မူလစာမျက်နှာ
 သတင်း
 ဆောင်းပါး
 ကဗျာ
 အင်တာဗျူး
 အယ်ဒီတာ့
 ဓါတ်ပုံ
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
Kaowao burmese version


ကမ္ဘာတစ်လွှားမှ (၆၁)ကြိမ်မြောက် မွန်အမျိုးသားနေ့ လှုပ်ရှားမှုများ

Kaowao / ဖေဖော်ဝါရီ ၂၆၊ ၂၀၀၈


ဟံသာဝတီ နေပြည်တော်တည်ထောင်သည့်နေ့ကို အစွဲပြု၍ (၆၁)ကြိမ်မြောက် မွန်အမျိုးသားနေ့ကို မွန်လူမျိုးတို့က မိမိ တို့ရောက်ရှိနေသောကမ္ဘာတစ်ဝှမ်း တိုင်းပြည်များတွင် အခက်အခဲပေါင်းစုံကြားက အထိမ်းအမှတ်အခမ်းအနားများကို ယခုလ(၂၃)ရက်နေ့တွင် နောက်ဆုံးနေ့ရက်အဖြစ် အသီးသီးကျင်းပပြီးစီးခဲ့ကြသည်။

ဖေဖော်ဝါရီလ(၂၂)ရက်နေ့တွင် ကျရောက်သော (၆၁)ကြိမ်မြောက် မွန်အမျိုးသားနေ့အထိမ်းအမှတ် အခမ်းအနားကို အလုပ် ကြမ်းသမားဘဝဖြင့် အာရှတိုက်တွင်း တိုင်းပြည်တစ်ချို့သို့ခတ္တ ရောက်ရှိနေသော မွန်လူမျိုးများလည်း ယခုနှစ်တွင် ကျင်းပ လာကြပြီး မွန်တိုင်းရင်းသားခေါင်းဆောင်တို့ကလည်း တက်ရောက်အားပေးချီးမြှင်းခဲ့ကြသည်။ ဂျပန်နိုင်ငံနှင့် ကိုရီးယားနိုင်ငံ သို့ ရောက်နေသောမွန်အလုပ်သမားများကလည်း အခမ်းအနားကျင်းပလာနိုင်ကြသည်။ မလေးရှားနိုင်ငံရောက် မွန်အလုပ် သမားများက အာဏာပိုင်တို့၏ဖမ်းဆီးမှုကြားမှ မွန်အမျိုးသားနေ့အခမ်းအနားသို့ တက်ရောက်လာကြပြီး မလေးရှားနိုင်ငံ၏ မြို့တော် ကွာလာလာမ်ပူမြို့တစ်နေရာတွင် ကျင်းပသောအခမ်းအနားတွင် တက်ရောက်သူပေါင်း(၂)ထောင်ကျော် ရှိခဲ့ကြောင်း သိရသည်။


မြန်မာနိုင်ငံတွင်း မွန်ပြည်နယ် မြို့နယ်များနှင့် ပဲခူး၊ ရန်ကုန်မြို့ရှိ ဘုန်းကြီးများတွင် မွန်အမျိုးသားနေ့အခမ်းအနားများ
ကျင်း ပခဲ့ကြပြီး ယခုနှစ်တွင် ဗဟိုကျင်းပရာမြို့အဖြစ် မုဒုံမြို့တွင် စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြကြောင်း ကျင်းပရေးကော် မတီ(ဗဟို) အလုပ်မှုဆောင်တစ်ဦးက ပြောသည်။


၎င်းက “မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နိုင်ထွန်းသိန်း၊ နိုင်ငွေသိန်းတို့၊ ဒေါက်တာမင်းစိုးလင်းတို့အားလုံး ဒီနှစ်မှာ အဓိကအခန်းက အားပေးခဲ့ကြတယ်”ဟု ပြောကြားသည်။ မုဒုံမြို့တွင် ကျင်းပခဲ့သောမွန်အမျိုးသားနေ့တွင် မွန်တေးဂီတ ဖျော်ဖြေပွဲများနှင့်ရိုးရာအကမျိုးစုံကိုလည်း တင်ဆက်ခဲ့ကြောင်း သိရသည်။


မြန်မာနိုင်ငံတွင်း၌ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရန်ကုန်မြို့နှင့် မွန်ဘုန်းကြီးကျောင်းစာသင်တိုက်များတည်ရှိရာ အခြားမြို့ များတွင်လည်း သံဃာတော်များမှ ဦးဆောင်၍ (၆၁)ကြိမ်မြောက် မွန်အမျိုးသားနေ့အထိမ်းအမှတ်ကို ဖေဖော်ဝါရီလ(၂၂) ရက်နေ့ မနက်ပိုင်းတွင် တိတ်တဆိတ် ကျင်းပခဲ့ကြကြောင်းနှင့် ထိုနေ့ညနေပိုင်းတွင် တန်ခိုးကြီးဘုရားများတွင် ဝတ်ပြုဆု တောင်းပွဲများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ရန်ကုန်မြို့ပေါ် သံဃာတစ်ဦး၏အဆိုအရ မွန်ဘုန်းကြီးကျောင်း(၅)ကျောင်းတွင် တက္ကသိုလ်ကျောင်းသားများနှင့်သံဃာ တော်တို့က အခမ်းအနားများ ကျင်းပခဲ့ကြပြီး ညနေပိုင်းတွင် ရွှေတိဂုံဘုရားပေါ်သို့ လာရောက်စုဝေးကာ ဆုတောင်းပွဲများ ပြုလုပ်ခဲ့ကြသည်။ ဆက်လက်၍ ထိုသံဃာတော်က “သွေးလှုဖို့ ကြံထားကြတာရှိတယ်။ လူစုခွင့်မရှိတာကတစ်ကြောင်း၊ ဆေးရုံခွင့်ပြုမိန့်မရတာကတစ်ကြောင်းနဲ့ အဲဒီအစီအစဉ်ကို ဖျက်လိုက်တယ်၊ ညနေပိုင်းမှာတော့ ရွှေတိဂုံဘုရားပေါ်မှာ အားလုံးစုကြပြီး မေတ္တာပို့သပွဲ၊ ဆုတောင်းပွဲတွေ လုပ်ဖြစ်တယ်၊ နေ့လည်ပိုင်းက ပုလဲမြို့ကမွန်တွေ ရွှေတိဂုံဘုရားမှာ ဆုတောင်းပွဲ လုပ်ခဲ့ကြတယ်” ဟု ရန်ကုန်မြို့ပေါ် မွန်အမျိုးသားနေ့နှင့်ပတ်သက်သောလှုပ်ရှားမှုအကြောင်းကို ပြောပြခဲ့
သည်။ လွန်ခဲ့သောနှစ်များတွင် မွန်အမျိုးသားနေ့အထိမ်းအမှတ် သွေးလှုဒါန်းပွဲများကို တက္ကသိုလ်ကျောင်းသားများကို ဦးစီး
၍ သွေးလှုသူ အယောက်(၁၀၀)ကျော်တို့ဖြင့် ရန်ကုန်ဆေးရုံကြီး၊ သွေးလှုဘဏ်တွင် အခမ်းအနားများနှင့်တကွ ကျင်းပ ခဲ့ကြသော်လည်း ယခုနှစ်တွင် ကျင်းပနိုင်ခြင်းမရှိခဲ့ကြောင်း ကျောင်းသားတစ်ဦးက ဆိုသည်။  


မွန်ပြည်သစ်ပါတီမှ ကြီးမှုးကျင်းပသော (၆၁)ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားကို မော်လမြိုင်ခရိုင်၊ သထုံခရိုင်၊ ထားဝယ်ခရိုင်နှင့် ယမန်နှစ်အတွက် ဗဟိုကျင်းပရာအရပ်အဖြစ် ယမန်နှစ်အမျိုးသားနေ့ပွဲခင်းတွင် ဗုံးပေါက်ကွဲခဲ့သော ဘုရားသုံးဆူမြို့ အနီး ဂျပန်ရေတွင်းကျေးရွာတွင် ကျင်းပခဲ့ရာ ထိုင်းနိုင်ငံတွင်း မွန်ခေါင်းဆောင်များ၊ နယ်စပ်အခြေစိုက် မွန်အဖွဲ့အစည်းများနှင့် ဘုရားသုံးဆူမြို့ ဗဟိုဝန်းကျင်ဒေသ ကျေးရွာ(၁၀)ရွာကျော်မှ အင်အား(၂)ထောင်ကျော် တက် ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် မွန်ပြည်သစ်ပါတီ တွဲဖက်အထွေထွေအတွင်းရေးမှုး နိုင်ချမ်းသော့၊ စစ်ဘက်ဆိုင်ရာ အရာရှိ ဗိုလ်မှုးကြီး ကောရော့တို့အပါအဝင် နယ်မြေခံအရာရှိအရာခံများ တက်ရောက်ကြပြီး အင်အား(၁၅၀)ပါ စစ်ရေးပြ အခမ်းအနားများဖြင့် ကျင်းပခဲ့ကြသည်။


ထိုင်းနိုင်ငံ မဲဆောက်မြို့ ဘုန်းကြီးကျောင်း၌ ဖေဖော်ဝါရီ(၂၂)ရက်နေ့တွင် ကျင်းပခဲ့သောမွန်အမျိုးသားနေ့အခမ်းအနားကို နိုင်မွန်ကြီး၊ နိုင်သောင်းရှိန်တို့နှင့်အတူ ဘဝတူတိုင်းရင်းသားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့်မွန်လူမျိုး(၅၀၀)ကျော် တက်ရောက်ခဲ့ကြကြောင်း ကျင်းပရေးကော်မတီဝင်တစ်ဦးဖြစ်သူ နိုင်အဂ္ဂက ပြောကြားသည်။ ထိုနေ့မနက်ပိုင်း၌ မဲဆောက်မြို့ပေါ်တွင် ဗုံးပေါက်ကွဲမှုတစ်ရပ်ဖြစ်ပွားခဲ့သောကြောင့် အရင်နှစ်များနှင့်စာလျှင် အခမ်းအနားတက်ရောက်သူ နည်းပါးသွားကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။


ထိုင်းအာဏာပိုင်များက ရွေ့ပြောင်းအလုပ်သမားများ၏ပွဲလမ်းသဘင်ကျင်းပခွင့်ကို တားမြစ်ပိတ်ပင်ထားသည့်ကြားက ထိုင်း နိုင်ငံအနှံ့ အလုပ်လုပ်နေကြသောမွန်လူမျိုးများက ဖေဖော်ဝါရီ(၂၂)ရက်နေ့တွင် မွန်အမျိုးသားနေ့အထိမ်းအမှတ်အဖြစ် အခမ်းအနားများကို ဘုန်းကြီးကျောင်းများနှင့် မိမိတို့အလုပ်လုပ်ရာ အလုပ်ရုံများတွင် တိတ်တဆိတ် ကျင်းပခဲ့ကြသည်။
ယခုလ (၂-၃)ရက်နေ့က ဘန်ရိုင်းဘုန်းကြီးကျောင်းတွင် ထိုင်းမွန်အဖွဲ့အစည်းများမှ ဦးဆောင်ကျင်းပခဲ့သောမွန်အမျိုးသား နေ့အခမ်းအနားကို ထိုင်းအာဏာပိုင်တို့၏ပိတ်ပင်စစ်ဆေး၊ ခြိမ်ခြောက်မှုကြောင့် တက်ရောက်ခွင့်မရလိုက်ကြသော မွန် ရွှေ့ပြောင်းအလုပ်သမားတို့က စမုတ်စခွန်ခရိုင်အနှံ့ရှိ မိမိပတ်ဝန်းကျင်အလုပ်ရုံများတွင် စုပေါင်း၍ အခမ်းအနားများကို ကျင်းပခဲ့ကြကြောင်း အလုပ်သမားများ၏အဆိုအရ သိရသည်။ အခမ်းအနားများတွင် အလံတော်အလေးပြုခြင်း၊ ဟောပြော ပွဲများနှင့် ကုသိုလ်ကောင်းမှုများလည်း ပြလုပ်ခဲ့ကြပြီး ကမ္ဘာတစ်ဝှမ်းမှ မွန်အဖွဲ့အစည်းများ၏အမျိုးသားနေ့အတွက် ထုတ်ပြန်ကြေငြာချက်များကို ဖတ်ကြားခြင်း၊ နီးစပ်ရာမွန်အသိုင်းအဝိုင်းများသို့ ဖြန့်ဖြူးဝေငှခြင်းများ ပြုလုပ်ခဲ့ကြသည်။


မွန်အလုပ်သမားများက အလားတူ အခမ်းအနားများကို ဖန်င၊ ရနောင်း၊ ဟတ်ယာနှင့် ဒုက္ခသည်စခန်း(၂)နေရာတွင် အထိမ်း အမှတ်ပွဲများ ကျင်းပခဲ့ကြသည်။ ထိုင်းနိုင်ငံတောင်ပိုင်း ဟတ်ယာဘက်ခြမ်းတွင် နိုင်ပန်းညွန့် ဦးဆောင်သည့် မွန်ပြည်ပြန် လည်ထူထောင်ရေးပါတီက ကြီးမှုးသော (၆၁)ကြိမ်မြောက် မွန်အမျိုးသားနေ့အထိမ်းအမှတ်တွင် ထိုပါတီခေါင်းဆောင် တချို့နှင့် မွန်ရွေ့ပြောင်းအလုပ်သမား(၂၀၀)ကျော်တို့ တက်ရောက်ခဲ့ကြကြောင်း ထိုအဖွဲ့မှ ခေါင်းဆောင်တစ်ဦးဖြစ်သူ နိုင် လဂုန်အိန်(လဂွန်းအိန်)က ပြောကြားသည်။


မွန်ဒုက္ခသည်ကူညီရေးအဖွဲ့မှ ဦးစီးကျင်းပခဲ့သော မလေးရှားနိုင်ငံ၏မြို့တော် ကွာလာလာမ်ပူမြို့နှင့်ပီနန်မြို့က မွန်အမျိုး သားနေ့အခမ်းအနားကို မွန်အလုပ်သမားများက အဖမ်းအဆီးများကြားမှ တက်ရောက်ခဲ့ကြသည်။ ကွာလာလာမ်ပူမြို့ အခမ်းအနားသို့ မွန်ပညာရှင်တစ်ဦးဖြစ်သူ နိုင်ထွန်းဝေ၊ မြန်မာအရေးကူညီဆောင်ရွက်နေသောနိုင်ငံခြားသားတစ်ချို့၊ တိုင်းရင်းသားကိုယ်စားလှယ်များနှင့် မွန်အလုပ်သမား အင်အား(၂၀၀၀)ကျော် တက်ရောက်အားပေးခဲ့ကြပြီး ပီနန်မြို့ မွန်အမျိုးသာနေ့ အခမ်းအနားသို့လည်း မြန်မာနိုင်ငံသား(၈၀၀)ကျော် လာရောက်အားပေးခဲ့ကြကြောင်း မွန်ဒုက္ခသည် ကူညီရေးအဖွဲ့မှ သိရသည်။


သိရိလင်္ကာနိုင်ငံရောက် မွန်စာသင်သားသံဃာတော်တို့က ဖေဖော်ဝါရီ(၂၁)ရက်နေ့ညခင်းပိုင်းတွင် မွန်သံဃာတော်(၂၅) ပါးတို့က ကောလမ္ဗမြို့၊ မကုဋာရာမ ဝိနယလင်္ကာကျောင်းတိုက်တွင် မွန်အမျိုးသားနေ့ ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့ကြပြီး (၆၁)ကြိမ်မြောက် မွန်အမျိုးသားနေ့ ကော်မတီ ဥက္ကဋ္ဌ အရှင်သူရိယက သြဝါဒကထာ မြိက်ကြားတော်မူပြီး မွန်အမျိုးသား နေ့နှင့်သက်ဆိုင်သောအကြောင်းအရာများကို တစ်ပါးစီ အမိန့်ရှိတော်မူကြပြီး ည(၉)နာရီတွင် ဖွင့်ပွဲအခမ်းအနား ပြီးဆုံး သွားကြောင်း ဖြစ်မြောက်ရေးကော်မတီဝင် သံဃာတော်တစ်ပါးက မြိက်ကြားသည်။

သိရိလင်္ကာနိုင်ငံသို့ ရောက်ရှိနေသော ပီနန်ဆရာတော် ဦးပညာဝံသလည်း ဖေဖော်ဝါရီ(၂၂)ရက်နေ့ မွန်အမျိုးသားနေ့ အထိမ်းအမှတ် ဆွမ်းကျွေးပွဲသို့ ညီညွတ်ရေးနှင့်ပတ်သက်သော သြဝါဒကထာ တက်ရောက်ချီးမြှင့်ပေးခဲ့ပြီး ကုသိုလ်ဖြစ် အခမ်းအနားတွင် သိရိလင်္ကာ နိုင်ငံရောက် မြန်မာသံဃာတော် အပါး(၁၄၀)ကျော်တို့အား ဆွမ်းတစ်နပ်စာ ဒါနပြူခဲ့ကြောင်း သိရသည်။


 ဂျပန်နိုင်ငံတွင် ကျင်းပခဲ့သော(၆၁)ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားကို မွန်ပြည်သစ်ပါတီ အထွေထွေအတွင်း ရေးမှူး နိုင်ဟံသာ တက်ရောက်အားပေးခဲ့ပြီး ဂျပန်နိုင်ငံရောက်မွန်လူမျိုး(၃၀)ကျော်တို့က သံဃာတော်အား ဆွမ်းကျွေး အမျှဝေ ကုသိုလ်ပြုပွဲနှင့် မိန့်ခွန်းဖတ်ကြားခြင်းများ၊ ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ကြသည်။ ယခုလ(၇)ရက်နေ့က ကျင်းပခဲ့ သောပထမဆုံးအကြိမ် မွန်အမျိုးသားနေ့အခမ်းအနားသို့လည်း နိုင်ဟံသာ တက်ရောက်ခဲ့ပြီး ယင်းအခမ်းအနားသို့ ကိုရီး ယားနိုင်ငံရောက် မြန်မာအရေးလှုပ်ရှားတက်ကြွသူများနှင့် မွန်လူမျိုး (၁၀၀)ကျော် တက်ရောက်ခဲ့ကြသည်။


(၁၀)နှစ်ဆက်တိုက် ကျင်းပခဲ့ပြီးသော ကနေဒါနိုင်ငံ၊ ကယ်ဂါရီမြို့က မွန်အမျိုးသားနေ့ အခမ်းအနားသို့ မြန်မာအရေးကူညီ နေသူ အနောက်တိုင်းပညာရှင်များ၊ ဘဝတူတိုင်းရင်းသားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်တော်များနှင့် ကနေဒါနိုင်ငံရောက် မွန်လူမျိုးအား စားသောက်ဖွယ်ရာများနှင့်အတူ မွန်ရိုးရာအကနှင့် တေးဂီတများဖြင့် ဖျော်ဖြေခဲ့ကြကြောင်း သိရသည်။


အမေရိကန်နိုင်ငံက မွန်အမျိုးသားနေ့အထိမ်းအမှတ်ပွဲများ ကျင်းပခဲ့ကြပြီး မွန်ပြည်ပြန်လည်ထူထောင်ရေးကောင်စီ(အမေရိ ကန်) မှ ထုတ်ပြန်ကြေငြာချက်များနှင့် မွန်ရိုးရာအကမျိုးစုံတို့ဖြင့် တစ်လှည့်စီ တင်ဆက်ခဲ့ကြပြီး မွန်ဘာသာသင်ကြာရေး နွေရာသီသင်တန်းမှ ဆုရကျောင်းသူကျောင်းသားများအား ဆုချီးမြှင့်ခဲ့ကြသည်။


သြစတြေလီယားနိုင်ငံက မွန်အမျိုးသားနေ့အခမ်းအနားသို့ သြစတြေလီယားနိုင်ငံ ပါလီမန်အမတ်အပါအဝင် နိုင်ငံတကာ ပညာရှင်များနှင့် မွန်လူမျိုး (၃၀၀)နီးပါး တက်ရောက်ခဲ့ကြပြီး မွန်ရိုးရာတေးဂီတဖျော်ဖြေပွဲများနှင့် စည်းကားစွာ ကျင်းပပြီးစီး ခဲ့ကြောင်း  ဖြစ်မြောက်ရေးကော်မတီဝင်တစ်ဦးက ပြောသည်။


နယူးဇီလန်နိုင်ငံတွင် ကျင်းပခဲ့သောမွန်အမျိုးသားနေ့အခမ်းအနားသို့ လူအင်အား(၃၀၀)ခန့် တက်ရောက်အားပေးခဲ့ကြပြီး တေးဂီတနှင့်လည်း ဖျော်ဖြေတက်ဆက်ခဲ့ကြောင်း သိရသည်။


ဥရောပတိုက်ရှိ မွန်လူမျိုးများ နေထိုင်ရာ နော်ဝေနိုင်ငံ၊ ယူကေ၊ ဒိန်မတ်၊ နယ်သာလန်၊ ဖင်လန်တို့တွင် (၆၁)ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားများကို ကျင်းပခဲ့ကြပြီး ယူရိုမွန်အဖွဲ့မှ ချီးမြှင့်သော ပထမဆုံးအကြိမ် မွန်လူမှုဂုဏ်ထူးဆောင် ဆုကို မွန်လူမျိုးအရေးကို စွမ်းစွမ်းတမံ ဆောင်ရွက်နေဆဲဖြစ်သော မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ နိုင်ထွန်းသိန်း
အား မဲပေးရွေးချယ်ခဲ့ကြကြောင်း ယူရိုမွန်အဖွဲ့ ဝက်ဆိုက်တွင် ကြေငြာထားသည်။

 

ကမ္ဘာတစ်လွှား ကျင်းပခဲ့သော (၆၁)ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနား ဓါတ်ပုံ (နိုင်ငံအလိုက် စာမျက်နှာ)

:: Home | To Top ::

Copyright © 2004-2005, Kao Wao News Group. All rights reserved. Suggestions or comments to the Editor. Code by Webmaster.