မူလစာမျက်နှာ
 သတင်း
 ဆောင်းပါး
 ကဗျာ
 အင်တာဗျူး
 အယ်ဒီတာ့
 ဓါတ်ပုံ
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
--> Kaowao burmese version


မွန်ပြည်နယ်၊ ခေါဇာမြို့တွင် ဗုံးကွဲသည့်ကိစ္စ အာဏာပိုင်တို့နုတ်ပိတ်နေ

Kaowao / ဖေဖော်ဝါရီ ၇၊ ၂၀၀၈


မွန်ပြည်နယ်တောင်ပိုင်း ခေါဇာမြို့ပေါ်တွင် လွန်ခဲ့သောလက ဗုံးတစ်လုံးပေါက်ကွဲသွားသည့်သတင်းကို နအဖအာဏာပိုင်များ က ယခု ရက်သတ္တပတ်(၂)ပတ်ကြာသည့်အထိ ရေလုံနုတ်ပိတ်ထားဆဲ ဖြစ်ကြောင်း သိရသည်။

မြို့မဈေးအနား ညအချိန်တွင် ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး အလယ်တန်းကျောင်းသားတစ်ဦးနှင့် ရွာသားတစ်ဦး ဒဏ်ရာပြင်းထန်စွာ ရသွားကြောင်း ခေါဇာရွာသားများက ပြောသည်။ မွန်ပြည်သစ်ပါတီမှ ထိပ်တန်းခေါင်း ဆောင်တစ်ချို့ နယ်လှည့်စည်းရုံးရေး ဆင်းပြီး ပြန်သွားသည့်အချိန်တွင် ဗုံးပေါက်ကွဲခြင်းဖြစ်သည်။

မွန်ပြည်သစ်ပါတီက ရွာသားများနှင့်တွေ့ဆုံဆွေးနွေးရေးပြုလုပ်ခဲ့သည့်နေအိမ်နှင့် မလှမ်းမကမ်းရှိ မြို့ဈေးကြီးအနီးတွင် ပေါက်ကွဲခြင်းဖြစ်ပြီး မြို့နယ်အာဏာပိုင်များက ထိုဗုံးကွဲသွားသည့်ကိစ္စကို ရေလုံနုတ်ပိတ်ထားကြောင်း သိရသည်။

မွန်ပြည်သစ်ပါတီမှ ဒု-ဥက္ကဋ္ဌ နိုင်ရတ်စ ဦးဆောင်ပြီး ရေးမြို့တောင်ပိုင်း မြို့ရွာများသို့ နယ်လှည့်စည်းရုံးရေးဆင်းပြီးနောက် ထိုဗုံးပေါက်ကွဲခဲ့သည်။

နေပြည်တော် ပျဉ်းမနားနှင့် ရန်ကုန်မြို့အပါအဝင် မြန်မာနိုင်ငံအနှံ့ ဗုံးပေါက်ကွဲပြီး နောက်အပတ် ဂျာန္နာဝါရီလ တတိယ အပတ်တွင် ယင်းဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

"မြို့ပေါ်ဈေးကြီးအနားက ညောင်ပင်တစ်ပင်ရှိတဲ့နေအိမ်မှာ ပေါက်တာ၊ ညအချိန်လူသွားလာရှင်းချိန်မှာ ပေါက်တာ၊ မွန်ပြည် သစ်ပါတီက လူကြီးတွေ စည်းရုံးရေးဆင်းပြီး နေသွားတဲ့နေရာအနားမှာပေါ့"ဟု ခေါဇာမြို့ပေါ် ရပ်မိရပ်ဖတစ်ဦးက ပြောသည်။

ယင်းဗုံးသည် မည်သူ့လက်ချက်ဖြစ်သည်ကို မည်သည့်အဖွဲ့မှ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။ မြို့နယ်အာဏာပိုင်များ နှင့် မွန်ပြည်သစ်ပါတီကလည်း ထိုကိစ္စကို လူသိရှင်ကြား ထုတ်ဖော်ခြင်းမရှိချေ။ ထိုဗုံးသည် နအဖအစိုးရ၏လက်ချက် ဖြစ်နိုင် ကြောင်းနှင့် ထိုဒေသတွင် လှုပ်ရှားနေသော မွန်လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှလည်း ဖြစ်နိုင်ကြောင်း ရွာသားများက ခန့်မှန်း ပြောဆိုနေကြသည်။ ဗုံးအစအနများကို ကြည့်ခြင်းအားဖြင့် (M-79)အမ်(၇၉)အမျိုးအစားဖြစ်သည်ဟု အာဏာပိုင်များနှင့်နီး စပ်သူတစ်ဦးက ဆိုသည်။

"ဘယ်သူ့လက်ချက်လဲဆိုတာ မသိသေးဘူး။ သူတို့(မြို့နယ်အာဏာပိုင်)တွေကလည်း ဒီကိစ္စကို အထက်ကမသိအောင် ပိတ် ထားတယ်၊ ပေါက်သွားတဲ့အမ်(၇၉)ဗုံး အမျိုးအစားကို သုံးနေတာလည်း နှစ်ဖက်စလုံးဘဲ၊ နအဖကလည်း သုံးနေတယ်၊ ဒီဖက် က လှုပ်ရှားနေတဲ့အဖွဲ့တွေလည်း ဒီဗုံးအမျိုးအစားကို သုံးနေတယ်ဆိုတော့ ဘယ်သူ့လက်ချက်လဲဆိုတာ သိဖို့မလွယ်ဘူး"ဟု မြို့နယ်အာဏာပိုင်များနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

ဒဏ်ရာရသူ ကျောင်းသားသည် ခေါဇာမြို့ပေါ် မွန်ပညာရေးကျောင်းမှ အလယ်တန်းကျောင်းသားတစ်ဦးဟု သိရသည်။

မွန်ပြည်နယ်တောင်ပိုင်းမြို့ ခေါဇာမြို့တွင် ဗုံးပေါက်ကွဲသည့်ရက်သတ္တပတ်အတွင်း ရေးမြို့တစ်ဖက်ကမ်း ချောင်းတောင်ရွာ တွင်လည်း ဗုံးတစ်လုံး ပေါက်ကွဲခဲ့သော်လည်း ဒဏ်ရာရသူ မရှိကြောင်း ရေးမြို့မှလာသောသတင်းအရ သိရသည်။


 

:: Home | To Top ::

Copyright © 2004-2005, Kao Wao News Group. All rights reserved. Suggestions or comments to the Editor. Code by Webmaster.