အိမ်တိုင်း လျှပ်စစ်မီးယူရန် တွန်းအားပေးခံနေရ |
သမွတ်ချမ်း / ဇန္နဝါရီ ၃၀၊ ၂၀၀၈
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ပငကျေးရွာတွင် ပုဂ္ဂလိကကုမ္ပဏီတို့၏လျှပ်စစ်မီးများကို မယူမနေရ ဖိအားပေးခံရပြီး အိမ်တိုင်းလိုလို ယူထားရကြောင်း ပငရွာမှလာသော သတင်းအရ သိရှိရပါသည်။
လျှပ်စစ်မီးမယူသည့်အိမ်များကို အိမ်ရှေ့ဓါတ်မီးတိုင်များကို မဖြစ်မနေ ယူထားရပြီး ထိုဓါတ်မီးတိုင်၏တန်ဖိုးသည်လည်း (၅)သိန်းအထိ မဆမတန် ပေးဆောင်ရပြီး မီတာပုံးတန်ဖိုးနှင့် အနည်းငယ်သာ ကွာကြောင်း သိရသည်။
“ကျွန်တော်တို့ မီတာပုံးကို မလိုချင်ပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ မီးက ပုံမှန်မလာဘူးလေ၊ နောက်ပြီး မီတာပုံးတစ်လုံးစာကို ၆သိန်းပေးဆောင်ရမှာဖြစ်ပါတယ်၊ ဒါပေမဲ့ တကယ်လို့ ကျွန်တော်တို့ဒီမီတာပုံးတစ်ခုလုံးကိုမယူရင် သူတို့က လျှပ်စစ်မီးတိုင် ကို အိမ်ရှေ့မှာသွယ်ပေးပြီး အတင်းယူခိုင်းတယ်၊ အဲဒီတိုင်အတွက်တော့ ၅သိန်းပေးရပြီး ပုံးအတွက်တော့ (၆)သောင်းလောက် တော့ ပေးဆောင်ရတယ်ဆိုတော့ ကျွန်တော်တို့မတတ် နိုင်ဘူးလေ၊ နောက်ပြီး ကိုယ့်ရဲ့အိမ်ရှေ့မှာ မီးတိုင်ကို လာတပ်ထား တယ်ဆိုတော့ မယူရင်လည်း မရပြန်ဘူး”ဟု အတင်းယူဆောင်ခံရသူ ပငရွာသားတစ်ဦးက ပြောကြားသည်။
ပငကျေးရွာကဲ့သို့ ဂျိုင်းမြစ်တခွင်တွင် ရှိသောရွာများဖြစ်သော ကျုံဖဲ၊ ခရား၊ သံလှယ်ရွာ ဘက်တွင်လည်း လျှပ်စစ်မီးရရှိရန် အတွက် တစ်အိမ်ကို ငွေ ၇သိန်းပေးဆောင်ရပါသည်၊
အချို့ကျေးရွာတွင် လျှပ်စစ်မီးရရှိရန်အတွက် မီတာပုံးဖိုး သိန်းချီ ပေးဆောင်ထားတာကြာ မြင့်ပြီးဖြစ်သော်လည်း အခုအချိန်
ထိ လျှပ်စစ်မီးမရရှိသေး၍ ရွာသားတွေက မိမိတို့ငွေတွေ အလိမ်ခံရမှာကို စိုးရိမ်နေကြပါသည်။
လျှပ်စစ်မီးများလုပ်ငန်းကို ပုဂ္ဂလိကကုမ္မဏီမှဦးဆောင်ပြီး မွန်ပြည်နယ်ကနေ ဂျိုင်းမြစ်တစ်ဝှမ်းရှိ ရွာများအထိ ပေးဆောင်နေ ပါသည်။
|