သေနတ်အပစ်ခံရသူ မယကဥက္ကဋ္ဌ ဘုရားသုံးဆူ ပြန်ရောက် |
မိုးမိုးအ - Kaowao/ ဒီဇင်ဘာ ၁၇၊ ၂၀၀၇
နိုဝင်ဘာလကုန်ပိုင်းလောက်မှာ သေနတ်အပစ်ခံရသူ ဘုရားသုံးဆူမြို့ မယကဥက္ကဋ္ဌ ထိုင်းနိုင်ငံ၊ စံခရဘူရီဆေးရုံမှ နယ်စပ်မြို့ သို့ ပြန်ရောက်လာပြီး ဖြစ်သည်။
အသက်(၅၀)အရွယ် မယကဥက္ကဋ္ဌ ဦးတင်ဝင်းသည် ၄င်းအပစ်ခံရသည့်အမှု အစစ်ခံရန်အတွက် ဘုရားသုံးဆူမြို့ပေါ်ဆေးရုံသို့ ဒီဇင်ဘာ(၁၄)ရက်နေ့ကတည်းက ရောက်ရှိလာခြင်း ဖြစ်ပြီး သေနတ်ဒဏ်ရာကြောင့် ဦးတင်ဝင်း၏ကိုယ်ခန္ဓာအောက်ပိုင်း သေ နေကြောင်း ဆေးရုံမှလာသောသတင်းက ပြောသည်။
ရန်ကုန်မြို့ပေါ်ဆေးရုံသို့ ပို့ဆောင်ရန်အတွက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်၏လုံခြုံရေးအင်အားကို စောင့်ဆိုင်းနေကြောင်း ဘုရားသုံးဆူမြို့မှ အာဏာပိုင်များနှင့်နီးစပ်သူတစ်ဦးက ပြောသည်။
“ရန်ကုန်ပို့ဖို့က အရှေ့တောင်တိုင်းအမိန့်ကို စောင့်နေတယ်၊ လမ်ခရီးမှာ လုံခြုံရေးအတွက်လည်း အရမ်းစိုးရိမ်ရတော့ အပေါ် ကလွှတ်မဲ့လုံခြုံရေးကိုဘဲ စောင့်နေတယ်၊ သူ့ကျန်းမာရေးအခြေအနေကလဲ မကောင်းဘူးဆိုတော့လေ” ဟု အာဏာပိုင်နှင့်နီး စပ်သူက ဆိုသည်။
ဦးတင်ဝင်း အချောင်းပစ်ခံရပြီးနောက်ပိုင်း မယကဥက္ကဋ္ဌ နေရာကို မြို့နယ်ရဲစခန်းမှ နှစ်ပွင့်အဆင့် စခန်မှုး ရဲအုပ် ကျော်သာ က ယာယီတာဝန်ယူခဲ့သည်။ လွန်ခဲ့သောရက်သတ္တပတ်က ထိုမယကဥက္ကဋ္ဌ နေရာအတွက် အသစ်တစ်ဦး ခန့်အပ်ထားပြီး ဖြစ်သော်လည်း ထိုမယကဥက္ကဋ္ဌ အသစ်သည် ယခုအချိန်အထိ ဘုရားသုံးဆူမြို့သို့ မရောက်လာသေးပေ။ “ကျနော်တို့ကြား တာက ဥက္ကဋ္ဌအသစ်ကိုလည်း အထက်က ခန့်ပြီးသွားပြီးတဲ့။ ဒါပေမဲ့ အဲဒီလူက မလာရဲတာလို့ အခုအထိ စခန်းမှုး ကျော်သာ က အဲဒီနေရာကို ယာယီ ယူထားရတာ”ဟု မြို့ပေါ်စီးပွားရေးသမားတစ်ဦးက ပြောသည်။
ဦးတင်ဝင်းကို လွန်ခဲ့တဲ့နိုဝင်ဘာလ(၂၈)ရက်နေ့ ညခင်းအချိန်တွင် သေနတ်သမား(၂)ဦးက ဆိုင်ကယ်စီးနင်းလာပြီး အနီး ကပ် လာပစ်သွားခြင်း ဖြစ်သည်။ သေနတ်ဒဏ်ရာ(၂)ချက်မှ ကျည်ဆံထုတ်ရန် ညတွင်းချင်း ထိုင်ဘက်ကမ်း စံခရဘူရီဆေး ရုံသို့ ပို့ခဲ့ရပြီး ဦးတင်ဝင်းတွင် ဆီးချို၊ သွေးတိုးရောဂါလည်း ရှိနေသောကြောင့် အခြေအနေမကောင်းကြောင်း အစောပိုင်း ကတည်းက သတင်းထွက်ခဲ့သည်။ သေနတ်သမားစီးလာသော ဆိုင်ကယ်မှာ Suzuki အမျိုးအစား၊ Smart တံဆိပ် အဝါ ရောင်ဟု မြို့ပေါ်တွင် သတင်းပျံ့နှံ့နေသောကြောင့် Suzuki ဆိုင်ကယ်ပိုင်ရှင်များ လမ်းမထွက်ရဲသေးကြောင့် မြို့ပေါ်မှသတင်း အရ သိရသည်။
သို့သော် မြို့ပေါ်အာဏာပိုင်များက သံသယရှိသူတစ်ဦးတစ်ယောက်ကိုမှ ဖမ်းဆီးပေးနိုင်ခြင်း မရှိသေးချေ။ ထိုအပစ်ခံရသည့် နောက်ပိုင်းတွင် မြို့ပေါ်အပစ်ရပ်တိုင်းရင်းသားအဖွဲ့အစည်းများသာမက မြို့ပေါ်ပြည်သူလူထု နှင့် ခရီးသွားပြည်သူများသာ အနေအထိုင်၊ အသွားအလာ ကျဉ်းကြပ်လာခဲ့သည်။
မယကဥက္ကဋ္ဌ ဦးတင်ဝင်းသည် လာဘ်စားခြင်း၊ မိန်းမလိုက်စားခြင်းအပါအဝင် ချဲ့၊ ဘောလုံးပွဲ လောင်းခြင်းများတွင် နာမည် ကြီးသူတစ်ဦး ဖြစ်သည်။
ဘုရားသုံးဆူမြို့ပေါ်တွင် အပစ်ရပ်အဖွဲ့များဖြစ်သော မွန်ပြည်သစ်ပါတီ၊ ဒီကေဘီအေ (ခေါ်) တိုးတက်သောကရေင်ဗုဒ္ဓဘာသာ အစည်အရုံး၊ ကေပ႘အာဖ်၊ ဟောင်သရော ကရေင်အဖွဲ့များနှင့် မြန်မာစစ်တပ်များ အခြေချကြသည်။ စီးပွားရေးအခြေအနေ ကောင်းချိန် လွန်ခဲ့သော(၂)နှစ်က စာရင်းအရ လူဦးရေ(၁)သောင်း(၅)ထောင်ကျော်ရှိပြီး အများဆုံးနေထိုင်သောလူမျိုးမှာ မွန်ဖြစ်ပြီး ကရင်၊ ဗမာလူမျိုးများ နေထိုင်ကြသည်။
|