ရေးတောင်ပိုင်း ခြံများကို စစ်တပ်က မီးရှို့ |
Kaowao / ဖေဖော်ဝါရီ၂၆၊ ၂၀၀၈
မွန်လက်နက်ကိုင်အဖွဲ့တစ်ချို့ လှုပ်ရှားနေသောရေးမြို့နယ်တောင်ပိုင်း ခေါဇာမြို့နယ်ခွဲက ခြံများအား နယ်မြေခံမြန်မာစစ် တပ်များကမီးရှို့ဖျက်ဆီးလိုက်ကြောင်းခေါဇာမြို့နယ်ခွဲမှလာသောသတင်းအရသိရသည်။
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကလိမ်အောင်အခြေစိုက် တပ်မဟာ(၄၀၈)မှ တပ်သား(၄)ဦး တပ်မှ ထွက်ပြေးသွားသည်ကို လိုက်လံရှာဖွေသောတပ်သားတစ်ဦးက မိုင်းနင်းမိ၍ သေဆုံးသွားသောကြောင့် မိုင်းဗုံးပေါက်ကွဲခဲ့သောအနီးတစ်ဝိုက်က ကွမ်းစိုက်ခြံနှင့်ရာဘာခြံများကို ယခုလို မီးရှို့ဖျက်ဆီးပစ်ခဲ့ကြောင်း ရွာသားများက ပြောကြသည်။ အခင်းဖြစ်ပွားရာနေရာမှာ ခေါဇာမြို့နယ်ခွဲအတွင်း ယန်ဒိန်ကျေးရွာအနီးတစ်ဝိုက်ကဟု သိရသည်။ ထိုဒေသတစ်ဝိုက်တွင် မွန်ပြည်ပြန်လည်ထူထောင် ရေးပါတီမှ ခွဲထွက်လာသော အင်အား(၅၀)ကျော် ရှိသည့် "ချမ်းဒိန်အဖွဲ့" မွန်လက်နက်ကိုင်သူပုန်အဖွဲ့တို့ လှုပ်ရှားရာဒေသ လည်း ဖြစ်သည်။
“(၄၀၈)က စစ်သား(၄)ဦး (၂၄)ရက်နေ့က မနက်က တပ်ကနေ ထွက်ပြေးသွားတာက လိုက်ရှာရင်းနဲ့ အခုမီးရှို့ခံရတဲ့ခြံ တစ်ခြံမှာ မိုင်းနင်းမိလို့ စစ်သားတစ်ဦး သေသွားတယ်။ အနီးတစ်ဝိုက်က ခြံတွေအားလုံးကိုလည်း မီးရှို့လိုက်တယ်။ ခြံတွေ
က ရွာနဲ့ နည်းနည်းအလှမ်းဝေးတော့ မီးသတ်ဖို့မမှီလိုက်ဘူး” ဟု မီးသွားရောက်ငြိမ်းသတ်ရာတွင် ပါဝင်ခဲ့သူ ရွာသားတစ်ဦး က ပြောသည်။
ကာလတန်ဖိုး သိန်းရာကျော် တန်ဖိုးရှိသောကွမ်းသီးစိုက်ခင်း၊ သံပရာနှင့် ရာဘာစိုက်ခင်းများ မီးလောင်ပျက်စီးခဲ့ကြောင်း ထို ရွာသားက ဆက်ပြောသည်။
ခေါဇာမြို့အနီးတစ်ဝိုက်ရှိ ရွာသားများ၏အဆိုအရ ယမန်နေ့ ဖေဖော်ဝါရီ(၂၅)ရက်နေ့ ညနေပိုင်းတွင် တပ်ပြေးများအား လိုက်ရှာနေသော မြန်မာစစ်သားများနှင့် မွန်လက်နက်ကိုင်သူပုန်အဖွဲ့တို့အကြား ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်းနှင့် အသေ အပျောက်မရှိကြောင်း သိရသည်။
ယခုလို မြန်မာစစ်တပ်များက ရွာသားများအား အဓမ္မ ညှင်းပန်းစော်ကားခြင်း၊ ရွာသားပိုင်ခြံမြေများကို ဖျက်ဆီးသိမ်းပိုက်ခြင်း များ ပြုလုပ်လာပါက ထိုဒေသတွင် လှုပ်ရှားနေသောမွန်သူပုန်အဖွဲ့တို့က နယ်မြေခံတပ်များအား ယခုလိုအချက်ပေးပစ်ခတ် မှုများနှင့် သတိပေးချက်များကို အမြဲပြုလုပ်ခဲ့ဖူးကြောင်း ရွာသားများက ပြောသည်။
တိုက်ပွဲဖြစ်ပွားခဲ့သောအဖြစ်အပျက်နှင့်ပတ်သက်၍ ထိုမွန်လက်နက်ကိုင်သူပုန်အဖွဲ့တို့နှင့် သီးခြားအတည်ပြုချက် မရရှိသေး ပါ။
|