မွန်ယဉ်ကျေးမှုပြတိုက် နာမည်ပြောင်းခံရ |
Kaowao/ ဒီဇင်ဘာ ၁၇၊ ၂၀၀၇
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ်ရှိ ရှေးနှစ်ပေါင်းများစွာကတည်းက ဖွင့်လှစ်ထားသော မွန်ယဉ်ကျေးမှုပြတိုက်ကို နအဖတို့က “မွန်”ဟူသောအက္ခရာကို ဖြုတ်လိုက်တဲ့အပြင် နာမည်ပါ ပြောင်းလဲလိုက်ကြောင်း မော်လမြိုင်မြို့မှလာသောသတင်းအရ သိရ သည်။

နအဖစစ်အစိုးရ၏ ယဉ်ကျေးမှုဝန်ကြီးဌာနက ထိုပြတိုက်၏နာမည် “မွန်ယဉ်ကျေးမှုပြတိုက်” ကနေ ယခု “ယဉ်ကျေးမှုပြတိုက် နှင့် စာကြည့်တိုက်” ဆိုပြီး ပြောင်းလိုက်တာကြောင်း၊ နအဖယဉ်ကျေးမှုဝန်ကြီးဌာန လက်အောက်မှ ရှေးဟောင်းသုတေသန အမျိုးသားပြတိုက် နှင့် စာကြည့်တိုက်ဦးစီဌာန ဟူ၍ ဆောင်းပုဒ်အသစ်ကို လွန်ခဲ့သောလက ပြောင်းလဲတပ်ဆင်ခဲ့သည်။
ထိုမွန်ယဉ်ကျေးမှုပြတိုက်သည် မွန်ရာဇဝင်ကြောင်းစာအုပ်များ နှင့် သမိုင်းအထောက်အထားများကို ရှာဖွေဖတ်ရှုနိုင်ရန်အ တွက် လွန်ခဲ့တဲ့ ၁၉၉၀ ခုနှစ်ကစပြီး “မွန်ယဉ်ကျေးမှုပြတိုက်”နာမည်နဲ့ စတင်ထူထောင်ခဲ့ပါတယ်။
“ဒီပြတိုက်နာမည်ပြောင်းလိုက်တာနဲ့ မွန် ဆိုတဲ့စာလုံးကိုပါ ဖြုတ်လိုက်တဲ့အကြောင်း ကြားလိုက်ရတဲ့မွန်ပညာရှင်၊ မွန်သံဃာ တော်အားလုံးက အတော်လေးကို မကျေမနပ် ဖြစ်နေကြတယ်၊ သူတို့အနေနဲ့ ခွင့်ပြုချက် တစုံတရာကိုမယူပဲ သူတို့ဆုံးဖြတ် ချက်အတိုင်း နာမည်ပြောင်းလဲလိုက်တာဟာ ဘယ်သူကိုမှ ဂရုမစိုက်ဘူး ဆိုတာကို မွန်လူမျိုးတွေကို ပြလိုက်တာဘဲ” ဟု မော်လမြိုင်မြို့မှ ဆရာတော်တစ်ပါးက မိန့်ကြားခဲ့သည်။
မွန်ယဉ်ကျေးမှုပြတိုက်သည် ခြံအမှတ်(၅၀)၊ ထားဝယ်တံတားလမ်း နှင့် ဗဟိုလမ်းထောင့်တွင် တည်ရှိသည်။ ဒီယဉ်ကျေးမှု ပြတိုက်ထဲတွင် ရှေးဟောင်းမွန်ယဉ်ကျေးမှုဆိုင်ရာပစ္စည်းများသာ ခင်းကျင်းပြသထားသောကြောင့် “မွန်” ဟူသော အက္ခရာတစ်လုံးကိုတော့ ဆက်လက်ပြီး အသိအမှတ်ပြု သုံးစွဲသင့်ကြောင်း မွန်သမိုင်းပညာရှင်များက ဆိုသည်။
“အရင်တုန်းကတော့ မွန်လိုမရေးသားထားပေမဲ့ ကျွန်တော်တို့နားလည်ပေးနိုင်ခဲ့ပါတယ်၊ ဒါပေမဲ့ အခုလို နအဖကနေပြီး နာမည်အသစ်ကို ပြောင်းလဲလိုက်တဲ့အပြင် “မွန်” ဆိုတဲ့ စကားလုံးကိုပါ ဖြုတ်ပစ်လိုက်တယ်ဆိုတော့ ဒါဟာ သူတို့ရဲ့ ကျနော် တို့မွန်လူမျိုးအပေါ် မှာ မရိုးသားဘူး၊ အသိအမှတ်မပြုဘူးဆိုတာ ထပ်မံပြလိုက်တာပါပဲ၊ ဒါကြောင့်မို့ အခုလိုနာမည် ပြောင်း လိုက်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့ မွန်ပညာတတ်တွေ မကျေမှုရှိကြောင်းကို ကမ္ဘာကသိအောင် လုပ်ရမယ်” ဟု ပြည် တွင်းမွန်သမိုင်းပညာရှင် တစ်ဦး ပြောခဲ့ပါသည်။
နာမည်ပြောင်းလိုက်ခံရသောယဉ်ကျေးမှုပြတိုက်ကို မွန်သမိုင်းပညာရှင် စာရေးဆရာ နိုင်ခင်မောင်လေးက ဆက်လက်တာဝန် ယူထားကြောင်း ထိုသမိုင်းပညာရှင်က ဆက်လက်ပြောကြားသည်။
အခုလို နအဖစစ်အစိုးရရဲ့ မွန်လူမျိုးတွေရဲ့ ယဉ်ကျေးမှုတွေ ပပျောက်သွားအောင် လုပ်ဆောင်နေတာကို တက္ကသိုလ်ကျောင်း သားများလည်း စိတ်မချမ်းမသာ ဖြစ်ရကြောင်းကို “မော်လမြိုင်မြို့မှာရှိသော မွန်သင်္ကေတ အားလုံးနီးပါးကို ဒီအစိုးရက ဖျောက်ဖျက်လာခဲ့တာ အခုဆိုရင် ကုန်နေပြီး၊ နောက်ပြီး မြို့်ပေါ်ကအကြီးဆုံးအဝိုင်း(၂) ခုက ဟသာင်္ရုပ်တုနေရာမှာဆွမ်းအုပ် ရုပ်တုကို အစားထိုး တပ်ဆင်ထားခဲ့တယ်၊ ဒါကြောင့်မို့ ကျွန်တော်တို့တက္ကသိုလ်ကျောင်းသားတွေအနေနဲ့ရော၊ မွန်ပြည်သစ် ပါတီအပါအဝင်၊ မွန်သမိုင်းပညာရှင်တွေကပါ ဒီကိစ္စတွေကို မတားဆီးနိုင်တာဟာ အင်မတန်မှ ဝမ်းနည်းစရာကောင်းတယ်” ဟု မော်လမြိုင်တက္ကသိုလ် ကျောင်းသားတစ်ဦးက Kaowao သတင်းက ပြောသည်။
(၂၀၀၆)ခုနှစ်တုံးက လမ်လယ်အဝိုင်းများတွင်ရှိသော မွန်သင်္ကေတ ရွှေဟသာင်္ရုပ်တုကို အာဏာပိုင်က ညသန်းခေါင်အချိန် တွင် တိတ်တဆိတ် ဖြုတ်ခိုင်းခဲ့ပြီး ၄င်းအစား ဆွမ်းအုပ်ပုံရုပ်တုများကို တပ်ဆင်ခဲ့သည်။

|