မြို့ပေါ်ဆေးခန်းတွင် သက်တမ်းလွန်ဆေးဝါးများ ရောင်းချနေ |
Kaowao / ဇန္နဝါရီ ၁၈ ၊ ၂၀၀၈
သက်တမ်းကျော်လွန်နေပြီးသောဆေးဝါးများကို မော်လမြိုင်မြို့ပေါ်ရှိ ပုဂ္ဂလိက ဆေးပေးခန်းတွင် လူနာများအား ရောင်းချ လျှက်ရှိကြောင်း မြို့ပေါ်ဆေးခန်းတစ်ခုသို့ လူနာသွားပြသူ၏အဆိုအရ သိရသည်။
မြို့ပေါ်ဆေးပေးခန်းတစ်ခုမှ ပေးလိုက်သောဆေးဝါးသည် (၂၀၀၄)ခုနှစ်ကတည်းက သက်တမ်းကုန်သောဆေးတချို့ပါ ပါရှိ ကြောင်း တွေ့ရသည်။ လူနာသွားပြသူ၏သတင်းပေးပို့ချက်အရ မော်လမြိုင်မြို့၊ စစ်ကဲကုန်းရပ်၊ အထက်လမ်းမကြီး၊ အမှတ် (၅၆) (အ့ထ့က -၆ အနီး)တွင် ဖွင့်လှစ်ထားသော "ဒေါက်တာလွမ်းသာ" အမည်ရှိ ဆေးကုခန်းမှ ပေးလိုက်သောဒိတ်အောက် ဆေးဝါးများဖြစ်ကြောင်း ဆိုသည်။
ထိုသက်တမ်းကုန်ဆေးဝါးများထဲတွင် LFD Manufacturing လီမီတက်မှ ထုတ်လုပ်သော "Air -XSF"စာတမ်းပါ စက်ဝိုင်းပုံ တံဆိပ် Simethicone 40 mg ဆေးဆိုလျှင် (၂၀၀၄)ခုနှစ်ကတည်းက သက်တမ်းကုန်နေသောဆေးဝါးများ ဖြစ်ကြောင်း သက်သေအထောက်အထားများနှင့်တကွ တွေ့ရသည်။
"အိမ်ရောက်လို့ ဆေးသောက်ချိန်ကျမှ ဒီဆေးဒိတ်အောက်နေမှန်းသိတာ၊ ပထမတုန်းက ဆေးခန်းကို သွားပြဖို့ ကြံသေး တယ်။ သွားပြောရင်လဲ ဆေးအသစ်တွေဘဲ လဲပေးပြီး ပြည်သူတွေအတွက် ကောင်းလာမှာမဟုတ်ဘူး။ ဒါ့ကြောင့် ဒီကို ပေး လာတာ"ဟု စစ်အစိုးရ၏အရေးယူမှုကို အယုံအကြည်မရှိသောထိုခေတ်ပညာတတ်လူငယ်က ရှင်းပြသည်။ တန်ဖိုး(၂)သောင်း ခွဲနီးပါး ကုန်ကျသောဆေးဝါးများကို အပြင်ဆိုင်များတွင် ဝယ်ယူရန် အဆိုပါဆေးပေးခန်းက ညွှန်ကြားခဲ့ပြီး ဆေးဝါး(၃)မျိုး အပါအဝင် ဆေးကုသစရိတ်(၁)သောင်းနီးပါး ကုန်ကျခဲ့ကြောင်း ထိုသူက ဆိုသည်။
ရန်ကုန်လို မြို့ကြီးများတွင်လည်း အလားတူသက်တမ်းကုန်လွန်နေသောဆေးဝါးများကို ရောင်းချခြင်းများ ရှိနေသေးကြောင်း၊ ဆေးဆိုင်တစ်ချို့မှ ဖော်စပ်ထားသော "ပေါင်းစပ်ဆေး" ခေါ် ခေတ်ပေါ်ဆေးဝါးများကို တိုင်းရင်းဆေးတစ်ချို့နှင့်ရောနှောထား သော တစ်ခွက်စာဆေးများလည်း နေရာအနှံ့အပြားတွင် ရောင်းချလျှက်ရှိကြောင်း ရန်ကုန်မြို့မှ ဆရာဝန်တစ်ဦးက ဆိုသည်။ ဆေးကုခန်းမှ ရောင်းချသောဆေးဝါးထက် ငွေကုန်ကြေးကျနည်းသော ဆေးဆိုင်တစ်ချို့နှင့်လမ်းဘေးကဒိတ်အောက်ဆေးဝါး များနှင့် ယင်းပေါင်းစပ်ဖော်စပ်ဆေးများကို မှီဝဲနေကြရကြောင်း ထိုဆရာဝန်က ဆိုသည်။
ကျန်းမာရေးဝန်ကြီးဌာနမှ ပေးဝေနေသော ကာကွယ်ဆေးများတွင် သက်တမ်းကုန်ဆုံးနေသောကာကွယ်ဆေးများလည်း မွန် ပြည်နယ် မြို့နယ်နှစ်နေရာတွင် လွန်ခဲ့သော(၂၀၀၇) လဆန်းပိုင်းတွင် တွေ့ဖူးကြောင်း မြို့နယ်ကျန်းမာရေးသတင်းရပ်ကွက်
မှ သိရသည်။
မော်လမြိုင်မြို့ တက္ကသိုလ်ဝန်းကျင်ရှိ ဆေးဆိုင်၊ ဆေးပေးခန်းများတွင်လည်း ထိုသက်တမ်းကုန်နေသောဆေးဝါးများကို မကြာ ခဏ တွေ့နေရကြောင်း နှင့် သက်တမ်းကုန်နေသောထိုးဆေး၊ စားဆေးများကြောင့် ကျောင်းသားတချို့ ဆေးရုံရောက်ရသည် အထိ အသက်အန္တရာယ်ကျရောက်ဖူးသောအကြောင်းများလည်း ကြားနေရကြောင်း မော်လမြိုင်မြို့မှ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတစ်ဦးက ဆိုသည်။
"ဒီမြို့(မော်လမြိုင်)ထဲက ဆေးခန်းတွေမှာက ဒီလိုကိစ္စတွေ သိပ်မကြားရဘူး၊ ဆေးဆိုင်တွေကနေ ဒိတ်အောက်တဲ့ဆေးတွေ ဝယ်မိတဲ့အကြောင်းလောက်ဘဲ ကြားတတ်တယ်၊ ဆေးခန်းကနေ မကြားသလောက်ဘဲ၊ အဲ့ တက္ကသိုလ်ဘက်ကဆေးဆိုင်တွေ၊ ဆေးခန်းတွေတော့ ခဏခဏကိုး ကြားတယ်၊ ဆေးထိုးပြီး ဆေးရုံရောက်ရတာတို့၊ ဒီဒိတ်အောက်ဆေးတွေကိစ္စပေါ့" ဟု ထို ဆေးဘက်ဆိုင်ရာဝန်ထမ်းက ပြောသည်။
ဆေးဆိုင်ဖွင့်ခွင့်လိုင်စင်ကို (၁၀)တန်းအောင်ပြီးသူများသာ လျှောက်ခွင့်ရှိကြောင်း စစ်အစိုးရက သတ်မှတ်ထားသော်လည်း ကျေးလက်ဒေသများနှင့် မြို့ပေါ်ပုဂ္ဂလိက ဆေးဆိုင်တစ်ချို့တွင် လိုင်စင်လျှောက်ထားသူနှင့် ဆေးရောင်းနေသူများမှာ တခြား စီဖြစ်နေကြကြောင်း၊ မြို့ပေါ်ကွမ်းယာဆိုင်များတွင်လည်း ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ ဝယ်ယူခွင့်၊ မှီဝဲခွင့်ရှိသောဆေးဝါး တစ်ချို့ကိုလည်း ရောင်းချနေကြကြောင်း မော်လမြိုင်မြို့ခံ ထိုဆေးဝန်ထမ်းက ဆက်ပြောသည်။
ဒေါက်တာ လွမ်းသာ ဆေးကုခန်းမှ bookings စာအုပ်နှင့် သက်တမ်းကုန်နေသောဆေးဝါးတစ်ချို့

|