ဆောင်းပါး
မင်းတလပွန်
ကျုပ်တို့မွေးတဲ့ခေတ်က မဆလ ခေတ်ကောင်းချိန်ဆိုတော့ သတင်းမီဒီယာအားလုံးကို အာဏာရှင်တွေက ထိန်းချုပ်ထား တဲ့ခေတ်မို့ ပြည်ပအသံလွှင့်ဌာနတွေဖြစ်ကြတဲ့ ဘီဘီစီ၊ ဗွီအိုအေ စတဲ့အသံလွှင့်ချက်တွေ၊ ပြည်တွင်းကလူတွေ အားကိုး ရတာ မဆန်းပါဘူ။ အိမ်မှာ၂ လိုင်းရေဒီယိုလေးတလုံးရှိတော့ မဆလက လွှင့်တဲ့ ဗမာအသံအပြင် ပြည်ပအသံလွှင့်ဌာန တွေက လွှင့်တဲ့ ဗမာသံမျိုးစုံလဲကြားရပါတယ်။ အိမ်မှာ အဖေက ဘီဘီစီ၊ ဗွီအိုအေ နေ့စဉ် နားထောင်ပြီး တခါတရံ ပီကင်း အသံလွှင့်ချက်တွေကိုလဲ နားထောင်တတ်လို့ စာရေးသူနဲ့ ပြည်ပအသံလွှင့်ဋ္ဌာနဆိုတာ ငယ်စဉ်တောင်ကျေး ကလေးဘဝကတည်းက ရင်းနှီးပြီးသား။
အထူးသဖြင့် ဘီဘီစီကို အစွဲမက်ဆုံးပါ။ ကဏ္ဍစုံ တင်ဆက်လို့ပါ။ အဲဒီတုန်းက မဆလက လွှင့်တာရော၊ ဘီဘီစီ လွှင့်တဲ့ဟာ တွေရော ကျုပ်အတွက် အကုန်လုံးအထူးအဆန်းတွေပေါ့။ အစစစူးစမ်းချင်၊ သိချင်တဲ့အရွယ်ကိုး။ ပြီးတော့ ဘယ်ဒင်းက မှန်တယ်၊ ဘယ်ဟာက မှားတယ်ဆိုတာ ခွဲခြားသိနိုင်စွမ်း မရှိသေးလို့ပါ။ စာဖတ်တာတော့ တေဇ၊ရွှေသွေး၊ ပညာတန်ဆောင် ကာတွန်း၊ မဂ္ဂဇင်း မျိုးစုံဖတ်ပါတယ်။
အရွယ်ရောက်ချိန်မှာတော့ မဆလရေဒီယိုက သတင်းဖြစ်ရပ်မှန်တွေထက် အစိုးရ ဖေါ်လံဖါး လုပ်ဖို့သာဖြစ်တဲ့အတွက် သီချင်းကလွဲပြီး အချိန်ဖြုန်းပြီးနားထောင်ချင်စိတ် နည်းလာပါတယ်။ အဲဒီအသံလွှင့်ဋ္ဌာနကို အယုံအကြည် နည်းလာပြီး စိတ်ကုန်လာတယ်၊ မဆလ သတင်းစာဖတ်ပေမဲ့ တခါလာလဲ မဲပြာပုဆိုးမို့ နိုင်ငံခြားသတင်းနဲ့ ကြော်ငြာလောက်ဘဲ ဖတ် ဖြစ်လာပါတေားတယ်။ ဒါကိုလဲဖတ်ရတာ စိတ်ကုန်တယ်။
ဒါနဲ့ဘီဘီစီ၊ ဗွီအိုအေ ဗမာပိုင်းဖက် အချိန်ပြည့် လှည့်လာပါတော့တယ်။ အထူးသဖြင့် ဘီဘီစီလွှင့်ချိန်မှာ သိချင်တာတွေ၊ ကြားချင်တာတွေ သိရကြားရတော့ စိတ်ချမ်းသာလို့။ လောကတခွင်လုံး နေသာလို့ သာယာလှပနေသလို ခံစားရတယ်။ အသံလွှင့်ချိန် ကုန်ခါနီးလို့ အပိတ်ဆိုင်းသံကြားရတဲ့အခါ တလောကလုံးနေဝင်လို့ မှောင်အတိဖုံးသလို ခံစားလာရတယ်။ အဲဒီထိကို စွဲတာ။ ၈၈ တုန်းက ဘီဘီစီက အသံလွှင့်ချက်ကို နားထောင်ပြီး လုပ်သင့်တာတွေလုပ်နိုင်ခဲ့ကြတယ်။ ၈၈ နောက် ပိုင်း ဒီဗွီဘီ၊ အာအက်ဖ်အေတို့မှာလဲ ဗမာဘာသာ အသံလွှင့်အစီအစဉ်တွေ ရှိလာတော့ ပိုလို့ မြိုင်မြိုင်ဆိုင်ဆိုင် ရှိလာပါ တယ်။ ဓမ္မဝါဒီဖက်က အင်အား တိုးလာတယ်ပေါ့။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတိုက်ပွဲဝင်ဖက်က၊ ပြည်ထောင်စုဝင် လူမျိုးအသီးသီးဖက်က၊ လွတ်လပ်စွာရပ်တည်တဲ့ သတင်းသမားတွေဖက်က၊ အင်တာနက် စာမျက်နှာတွေ အလျှိုလျှို ပေါ် လာကြတယ်။
အဲဒီအချိန်မှာ ကျုပ်လည်း နိုင်ငံရေးပေါက်စလေးဆိုတော့ တိုင်း၊ ပြည်၊ ပြည်နယ်၊ တိုင်းပြည်၊ နိုင်ငံ၊ နယ်၊ ပြည်ထောင်၊ ပြည်ထောင်စု၊ လူမျိုး၊ လူမျိုးစု၊ တိုင်းရင်းသား၊ ဖက်ဒရယ်မူ၊ ပင်လုံစာချုပ်၊ အမျိုးသားရေးတန်းတူညီမျှမှု၊ ကိုပ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ရေး၊ ဒီမိုကရေစီရေး၊ လူ့အခွင့်ရေး၊ ဗမာ/မြန်မာ ပြဿနာ၊ စတဲ့စတဲ့ ကျုပ်တို့ ပြည်ထောင်စုနဲ့ ပတ်သက် တဲ့စကားလုံးများရဲ့အဓိပ္ပါယ်တွေ တီးမိခေါက်မိလာတယ်။ ပြီးတော့ သတင်းမီဒီယာတွေမှာ သုံးနေကျ စကားလုံးများရဲ့ အဓိပ္ပါယ်တွေကို ခွဲခြမ်းစိတ်ဖြာတတ်လာတယ်။ တိုင်းပြည်တပြည်၊ လူမျိုးတစ်မျိုး တိုးတက်ကြီးပွားရေးမှာ မီဒီယာက အခရာ ကျမှန်း၊ မီဒီယာမှာ သုံးစွဲတဲ့ စကားလုံးတွေကလည်း လူသားတွေအကြားဆက်ဆံရေး၊ လူမျိုးတစ်မျိုးနဲ့တစ်မျိုးကြားဆက်ဆံ ရေးမှာ အရေးကြီးမှန်း သိလာခဲ့တယ်။ မဟာလူမျိုးကြီးဝါဒီ ဖက်ဆစ်စစ်အာဏာရှင်တွေသုံးတဲ့ စကားလုံး၊ ဒီမိုကရေစီတိုက်ပွဲ ဝင်သူတွေ သုံးတဲ့စကားလုံး၊ အဖိနှိပ်ခံလူမျိုးတွေ သုံးနှုန်းတဲ့စကားလုံး၊ ဝါဒစွဲဂိုဏ်းဂဏစွဲဝါဒီတွေ၊ အခွင့်အရေးသမား ဖေါ် လံဖါးတွေသုံးတဲ့ စကားလုံးတွေ မတူကြပါဘူး။ သူတို့ရဲ့တိုက်ပွဲဝင်ရတဲ့ပုံသဏ္ဍာန်၊ ခံယူချက်၊ လူမျိုးရေးခံယူချက်နဲ့ ကိုယ် ကျိုးတွေက မတူကြပါဘူး။
အာဏာရှင်မဆလဒဏ်နဲ့ ဖက်ဆစ်စစ်အုပ်စုဒဏ်က ထွက်ပြေးလာတဲ့တော်လှန်ရေးသမား ဆိုသူတွေက ငါတို့လွတ်လပ်တဲ့ သတင်းဋ္ဌာနကွ၊ ဘယ်နိုင်ငံရေးအဖွဲ့အစည်းရဲ့သြဇာခံမဟုတ်။ သတင်းအချက်အလက်တွေကို တိတိကျကျ မှန်မှန်ကန်ကန် နဲ့ မြန်မြန်ဆန်ဆန် လူတွေလက်ထဲအရောက် ပို့ဆောင်ပေးမယ်ပေါ့။ ဘက်မလိုက်ဘူးတဲ့။ တချို့ကတော့ ရေဒီယိုသတင်း ဋ္ဌာနတွေမှာ ဝင်ရောက်အမှုထမ်းလာကြတယ်။ ဒီလူတွေတော်တော်များများက လွတ်လပ်ရေးခေတ်နောက်ပိုင်း မွေးဖွားလာ ကြသူတွေ၊ မဆလခေတ်မှာ မွေးဖွားလာသူများပါတယ်။
ဗမာပိုင်းရေဒီယို အသံလွှင့်အစီအစဉ်တွေမှာ၊ အင်တာနက်သတင်းစာမျက်နှာတွေမှာ၊ သတင်းစာတွေမှာ မွန်လူမျိုးကို မြန်မာ လူမျိုးလို့ မကြာခဏ ပုံမှားရိုက် ထုတ်လွှင့်နေကြတာကို ရိုးနေပြီးမို့ အထူးမပြောလိုသော်လည်း လွန်ခဲ့တဲ့ရက်အနည်းငယ် အတွင်းက မွန်လူမျိုးတို့ရဲ့ထူးမြတ်တဲ့မွန်အမျိုးသားနေ့ကို အနှစ်သာရမရှိတဲ့ မွန်ပြည်နယ်နေ့အဖြစ် အကြိမ်ကြိမ် မှားယွင်း ထုတ်လွှင့်တာတော့ သတင်းဖတ်သူတွေက နမော်နမဲ့ နိုင်တာလား၊ ဂရုမစိုက်တာလား၊ ဒါမှမဟုတ် ဖက်ဆစ်စစ်အာဏာရှင် သတင်းဋ္ဌာနတွေလို ပါရာဖတ်တွေလား၊ တခုခုတော့ တခုခုဘဲ။ မွန်ဘာသာစကားမှာ ဗမာနဲ့ မြန်မာအတူတူဘဲလို့ သတ် မှတ်ထားပါတယ်။
အင်္ဂလိပ်ထံက လွတ်လပ်ရေးရပြီး ပါလီမန်ဒီမိုကရေစီခေတ်မှာ မွန်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်ပေးကြဖို့ အနုနည်းနဲ့တောင်း ဆိုခဲ့ကြပေမဲ့ လွတ်လပ်ရေးရခါစ မဟာလူမျိုးကြီးဝါဒီတွေ၊ မျက်ကန်းမျိုးချစ်တွေက ဇာတိသွေးဇာတိမာန်အရမ်းတက်ကြွပြီး သွေးနထင်ရောက် ဘဝင်လေဟပ်၊ ငါတို့ကတော့ အင်္ဂလိပ်အောက်ကလွတ်ပြီး၊ ပြည်ထောင်စုထဲမှာရှိတဲ့အခြားလူမျိုးတွေက ငါတို့လက်အောက်ခံ၊ ငါတို့ကျွန်ပေါ့။ ဗိုလ်ချုပ်နဲ့ သဘောတူခဲ့ကြတဲ့ တန်းတူညီမျှတဲ့ ကိုပ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်အဖြစ် ပြည်ထောင်စုအသွင်ပူးပေါင်း လွတ်လပ်ရေးယူကြဖို့၊ (၁၀)နှစ် ပေါင်းလို့မှ သဘောမကျလျှင် ပြည်ထောင်စုကနေခွဲထွက်ဖို့ စတဲ့သဘောတူညီချက်တွေကို ချောင်ထိုးပြီး မိမိအာဏာရရှိရေး၊ တကိုယ်တော်ကောင်းစားရေးဘဲ ရှေ့တန်းတင်ခဲ့ကြတယ်၊ အဲဒီလိုအနုနည်းနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ မွန်ပြည်ကို တောင်းဆိုတာကို လိုက်လျောရမည့်အစား ကောက်ကျစ်တဲ့ကလိမ် ဉာဏ်နဲ့ မွန်ပြည်ကိုယ်ပိုင်အုပ်ချုပ်ရေးကို ဆန့်ကျင်ကြောင် လူအုပ်ကြီးနဲ့ တန်းစီဆန္ဒပြခိုင်းခဲ့ကြတယ်၊ ဒါကြောင့် မွန်အပါ အဝင် လူမျိုးအသီးသီးကလည်း မလွှဲမရှောင်သာ လက်နက်ကိုင်တော်လှန်ခဲ့ကြရပြီး တော်လှန်ရေး စစ်မီးကြီးလောင်ကျွမ်း၊ ဦးနေဝင်းက တော်လှန်သူမျိုးချစ်များကို သောင်းကျန်းသူ အဖျက်သမားဘွဲ့ ပေးအပ်ခဲ့ပါတယ်။ (ကရင်ပြည်နယ်ကတော့ ပါလီမန်ခေတ်မှာ အတည်ပြုပေးခဲ့တယ်လို့ ယူဆရပါတယ်။)
မွန်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်ကတော့ ဗိုလ်နေဝင်း ပေးတဲ့အမွေ၊ တိုင်း(၇)တိုင်းဆိုတာကလည်း ဗိုလ်နေဝင်းက ဗမာလူမျိုး ပြိန်း (လူကောင်းမပါ) တွေကို ကျောသပ်ချော့သိပ်ဖို့ပေးထားတဲ့အမွေ၊ လူပြိန်းတွေကို အီးနံ့လေး ပေးထားတဲ့သဘော။ အခုထိ တို့တာဝန်အရေးသုံးပါးနဲ့ လူပြိန်းတွေအပေါ်ရိုက်စားလို့ ကောင်းတုန်း။ တခြားပြည်ထောင်စုလူမျိုးတွေက တပြည်နယ်စီဘဲ ရတဲ့အချိန်မှာ ဗမာက (၇) ပြည်နယ် (သို့) (၇) တိုင်းများတောင် ရထားတော့ တိုင်းတွေအများကြီးရလို့ ကျေနပ်စရာလို့ ထင်စရာရှိပါတယ်၊ ဗမာတွေက လွတ်လပ်ရေးခေတ် အစပိုင်းမှာ ချောင်သလိုလိုနဲ့ အခုတော့လဲ ဖက်ဆစ် မျက်ကန်းမျိုးချစ်တွေရဲ့ဒဏ်ကို ကျောကော့အောင် ခံရတာဘဲ။ ဒဏ်ခံရတဲ့အတိုင်းအတာ၊ ပမာဏနဲ့ ကာလချင်းတော့ ကွာ တာပေါ့။
မွန်ပြည်နယ်နေ့ကို မဆလခေတ်တုန်းက မြို့တော်မော်လမြိုင်မှာ နှစ်စဉ် အာဏာပိုင်တွေ ဦးဆောင်ပြီး ကျင်းပပေးပေမဲ့ မွန်လူမျိုးတွေက အနှစ်သာရမရှိ၊ ရွှေရည်စိမ်ပြည်နယ်မို့လို့ ဂရုစိုက်ကြတာမဟုတ်ပါဘူး၊ မွန်မျိုးချစ်ဆရာတော်တပါးက ကဗျာတပိုဒ်ဖြစ်တဲ့ (ဍုင်မန်ကဟ်ကဟ် ညံင်အိက်ပဟ်) ကို (လိက်ဂတာပ်ခေတ်) မဂ္ဂဇင်းမှာ ထည့်သွင်းခဲ့ပါတယ်။ အဓိပ္ပါယ် က ချေချေးခြောက်လို့ အနံ့အရသာမဲ့တဲ့မွန်ပြည်လို့ ဆိုလိုတာပါ။ လိက်ဂတာပ်ခေတ်မဂ္ဂဇင်းကို ထုတ်ဝေပြီး ဆရာတော်လဲ နှစ်ရှည်လများ မဆလရဲ့ ထောင်နန်းစံခဲ့ရပါတယ်။ ဒါကကြုံလို့ မွန်ပြည်နယ်နေ့အကြောင်းကို တင်ပြဖြစ်တာပါ။ နောက် တစ်ချက်က ဧရာဝတီအင်တာနက်စာမျက်နှာမှာ ဖေါ်ပြထားတဲ့ကော့ဂွန်းဂူရဲ့နောက်ခံသမိုင်းအကြောင်းလေးပါ။ ဘာတွေ မှားနေတယ်လို့ မတင်ပြလိုတော့ပါ။ ဒါပေမဲ့ ကိုယ့်ရဲ့တင်ပြချက်က နဝတ၊ နအဖရဲ့သမိုင်းဖြစ်ရပ်မှန်ပြုစုရေးအဖွဲ့လို မဖြစ်ဖို့တော့လိုတယ်၊ အဲဒီအလားတူ သတင်းကို မွန်သတင်းဋ္ဌာနတွေမှာ ရှာဖွေဖတ်ကြည့်လို့ရပါတယ်။ နောက်တစ်ချက် က ပြည်ထောင်စုကို ရည်ညွှန်းတဲ့အသုံးအနှုန်းလေးပါ၊ ကျုပ်တို့နေတဲ့ ပြည်ထောင်စုဆိုတဲ့ ရေမြေအပိုင်းအခြားဟာ လူမျိုး တမျိုးထဲက ပိုင်ဆိုင်တဲ့တိုင်းပြည်မဟုတ်။ ပြည်ထောင်စုဝင်လူမျိုးအသီးသီးက စုပေါင်းပိုင်ဆိုင်တဲ့ ပြည်ထောင်စုဖြစ်တယ် ဆိုတာကလေးကအစ သိရတယ်။ အာဏာရအဆက်ဆက်ကရော၊ တော်လှန်သူတွေဖက်ကရော လိုအပ်ရင် လိုအပ်သလို (တို့ပြည်ထောင်စုဖွားတိုင်းရင်းသားညီအစ်ကိုများ) လို့ ကျယ်ကျယ်လောင်လောင်နဲ့ အော်လေ့ရှိပါတယ်။ ဖက်ဆစ်အာ ဏာရှင်တွေရော၊ ဒီမိုကရေစီအင်အားစုတွေရော၊ ဗမာစကားပြောတဲ့လူတိုင်းလိုလိုက လွယ်လွယ်နဲ့ ဗမာပြည်၊ ဗမာနိုင်ငံ၊ မြန်မာပြည်၊ မြန်မာနိုင်ငံလို့ ဖြစ်ကတတ်ဆန်း ပြောပြောနေကြတယ်။
ပြည်ထောင်စုစိတ်ဓါတ်မွေးဖို့ဆိုရင် ပြည်ထောင်စုကို ရှင်းရှင်းလေး(ပြည်ထောင်စု)လို့ ခေါ်ပါ။ ဥပမာ။ ။ ၁၊ ကျနော်တို့ပြည် ထောင်စု လွတ်လပ်ရေးရတာအနှစ်(၆၀)ကျော်ပြီး၊ လွတ်လပ်ရေးအရသာကို ပြည်ထောင်စုဝင် ဘယ်လူမျိုးမှ မခံစားရသေး ဘူးနော်။ ၂။ ယမန်နေ့က ပြည်ထောင်စုနိုင်ငံသား မွန်လူမျိုးနှစ်ဦးကို ထိုင်းရဲက စစ်ဆေးမေးမြန်းမှုပြုခဲ့ပါတယ်၊ အဲသလို ပြောရမှာ။ အင်္ဂလိပ်လိုပြောတဲ့အခါမှာလဲ our Union ဒါမှမဟုတ် the Union of Burma လို့ ပြည်ထောင်စု နာမည် အပြည့်အစုံကို ပြောဆိုဖေါ်ပြရပါတယ်။ နောင် Burma ဆိုတဲ့ စကားလုံးက ပြည်ထောင်စုတခုလုံးကို ကိုယ်စားမပြုဘူးလို့ အများက ယူဆရင်လဲ ဥပဒေပြဋ္ဌာန်းပြောင်းလဲလို့ရတာဘဲ။ ကမ္ဘာ့မီဒီယာတွေက ကိုယ့်ပြည်ထောင်စုအကြောင်း ဂဃနဏ မသိလို့ သူတို့မခေါ်တတ်ရင် ကိုယ်ကလမ်းပြသင်ပေးရတယ်။ ဒါမှ ပြောတဲ့သူကိုယ်တိုင်သော်လည်းကောင်း၊ နားထောင်ရ သူအဖို့ မှာသော်လည်းကောင်း ပြည်ထောင်စုကို ချစ်တဲ့စိတ်ဓါတ်၊ တန်ဖိုးထားတဲ့စိတ်ဓါတ်တွေပေါ်လာမှာ။ ဒါဟာ ငါတို့ရဲ့ ပြည်ထောင်စုဖြစ်တယ်၊ ဒီပြည်ထောင်စုကောင်းစားအောင် ငါတို့လဲ လုပ်ဆောင်မယ် ဆိုတဲ့စိတ်ဓါတ်တွေ တိုးပွားလာစေ တယ်။
မီဒီယာရဲ့အခန်းကဏ္ဍက ဒီမိုကရေစီထွန်းကားရေး၊ ဆက်လက်တည်မြဲသွားရေး၊ အမှန်တရားဖက်နဲ့ လူသားအကျိုးပြုရေး မှာ အသုံးချဖို့ဖြစ်လာပေမဲ့ တဖက်မှာ အဓမ္မဝါဒီတွေက မီဒီယာကို ပိတ်ပင်ပြီး မိမိတို့တဖက်သတ်ထုတ်လွှင့်တဲ့လွဲမှားတဲ့ လမ်းစဉ်တွေကိုဘဲ လူတွေကိုမှိုင်းတိုက်ဖို့ အစဉ်ကြိုးစားနေတယ်၊ ဒါကြောင့် အမှန်တရားပေါ်ထွန်းရေး၊ အဓမ္မဝါဒီပပျောက် ရေးမှာ မီဒီယာကဏ္ဍက အရေးကြီးသလို မီဒီယာသမားရဲ့အရည်းအသွေး၊ သိက္ခာသမာဓိ ကိုယ်ကျင့်တရားနဲ့ စေတနာ ကောင်းဖို့က သိပ်အရေးကြီးပါတယ်။ သုံးနှုန်းတဲ့စကားလုံးတွေလဲ အဓိပ္ပါယ်တိကျ ရှင်းလင်းပြတ်သားဖို့လိုပါတယ်။ ယုံထင် ကြောင်ထင်စေတဲ့ စကားလုံးတွေတတ်နိုင်သမျှ ရှောင်ရှားရပါတယ်။
ချုပ်ပြီးပြောရရင် မီဒီယာသမားတွေရဲ့အသံလွှင့်ချက်တွေ၊ ရေးသားဖေါ်ပြချက်တွေ၊ သုံးနှုန်းတဲ့စကားလုံးတွေ၊ လုပ်ပုံကိုင်ပုံ တွေဟာ မီဒီယာသမားရဲ့လူမျိုးအခြေခံ၊ နိုင်ငံရေးခံယူချက်၊ ကြီးပြင်းလာတဲ့ပတ်ဝန်းကျင်အသိုင်းအဝိုင်း၊ လေ့ကျင့်သင်ကြား ခံခဲ့ရတဲ့အလေ့အထ၊ အတွေးအခေါ်၊ အယူအဆတွေကို ထင်ဟပ်ဖေါ်ပြနေလေ့ရှိပါတယ်။
တခုတော့ ရှိတယ်။ မိမိကိုယ်စားပြုတဲ့မီဒီယာဋ္ဌာနရဲ့ဂုဏ်သိက္ခာနဲ့ကျင့်ဝတ်တွေ၊ အများပြည်သူရဲ့ ယုံကြည်အားထားမှုတွေ ကို ထိန်းနိုင်ဖို့အတွက် မှန်ကန်တိကျတဲ့သတင်း အချက်အလက်တွေကို ပေးနိုင်စွမ်းရှိဖို့လိုပါတယ်။ လူတိုင်းအမှားနဲ့မကင်း တတ်ကြပါဘူး။ ဒါပေမဲ့ မီဒီယာသမား၊ သတင်းသမားတွေရဲ့အမှားအတွက် အကျိုးသက်ရောက်မှုက ပိုမိုပြင်းထန်တတ်ပါ တယ်။ တခုသတိထားရမှာက အဲဒီအလားတူသတင်းတွေကို ပြည်ထောင်စုဝင်လူမျိုးအသီးသီးကလဲ မိမိတို့ရဲ့အမျိုးသား သတင်းမီဒီယာကနေ မိမိတို့ရဲ့ကိုယ်ပိုင်ဘာသာစကားအပြင် ဗမာဘာသာနဲ့ရော ထုတ်လွှင့်နေကြတာမို့ မိမိသတင်းဋ္ဌာနရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းငဲ့ကွက်တဲ့အနေနဲ့ သတင်းမှန်၊ သမိုင်းဖြစ်ရပ်မှန်ကို တင်ပြနိုင်စေကြောင်း တင်ပြလိုက်ရပါသည်။
ရိုးသားကြိုးစားမှုအပြည့်နဲ့ စုပေါင်းလုပ်ဆောင်ကြမယ်ဆိုရင် ပြည်ထောင်စုနိုင်ငံသူ၊ နိုင်ငံသားအပေါင်း လွတ်လပ်ညီမျှငြိမ်း ချမ်းတဲ့ပြည်ထောင်စုသစ်ဆီ အမြန်ဆိုက်ရောက်ရမှာပါ။
|