မူလစာမျက်နှာ
 သတင်း
 ဆောင်းပါး
 ကဗျာ
 အင်တာဗျူး
 အယ်ဒီတာ့
 ဓါတ်ပုံ
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
Kaowao burmese version


ဘွဲ့ရနှင့်ဆယ်တန်းအောင်ထောက်ခံစာများကို ပွဲစားဆီကတဆင့် အလွယ်တကူ ရယူနိုင်

Kaowao / ဖေဖော်ဝါရီ၂၀၊ ၂၀၀၈

မြန်မာနိုင်ငံစာစစ်အဖွဲ့က ထုတ်ပေးသော နိုင်ငံရပ်ခြားပညာသင်များအတွက် ဘွဲ့ရထောက်ခံစာလက်မှတ်နှင့် ဆယ်တန်း အောင်ထောက်ခံစာများကို ငွေကြေးအနည်းငယ်ဖြင့် ပွဲစားများဆီကတဆင့် အလွယ်တကူ ရယူနိုင်ကြောင်း နိုင်ငံခြားပညာ တော်သင်အသိုင်းအဝိုင်းမှ သိရသည်။

နိုင်ငံခြားပညာတော်သင်သွားချင်ကြသော ဆယ်တန်းမအောင်မြင်သူများအတွက် ပွဲစားများက စာစစ်အဖွဲ့မှထုတ်သော ထောက်ခံစာအစစ်နှင့်ခွဲခြား၍မရအောင် တူသောအောင်လက်မှတ် ထောက်ခံစာမျိုးစုံကို ပြုလုပ်ပေးနေခြင်းဖြစ်သည်။


နိုင်ငံခြားရောက်နေသူ ပညာတော်သင်တစ်ဦးက ဆယ်တန်းအောင်လက်မှတ်များသာမက ဘွဲ့ရအောင်လက်မှတ်ထောက်ခံ စာများကိုလည်း ပွဲစားများ၏အဆက်အသွယ်ဖြင့် မြန်မာ ကျပ်ငွေ(၁)သိန်းခန့်သာ ပေးဆောင်ရကြောင်းနှင့် နိုင်ငံခြားပညာသင်ရန် ဆယ်တန်းရိုးရိုး အောင်ထောက်ခံစာတစ်စောင်ကို ကျပ်ငွေ (၅ -၆)သောင်းသာ ကုန်ကျကြောင်း Kaowao သတင်း ဌာနကို ပြောကြားသည်။

ဆက်လက်ပြီး ၎င်းက “ဆယ်တန်းအောင်လက်မှတ်ကို ဂုဏ်ထူးနဲ့ပါ ယူလို့ရတယ်။ အများဆုံး (၃)ဘာသာထည့်ပေးတယ်။ ပိုက်ဆံကျတော့ ပိုပေးရတာပေါ့”ဟု ဆိုသည်။

မြန်မာနိုင်ငံတက္ကသိုလ်များတွင် မြန်မာစာဌာန ကထိကတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဆရာမဒေါ်မေငြိမ်းက နိုင်ငံ အတွင်းရှိ မြန်မာလူငယ်လူရွယ်များ ထွက်ပေါက်ကင်းမဲ့သည်ကို ယင်းဖြစ်ရပ်များက သက်သေခံနေကြောင်းနှင့် တာဝန်ရှိသူ အစိုးရဘက်ကလည်း တရားမျှတမှုရှိအောင် ယင်းကိစ္စကို အမြန်ဆုံးဖြေရှင်းပေးသင့်ကြောင်း စစ်အစိုးရအား တိုက်တွန်းပြော ကြားခဲ့သည်။

၎င်း “ဒီလိုထောက်ခံစာကိစ္စ လုပ်ပေးနေတာတွေကို ကြည့်မယ်ဆိုရင် ပြည်တွင်းက လူငယ်တွေဟာ ထွက်ပေါက်မရှိဘူး၊ ထွက်ပေါက်ပိတ်နေတယ်ဆိုတာကို သက်သေပြနေတာဘဲ။ စားဝတ်နေရေးအတွက် အပြင်ထွက်လို့ရနိုင်မဲ့နည်းလမ်းတွေ ရှာဖွေလာကြတယ်။ ရှာဖွေမိမှာဘဲ။ အလုပ်လုပ်ချင်ကြသူတွေဆိုတော့ ရတဲ့နည်းလမ်းသုံးပြီး ထွက်ပေါက်ရှာကြတာ။ ဒီလို လုပ်တာ ဘယ်နေရာမှာမှ မကောင်းဘူး။ ဒါပေမဲ့ အထဲမှာက မလွယ်ဘူးလေ စီးပွားရေးအခြေအနေရော၊ သူတို့အနာဂတ် ရေးအတွက်ရော၊ အလုပ်အကိုင်ရဖို့အတွက် အရေးကြီးနေတယ်။ အစိုးရဘက်ကလည်း အရိုးသားဆုံးနှင့် တရားမျှုတဆုံးရှိ အောင်တော့ ဒီကိစ္စကို အဖြေရှာသင့်တယ်”ဟု ပြောကြားသည်။

ယင်းအောင်လက်မှတ်ထောက်ခံကို ပွဲစားဆီက ပြုလုပ်ခဲ့သူတစ်ဦကလည်း “ဆယ်တန်းအောင်ကြောင်းထောက်ခံစာက မြန် မာနိုင်ငံ စာစစ်အဖွဲ့ကသာ ထုတ်ပေးလို့ရတာ၊ အခု ပွဲစားဆီကတဆင့်လည်း လုပ်လို့ရနေတယ်။ ပွဲစားက (၆)သောင်းယူ တယ်၊ ဒီထောက်ခံစာက အပြင်မှာသုံးဖို့မဟုတ်ဘူး၊ ဒီနိုင်ငံကနေ ထွက်သွားနိုင်ဖို့အတွက်ဘဲ သုံးလို့ရတယ်၊ စက်ရုံအလုပ် တွေ၊ သံချည်သံကွေးရတဲ့အလုပ်တွေလို အလုပ်ကြမ်းတွေ မလုပ်ရတော့ဘူးပေါ့ ”ဟု ယခု နိုင်ငံခြားတွင် အလုပ်လုပ်နေသူက ပြောသည်။

ယခု ထိုသူရောက်ရှိနေသောတိုင်းပြည်တွင် သူ့ကဲ့သို့ မြန်မာပြည်မှ ဘွဲ့ရအောင်လက်မှတ်ထောက်ခံစာအတုဖြင့် တက္ကသိုလ် တက်ရောက်နေသူများလည်း ရှိကြောင်း ဝန်ခံပြောကြားသွားသည်။

နိုင်ငံခြားထွက်ခွာရန် ဝန်ဆောင်မှုပေးနေသော ပွဲစားအသိုင်းအဝိုင်းများ၏အဆိုအရ ယင်းထောက်ခံစာသည် အတုမဟုတ် ကြောင်း၊ နိုင်ငံခြားပညာသင်သဘောမျိုးဖြင့် သွားရောက်ကြခြင်းဖြစ်ကြောင်းနှင့် ယင်းအတွက် ကျပ်ငွေ(၆)သောင်းနှင့် (၁)သိန်းကြား ကုန်ကျမည်ဖြစ်ကြောင်း ပြောဆိုကြသည်။

ယင်းအောင်လက်မှတ်တွင် အနီရောင်တံဆိပ်ပါ စည်းတုံးသည် နားလည်မှုဖြင့် သက်ဆိုင်ရာလူကြီးများထံတွင် ရယူနိုင်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် Non-migrant worker ED အဖြစ် နိုင်ငံရပ်ခြားတွင် အခွန်ငွေသက်သာစေရန် ပြုလုပ်ကြခြင်းဖြစ်ကြောင်း ရန်ကုန်ပွဲစားများက ဆိုသည်။

‘’ဘာမှမလိုဘူး။ ခုံနံပါတ်လည်းမလိုဘူး၊ ဓါတ်ပုံဘဲလိုတယ်၊ အကုန်လုပ်လို့ရတယ်၊ အနီရောင်တံဆိပ်နဲ့အခြားတံဆိပ်တစ်ခု ကလည်း အစစ်တွေနဲ့ချည်းဘဲ လုပ်ရတယ်။ အောက်လမ်းကလုပ်တာပေါ့”ဟု ရန်ကုန်မြို့မှ ပွဲစားတစ်ဦးက ပြောသည်။

ထိုင်းနိုင်ငံတွင် တက္ကသိုလ်ပညာသင်ကြားနေသူ ကိုစိုးနိုင်(အမည်အရင်းမဟုတ်)က မြန်မာနိုင်ငံ၏ပညာရေးစနစ်ကို စိတ်ပျက် မိကြောင်း၊ ယခုကိစ္စသည် အထူးအဆန်းမဟုတ်တော့သော်လည်း ဤပညာရေးအပိုင်း လာဘ်စားမှုများအနက် အဆိုးဆုံးနှင့် သိက္ခာအမဲ့ဆုံးလုပ်ရပ်ကြီးဖြစ်ကြောင်း ဆိုသည်။

(ED - Education - ပညာရေး)

 

:: Home | To Top ::

Copyright © 2004-2005, Kao Wao News Group. All rights reserved. Suggestions or comments to the Editor. Code by Webmaster.