အဝေးသင်တက္ကသိုလ်မေးခွန်းတချို့ ပေါက်ကြား |
Kaowao / ဇန္နဝါရီ ၂၅ ၊ ၂၀၀၈
မော်လမြိုင်တက္ကသိုလ်တွင် လွန်ခဲ့သောအပတ်က ကျင်းပပြီးစီးသွားသည့် တတိယအသုတ် အဝေးသင်တက္ကသိုလ်စာမေးပွဲ မေးခွန်းတချို့(၄)ရက်တိုင်တိုင်ပေါက်ကြားခဲ့ပြီး ကျောင်းသားထုအတွင်း ထိုသတင်းပျံ့နှံ့သွားကြောင်း အဝေးသင်တက္ကသိုလ် ကျောင်းသားများ၏အဆိုအရ သိရသည်။
ယခုလ(၁၈)ရက်နေ့တွင် ပြီးဆုံးသွားသော ထိုအဝေးသင်တက္ကသိုလ်စာမေးပွဲတွင် မေးခွန်းတချို့ (၄)ရက်စာ (သို့) (၄)ဘာ သာအထိ ပေါက်ကြားခဲ့ပြီး ဝိဇ္ဇာတွဲ စီးပွားရေးဘာသာရပ်(အီကိုနိုမစ်)မှ အများဆုံးဖြစ်ကြောင်း မေးခွန်းရခဲ့သူ အီကိုကျောင်း သားတစ်ဦးက ဆိုသည်။
၎င်းက "သူငယ်ချင်းဆီကနေ တစ်ဘာသာကို တစ်သောင်းနဲ့ကျနော်ရခဲ့တယ်၊ (၄)ရက်ဆက်တိုက် တစ်ရက်ကြိုနဲ့ရခဲ့တာ၊ အရာရှိသားသမီးဆီက ပေါက်တာလို့တော့ကြားတယ်၊ တချို့ပြောတာက ရန်ကုန်က ဆင်းလာတဲ့ပါမောက္ခဆီကဆင့် လို့လဲ ကြားတယ်၊ ဒါပေမဲ့ သေချာတာကတော့ ကျနော်ကိုယ်တိုင် (၄)ရက်စာအတွက် အတိအကျကို ရခဲ့တာဘဲ" ဟု ပြောသည်။
မော်လမြိုင်တက္ကသိုလ်ဆရာတစ်ဦးမှ အတည်ပြုချက်ရခဲ့သည်မှာ တချို့ဘာသာရပ်အနည်းအကျဉ်းသာ ပေါက်ကြားခဲ့ကြောင်း၊ ထိုကိစ္စကို ကျောင်းသားဆီက ကြားခဲ့ရကြောင်းနှင့် အချင်းချင်းကုန်းတိုက်ချင်၍ ရာထူးအကြီးဆုံးဆီ အပြစ်ပုံချနေကြကြောင်း သာ ပြောကြားခဲ့သည်။
ကျူရှင်သင်ပြနေသောဆရာ၊ ဆရာမများအား ယခုအပတ်တွင် ထပ်မံပြီး သတိပေးထားသော်လည်း ကျောင်းသားများ၏လို အပ်ချက်ကြောင့်နှင့် စားဝတ်နေရေး ဖူလုံရေးအတွက် ကျူရှင်များကို တိတ်တဆိတ် ပေးနေကြရကြောင်း ထိုဆရာက ဆက် ပြောသည်။
ပညာရေးဝန်ထမ်းဆရာ၊ ဆရာမများ၏ ယခုလက်ရှိ အစိုးရဝင်ငွေလစာမှာ (၃)သောင်းကျပ်သာ ဖြစ်ပြီး စစ်ဗိုလ်များ၏လစာ ထက် (၃)ဆကျော်ထက် နည်းပါးသည်။ အဝေးသင်တက္ကသိုလ်ကျောင်းသားများ၏ကျူရှင်ခ တစ်ဘာသာအတွက် (၅)ထောင် နှင့်အထက် ပေးကြရကြောင်း ကျောင်းသားများမှ သိရသည်။
(၁၉၇၀)ခုနှစ်ကတည်းက ခေတ်စားလာသော ထိုကျူရှင်သင်ကြားရေးကို (၂၀၀၆)မေလ တတိယအပတ်တွင် မြန်မာနိုင်ငံ ပညာရေးဝန်ကြီးက ဆရာ၊ ဆရာများအား ကျူရှင်မပေးရ ဟု အမိန့်ထုတ်တားမြစ်ခဲ့သော်လည်း ဆရာ၊ ဆရာမများက ကုန် ဈေးနှုန်း မြင့်တက်နေမှုနှင့် ဝင်ငွေနည်းပါးမှုကို ဖြေရှင်းရန်အတွက် မူလတန်းမှ တက္ကသိုလ်အဆင့်အထိ ကျူရှင်များကို တိတ်တဆိတ် ဖွင့်ထားကြရသည်မှာ ယနေ့ပင် ဖြစ်သည်။
နိုင်ငံအနှံ့(၄)နေရာတွင် ဗုံးပေါက်ကွဲခဲ့ပြီးနောက် မော်လမြိုင်တက္ကသိုလ်တွင်လည်း လုံခြုံရေးအတွက် အကြောင်းပြကာ ကျောင်းမုဒ်ဝနှစ်ဖက်တွင် စစ်ဆေးကန့်သတ်မှုများ ရှိကြောင်း ကျောင်းသားတစ်ဦးက ဆိုသည်။ "ကျောင်းဝနှစ်ဖက်မှာ ကျောင်းလုံခြုံရေးနဲ့ ဆရာ၊ ဆရာမတချို့ နေ့တိုင်း စောင့်ခိုင်းတယ်၊ ပျဉ်းမနားမှာ ဗုံးကွဲပြီးနောက်ပေါ့၊ ကျောင်းသားကဒ် ပါရဲ့သားနဲ့ လူမြင်အောင် ချိတ်ပြထားဖို့ဆိုပြီးတော့ ကလစ်ကြိုးတစ်ကွင်းကို (၅၀၀)ကျပ်နဲ့လည်း ကျောင်းဝမှာ ရောင်း နေတယ်၊ မဝယ်မနေရပေါ့၊ အားလုံး လည်ပင်းမှာ ဆွဲခိုင်းတယ်"ဟု စာမေးပွဲဖြေပြီး နယ်ပြန်ရောက်လာသူ အဝေးသင်ကျောင်း သားတစ်ဦးက ပြောသည်။
|