မူလစာမျက်နှာ
 သတင်း
 ဆောင်းပါး
 ကဗျာ
 အင်တာဗျူး
 အယ်ဒီတာ့
 ဓါတ်ပုံ
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
Kaowao burmese version


ဘုရားသုံးဆူတွင် တစ်ရက်အတွင်း စိတ်ကြွဆေး(၃)သောင်းကျော် ဖမ်းဆီးမိ

မိုးမိုးအ / ဖေဖော်ဝါရီ ၁၄၊ ၂၀၀၈


ယမန်နေ့က ဘုရားသုံးဆူအာဏာပိုင်များက တစ်ရက်အတွင်း စိတ်ကြွဆေးပြား(၃)သောင်းကျော် ဖမ်းဆီးရမိခဲ့ပြီး ယခုနှစ် အတွင်း စိတ်ကြွဆေးအလုံးရေအများဆုံးနှင့်ပထမဆုံးအကြိမ် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

မြို့ပေါ်အာဏာပိုင်များ၏အဆိုအရ ယင်းစိတ်ကြွဆေးများကို ထိုင်းနိုင်ငံဘက်ကမ်းသို့ တင်သွင်းရန် ကြိုးစားရင်း စစ်တပ်နှင့် ရဲတပ်ဖွဲ့မှ ယမန်နေ့ နေ့လည်ပိုင်းက ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ထိုစိတ်ကြွဆေး သယ်ဆောင်သူ၏နေအိမ်အတွင်းပိုင်းတွင် လည်း စိတ်ကြွဆေးပြားများနှင့် မူးယစ်ဆေးဝါးရောင်းချရရှိငွေဟု ယူဆရသော ဘတ်ငွေ(၁)သောင်းအား ထပ်မံရှာဖွေတွေ့ရှိ ခဲ့ကြောင်း သိရသည်။

ဘုရားသုံးဆူမြို့၊ ရပ်ကွက်(၃)၊ ခတ္တာလမ်း၊ အိမ်အမှတ်(၂၁၃)နေ ဦးအေးမြိုင်အား မြို့အဝင်ဂိတ်အနီးတွင် စိတ်ကြွဆေး အလုံး(၂၈၀၀၀) ဖြင့် ဖမ်းဆီးရမိခဲ့ပြီး ညနေပိုင်းတွင် ၎င်း၏နေအိမ်တွင် စိတ်ကြွဆေး အလုံး(၃၀၀) ထပ်မံရှာဖွေမိခဲ့သည်ဟု မြို့ပေါ်အာဏာပိုင်တစ်ဦးက ဆိုသည်။

"ဦးအေးမြိုင်ကို ဆိုင်ကယ်တစ်စီးနဲ့ မြို့အဝင်ပြည်သူ့စစ်ဂိတ်မှာ စိတ်ကြွဆေးအလုံး(၂၈၀၀၀)နဲ့ ဖမ်းမိတာ၊ ထိုင်းဘက်ခြမ်း ကို သယ်ဖို့သွားတာ၊ သူ့အိမ်ကို ညနေပိုင်းမှာ ဝင်စစ်တော့ စပါးအိတ်ကြားမှာ အနက်ရောင်အိတ်နဲ့ထုပ်ထားတဲ့ပန်းရောင် စိတ်ကြွဆေးပြား အလုံး(၃၀၀) အလေးချိန်(၃၀)ဂရမ်လောက်ရှိတဲ့အိတ်နဲ့ ငွေ(၁)သောင်းလောက် ထပ်ရှာတွေ့တယ်"ဟု ရဲဘက်ဆိုင်ရာအရာရှိတစ်ဦးက ပြောသည်။

ဖေဖဝ်ဝါရီ(၁၃)ယမန်နေ့ မနက်ပိုင်းတွင် မွန်ပြည်သစ်ပါတီ နယ်စပ်ဂိတ်မှတဆင့် ဝင်ရောက်လာသော စိတ်ကြွဆေးခိုးသွင်း လာသူ(၂)ဦးအား ထိုင်းစစ်ဆေးရေးဂိက်က ရှာဖွေရာ အဆိုပါလူ(၂)ဦးစလုံး ထွက်ပြေးလွတ်မြောက်သွားသော်လည်း စိတ်ကြွ ဆေး အလုံး(၄၀၀၀)ခန့် ထုပ်ထားသောအထုပ်အား ထိုင်းစစ်တပ်မှ ဖမ်းဆီးရမိခဲ့သည်။ ထိုသတင်းအရ မြန်မာဘက်ခြမ်းမှ ကာလတန်ဖိုး သိန်း(၁၅၀)ကျော်ရှိသောအဆိုပါမူးယစ်ဆေးဝါးများအား ရှာဖွေမိခဲ့ခြင်းဖြစ်သည်။

ဘုရားသုံးဆူမြို့ပေါ်၌ ယခုအချိန်တွင် ထိုစိတ်ကြွဆေးဝါးများကို အလွယ်တကူ ရယူနိုင်ကြောင်းနှင့် မြို့တစ်ဝိုက် လူငယ်များ အတွင်း သုံးစွဲမှု သိသိသာသာ များပြားလာကြောင်း မြို့ပေါ်လူငယ်တစ်ဦးက ယခုလို ပြောကြားသည်။ "မြန်မာဘက်ကမ်းက မြို့ပေါ်မှာ အဲဒီမြင်းဆေး(စိတ်ကြွဆေး)ကို (၃)လုံးမှ တစ်ရာဘတ်ထဲ ပေးရတယ်။ ထိုင်းဘက်ခြမ်း စံခရဘူရီဘက်ရောက် တော့ တစ်လုံးကို (၁၅၀)ဘတ်ငွေနဲ့တောင် ရဖို့မလွယ်ဘူးလို့ကြားတယ်။ ဒီဘုရားသုံးဆူမှာ အဲဒီဆေးတွေ လွယ်လွယ်နဲ့ ရနိုင်တယ်။ လူငယ်တွေအကြားမှာလည်း စိုးရိမ်ရတဲ့အနေအခြေအထိ သုံးစွဲမှုတွေ များလာနေတယ်"ဟု အဆိုပါလူငယ်မှ ပြောသည်။

အာဏာပိုင်များနှင့်နီးစပ်သူတစ်ဦးက ယခုလို စိတ်ကြွဆေးပြားများ ဘုရားသုံးဆူမြို့ပေါ်တွင် များပြားလာခြင်းမှာ မြို့ပေါ်အာ ဏာပိုင်များကြောင့်ဟု ဆိုသည်။ "မြင်းဆေးတွေ ဒီလိုများလာတာ အုပ်ချုပ်သူအာဏာပိုင်တွေကြောင့်ဘဲ။ တစ်ခါဖမ်းမိရင် တရားခံကို ခြိမ်ခြောက်ငွေညှစ်ပြီး ပြန်လွှတ်နေတာများလာတော့ ဒီဆေးရောင်းဝယ်သူတွေက ရဲတင်းလာတာ၊ အခုလို အလုံး ရေအများကြီး ဖမ်းမိတော့မှ သတင်းမဖုံးကွယ်နိုင်တော့ ငွေညှစ်လို့လည်း မရတော့ဘူး၊ သတင်းထုတ်လိုက်တာပေါ့"ဟု ၎င်း က ပြောကြားသည်။

(၂၀၀၇)ခုနှစ်အတွင်း မြို့ပေါ်အပစ်ရပ်အဖွဲ့အစည်းများနှင့်ပူးပေါင်းရှာဖွေဖမ်းဆီးမိသောတရားခံတစ်ချို့အား ငွေတောင်းကာ ပြန်လည်လွှတ်မြောက်ခွင့် ပေးခဲ့ဖူးသူ တရားခံ(၅)ဦးထက်မနည်းကြောင်း ထိုသူက ဆက်ပြောသည်။ ယခုဖမ်းဆီးရမိသော စိတ်ကြွဆေး အလုံး(၂၈၀၀၀)ဆိုသည်မှာလည်း ခန့်မှန်းသာဖြစ်ကြောင်းနှင့် အပြာရောင်အထုပ်နှင့်ထုပ်ထားသောဆေးအလုံး ရေစင်စစ်မှာ ထိုထက်များပြားနိုင်ကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။


ဦးအေးမြိုင်နှင့် ဖမ်းဆီးရမိသောစိတ်ကြွဆေးပြားများ

 

:: Home | To Top ::

Copyright © 2004-2005, Kao Wao News Group. All rights reserved. Suggestions or comments to the Editor. Code by Webmaster.