မူလစာမျက်နှာ
 သတင်း
 ဆောင်းပါး
 ကဗျာ
 အင်တာဗျူး
 အယ်ဒီတာ့
 ဓါတ်ပုံ
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
Kaowao burmese version


ဆောင်းပါး

 

ပြည်သူ့ဆန္ဒခံယူပွဲ၏အသက်သွေးကြောနှင့်ဒီမိုကရေစီတည်ဆောက်မှု

ဗညားဟံသာ


မြန်မာပြည်မှာ ကျွန်ုပ်တို့ခေတ်တွင် ပြည်သူ့ဆန္ဒခံယူပွဲ လုပ်လေ့မရှိချေ။ ပြည်သူ့ဆန္ဒ ဘာကြောင့်ခံယူရသည်၊ ဘယ်ပုံစံ စနစ်နှင့်ခံယူသည်၊ ဘယ်အတိုင်းအတာနှင့်ခံယူသည်။ ခံယူရခြင်း၏အကြောင်းအရာ၊ အကျိုးအကြောင်း၊ အကျိုးသက် ရောက်မှုရလာဒ် စသည့်အခြေခံနားလည်မှုများလည်း မြန်မာနိုင်ငံသားအများစုတွင် မသိရှိခဲ့ပေ။

ရွေးကောက်ပွဲပုံစံနှင့် စည်း စနစ်၊ ပြည်သူ့ဆန္ဒခံယူပွဲပုံစံနှင့်နည်းစနစ် စသောအခြေခံစည်းမျဉ်းဥပဒေများကို စစ်အစိုးရနှင့် မလွတ်လပ်သော၊ စစ်အစိုးရ မှ ဖွင့်လှစ်ပေးသောကော်မရှင်တွေက ကွပ်ကဲလာခဲ့သည်။ (၁၉၇၄)ဆိုရှယ်လစ်ရွေးကောက်ပွဲ
နှင့် (၁၉၉၀)မေလ ဒီမိုကရေစီ ရွေးကောက်ပွဲကို စမ်းစစ်ခြင်းအားဖြင့် မြန်မာပြည်မှာ စည်းစနစ်မရှိသော၊ တရားမမျှတသော အမျိုးသားအကျိုးစီးပွားကို မဖော်ဆောင်သော၊ နိုင်ငံသားတို့၏အခွင့်အရေးကို သေးသိမ်စေသောစနစ်အောက်တွင် တိုင်း ရေးပြည်ရေးကိစ္စတွေက ချုပ်ချုယ်လာခဲ့သည်။ ယခုလာမည့်မေလ(၂၀၀၈)တွင် ကျင်းပရန် ရည်ရွယ်ထားသောပြည်သူ့ဆန္ဒ ခံယူပွဲသည် ၎င်း၏အသက် သွေးကြောနှင့်အခြေခံအကြောင်းတရားကို လေ့လာသင့်သည်။

မြန်မာပြည်၏ လက်တွေ့နိုင်ငံရေး၊ အုပ်ချုပ်ရေးသည် အစအလယ်အဆုံးတွင် မှားယွင်းလျက်ရှိသည်။ ၁၉၉၀တွင် ရွေး ကောက်ပွဲကျင်းပရာတွင် ပြည်တွင်းစစ်မငြိမ်းသက်သေး။ ၁၉၉၀မှ ၁၉၉၆ တိုင်အောင် အပစ်အခတ်ရပ်စဲရေး ကြိုးပမ်းရာတွင် မသတ်မဖြတ်မှုက လွဲ၍ ဘာမျှမတိုးတက်ခဲ့ချေ။ ၎င်းအပြင် တိုင်းရင်းသားစစ်တပ်အချင်းချင်း ကွဲပြာပြီး တိုင်းရင်းသားစစ်တပ် အချင်းချင်း သတ်ဖြတ်မှုသာ ဖြစ်ပေါ်ခဲ့ သည်။ မွန်နှင့်ကချင် ခေါင်းဆောင်များ လုပ်ကြံခံရမှုကို သက်သေပြနိုင်သည်။ ယနေ့ က၌ ဆောင်းပါးရေးရာတွင်လည်း ကရင်အမျိုးသား အစည်းအရုံး၏ အထွေအထွေအတွင်းရေးမှုးချုပ် ပဒိုမန်းရှာ လုပ်ကြံခံ ရခဲ့သည်။ ၁၉၉၆- ၂၀၀၈ ယနေ့တိုင်အောင် ဖွဲ့စည်းပုံအသစ်ရေးဆွဲခြင်း မပြီးသတ်ချေ။ ဖွဲ့စည်းပုံကို ပညာရှင်(၁၀)ယောက် ရေးဆွဲပြီး နိုင်ငံသားတို့၏အကြံပေးမှု၊ ဝေဖန်ပိုင်းခြားမှု၊ ဖြည့်ဆည်းပယ်ဖျက်မှုလုပ်ခဲ့လျှင် (၁၀၀)ရက်သာကြာမည်။ ယခုတွင် (၁၀)နှစ်ကျော်ပြီး၊ ရက်ပေါင်း(၃၀၀၀)ကျော်လာခဲ့သည်။ အချိန်ဆွဲပြီး အရာမရောက်ချေ။ အခြားတဖက်တွင် နိုင်ငံ၏ခေါင်း ဆောင်များကို ဆက်လက်ဖမ်းဆီးပြီး လက်ကိုင်ဒုတ်ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းကို ပါတီထောင်စေခဲ့သည်။ ကြံ့ခိုင်ရေး အသင်းက နိုင်ငံရေးပါတီအဖြစ် ဝင်ရောက်ရွေးကောက်ပွဲခံမည်ဟု ကြေညာခဲ့သည်။ ဤကောက်ကျစ်စဉ်းလဲမှုလည်း ပြည်သူ ဆန္ဒရွေးကောက်ပွဲကို အဆိပ်သင့်စေသည်။ အကျိုးမဲ့စေသည်။ တိုင်းပြည်အကျိုးစီးပွား ပို၍ပျက်ပြားစေသည်။


ပြည်သူ့ဆန္ဒခံယူပွဲ၏ အသက်သွေးကြောဟာ ဘာလဲ၊ အခြေခံအချက်အလက်များကို လေ့လာသင့်သည်။ ကျွန်ုပ်လက်လှမ်း မှီသမျှ တင်ပြရလျှင် -

၁။ မြန်မာပြည်တွင် နိုင်ငံရေးအရ တရားမျှတမှုကို ဖွဲ့စည်းပုံအခြေခံဥပဒေက ဘယ်မျှအကာအကွယ်ပြုသနည်း။

၂။ (၁၀)နှစ်ကြာ ရေးဆွဲခဲ့သောဖွဲ့စည်းပုံအသစ်သည် တရားမျှတသော လူသားဂုဏ်သိက္ခာနှင့်အညီ နိုင်ငံသားတိုင်းကို လွတ် လပ်ခွင့်ပေးသော အမျိုးသားရေးမှန်သမျှကို ဖိနှိပ်မှုကင်းမဲ့သောဖွဲ့စည်းပုံ ဖြစ် မဖြစ်။

၃။ ဤဖွဲ့စည်းပုံကို ဆန္ဒပေးရန် (ကောက်ယူရန်) သန်း(၅၀)ကျော်သော သို့မဟုတ် အသက်အရွယ်ရောက်သော နိုင်ငံသား တိုင်း နားလည်မှုရှိမရှိ မြန်မာဘာသာအပြင် တိုင်းရင်းဘာသာအဖြစ် ဘာသာပြန်ဆိုမှု ပြုမပြု။

၎။ ပြည်သူ့ဆန္ဒခံယူပွဲတွင် မကြောက်၊ မခြောက်ခံရပဲ မိမိသဘောအလျှောက် ၊ မဲပေးခွင့်ရှိမရှိ ၎င်းမဲကို ကုလသမဂ္ဂမှ ကြီးမှုး သော၊ လွတ်လပ်သော ပြည်သူ့ဆန္ဒခံယူပွဲ စစ်ဆေးရေး ကော်မရှင်ဝင်ခွင့် ပြု၊ မပြု။

၅။ ဤဖွဲ့စည်းပုံအခြေခံဥပဒေအသစ်ကို ဒေါ်အောင်ဆန်းစုကြည်နှင့်တိုင်းရင်းသားခေါင်းဆောင်များ အသိအမှတ်ပြု - မပြု။


ဤကား ရွေးကောက်ပွဲနှင့်ဆန္ဒခံယူပွဲ၏အသက်သွေးကြော ပမာဏတစိတ်တပိုင်း ဖြစ်သည်။ အမှန်စင်စစ် ဤဆန္ဒခံယူပွဲသည် ဘာမှအကျိုးသက်ရောက်မှုမရှိချေ။ ဘာကြောင့်နည်း။


၁။ ဖွဲ့စည်းပွဲရေးဆွဲရာတွင်  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ်၏ လွတ်လပ်စွာ ဝင်ရောက်ဆွေးနွေးတင်ပြခွင့် မရှိခြင်း။


၂။ စစ်အစိုးရအလိုတော်ကျ၊ အလိုက်တော်သိ ပညာမရှိသောတောင်သူလယ်သမားများနှင့် အာဏာမက်သောစစ်ဝန်ထမ်းဟောင်းများနှင့် အကျင့်ပျက်သောကြံခိုင်ရေးဝန်ထမ်းများက ရေးဆွဲခဲ့ခြင်း။


၃။ တိုင်းရင်းသားခေါင်းဆောင်များနှင့်တိုင်းရင်းသားတော်လှန်ရေးခေါင်းဆောင်များ ပါဝင်တက်ရောက်ဆွေးနွေးတင်ပြခွင့် လွတ်လပ်စွာ မရှိခြင်း။


၎။ ကုလသမဂ္ဂနှင့်ဥရောပ၊ အာရှခေါင်းဆောင်များက ဖွဲ့စည်းပုံရေးဆွဲရာတွင် တရားမျှတမှု၊ ပွင့်လင်းမှုနှင့် နိုင်ငံရေးပါတီမှ ခေါင်းဆောင်များကိုယ်တိုင်ကိုယ်ကျ ဝင်ရောက်ခွင့်ပေးရေးကို နအဖစစ်အစိုးရက ငြင်းပယ်ခဲ့ခြင်း။


ဤအခြေခံချွတ်ယွင်းချက်နှင့်ပျော့ကွက်တွေကြောင့် ဖွဲ့စည်းပုံအသစ်၊ ပြည်သူဆန္ဒခံယူပွဲအသစ်နှင့်ရွေးကောက်ပွဲအသစ်
သည် အကျိုးသက်ရောက်မှု မရှိချေ။


ကျွန်ုပ်တို့မြန်မာပြည်နှင့်အမျိုးသားအကျိုးစီးပွားကို ဖော်ဆောင်ရေးအတွက် အောက်ပါအချက်အလက်များကို ထည့်သွင်း စဉ်းစားရပေမည်။


၁။ ဒီမိုကရေစီနှင့်လူ့အခွင့်အရေးနှင့်စစ်မှန်သောပြည်ထောင်စုတည်ဆောက်ရေးအတွက် ပြည်တွင်းပြည်ပမှ နိုင်ငံရေးခေါင်း ဆောင်များနှင့်အသိပညာရှင်၊ အတတ်ပညာရှင်များ ရက်ပေါင်းတစ်ရာအတွင်း ဖွဲ့စည်းပုံအသစ်ရေးရန် စစ်အစိုးရက လက် ကမ်းဖိတ်ခေါ်ပေးရေး။


၂။ ၎င်းပြည်တွင်းပြည်ပ(စစ်အစိုးရကိုယ်စားလှယ်အပါအဝင်) ရေးဆွဲထားသော(ပြည်ထောင်စု အစစ်အမှန် - အသစ်) ဖွဲ့စည်းပုံဥပဒေကို ရက်ပေါင်း(၁၀၀)အတွင်း နိုင်ငံသားနှင့်အဖွဲ့အစည်း အသီးသီးမှ အကြံညာဏ်တောင်းခံရယူခြင်း၊ ဝေဖန်ပိုင်းခြားခွင့်ပေးခြင်း။


၃။ ၎င်းဖွဲ့စည်းပုံအသစ်ကို စိစစ်ပြီး (၉၀)% ကိုယ်စားလှယ်များ သဘောတူပါက နောက်ရက်ပေါင်း(၁၀၀)အတွင်း ပြည်သူ့
ဆန္ဒခံယူပွဲ ကျင်းပပေးခြင်း။


၎။ ပြည်သူ့ဆန္ဒခံယူပွဲ ကျင်းပပြီးနောက် ရက်ပေါင်း(၃၀၀)အတွင်း အထွေထွေရွေးကောက်ပွဲ ဖြစ်စေ၊ ကြားဖြတ်အစိုးရဖြစ်
စေ၊ အိမ်စောင့်အစိုးဖြစ်စေ သင့်မြတ်သော၊ အချိုးကျ ကိုယ်စားပြုသော ဖွဲ့စည်းပုံအသစ်ကို ကိုယ်စားပြုသောယာယီအစိုးရ ဖွဲ့စည်းပေးရေး။


၅။ (၂၀၁၀)တွင် စစ်အစိုးရရည်ရွယ်ထားသော အထွေထွေရွေးကောက်ပွဲကို တိုင်းရင်းသား ကိုယ်စားလှယ်နှင့် အမျိုးသား ကိုယ်စားလှယ်အဖြစ် ရွေးကောက်ပေးရေး။


၆။ ပြည်နယ်ရွေးကောက်ပွဲတွင် မိမိတို့ပြည်နယ်အစိုးရကို တိုက်ရိုက်မဲပေးရွေးကောက်ပွဲ ကျင်းပပေးရေး။


၇။ ပြည်ထောင်စုအစိုးရကိုလည်း မိမိတို့ဒေသခံကိုယ်စားလှယ်အချိုးကျဖြစ်စေ၊ အမျိုးသားကိုယ်စားပြုဖြစ်စေ တိုက်ရိုက်ရွေး ကောက်တင်မြောက်ပေးရေး၊ ရွေးကောက်ခွင့်ပြုမှု


ဤကား မြန်မာပြည်၏ဆန္ဒခံယူပွဲနှင့်ရွေးကောက်ပွဲအသက်သွေးကြော တစိတ်တဒေသဖြစ်သည်။ နိုင်ငံသားတို့၏လွတ်လပ်
စွာ မဲပေးခွင့်နှင့်ရွေးကောက်ခွင့်သည် ဒီမိုကရေစီတည်ဆောက်မှု၏ အုတ်မြစ်ဖြစ်သည်။


စစ်အစိုးရက ကရင်ပြည်နယ်တွင် အတုအယောင်အမျိုးသားညီလာခံကြိုဆိုထောက်ခံပွဲ ကျင်းပခိုင်းနေပုံ (ပုံ - Kaowao)

ဗညားဟံသာ

ခင်ဗရာမြို့တော်
(၁၈၊ ၂၊ ၂၀၀၈)

:: Home | To Top ::

Copyright © 2004-2005, Kao Wao News Group. All rights reserved. Suggestions or comments to the Editor. Code by Webmaster.