမ်းလျှောက်ဆုတောင်းပွဲတွင် တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသား များကိုပါ စစ်အစိုးရက ရက်ရက်စက်စက် ပစ်ခတ်နှိမ်နင်းခဲ့ပြီး ဆယ်ကျော်သက်အရွယ်အပါအဝင် တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားများကိုပါ ယခုအထိ ထိန်းသိမ်းထားဆဲဖြစ်သည်။
|