ဆောင်းပါး
ရှစ်လေးလုံး နှင့် ဆရာနိုင်နွန်လာ အမှတ်တရ |
၈၈ မျိုးဆက်မွန်ကျောင်းသားတစ်ဦး / ဇူလိုင်၂၉၊ ၂၀၀၈။

မွန်ပြည်သစ်ပါတီ ဒု ဥက္ကဋ္ဌ နိုင်နွန်လာ မကွယ်လွန်မီ မိနစ်ပိုင်းအတွင်း ရိုက်ကူးထားသော မှတ်တမ်းတင်ဓါတ်ပုံ
၈၊၈၊၂၀၀၈ ရက်နေ့သည် ၈၈ အရေးတော်ပုံကြီးအနှစ် ၂၀ ပြည့်ဖြစ်သည်၊ ထို့အရေးတော်ပုံကြီးကြောင့် ကျနော်တို့ ဘဝ မထင်မှတ်ပဲ ပြောင်းလဲမှုအသွင်သဏ္ဍာန်အမျိုးမျိုးနှင့် ကြိုးစားရုန်းကန်ရင်း အခက်အခဲများစွာတို့ကို အချိန်ကာလ ရွေ့လျား မှုနှင့်အတူ ရင်ဆိုင်ဖြတ်ကျော်နေရဆဲပဲ၊ သတိရစရာများစွာမှ အမြဲတမ်းအမှတ်ရစရာ နေ့တနေ့ကို ပြန်လည်သတိရမိ၏၊ ထို စဉ်က ကျနော် (၈) လေးလုံး ကျောင်းသားအရေးအခင်း မွန်ကျောင်းသားတစ်ဦးအနေဖြင့် မွန်ပြည်သစ်ပါတီ သို့ဝင်ရောက် နေခဲ့ပါပြီ။
၁၉၈၉ ခုနှစ်(၈) လေးလုံးတစ်နှစ် ပြည်သည့်နေ့၊ ABSDF မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားဒီမိုကရက်တစ်တပ်ဦးမှ နှစ်ပတ်လည်ပြည့်နေ့ အခမ်းအနားကို ဘုရားသုံးဆူရွာ (မြို့မတည်သေးပေ)တွင် ကျင်းပမည်ဖြစ်သည်။ ဖိတ်ကြားချက်အရ ထိုစဉ်က မွန်ပြည်သစ်ပါတီ ဒုဥက္ကဌ နိုင်နွန်လာက သဘာပတိအဖြစ် ဆောင်ရွက်ရန် ဖြစ်သည်။
ကျနော်တို့အခေါ် ဆရာနွန်လာမှာ ထိုနေ့နံနက် (၇) နာရီတိတိ ဗဟိုမှစတင်ထွက်ခွာရန် ညွန်ကြားထားပြီး သူသည် နံနက် ခင်း VOA သတင်းစတင်လွှင့် ချိန်တွင့် အဆင်သင့်ဖြစ်နေပေပြီ၊ ကျနော်တို့ လိုက်ပါရမည့် ရဲဘော် များသည်လည်း ဆရာ၏အဆင်သင့်ဖြစ်မှု အနေအထားကို တွေ့ရသဖြင့် ကမန်းကတန်း ပြင်ဆင်ကြရသည်။
ဆရာကြီးမှာ အချိန်တိကျသူလည်း ဖြစ်သည်၊ သတ်မှတ်ချိန်၊ နေရာမရောက်ယင် ဒီအတိုင်းပဲ ချန်ထားရစ်ပေတော့ ဆို့သည့် ပုဂ္ဂိုလ်မျိုး၊ နံနက်(၇) နာရီတိတိ မွန်ပြည်သစ်ပါတီ အထွေထွေအတွင်းရေးမှူး နိုင်ရော့စ၊ ဗဟိုကော်မတီဝင်အချို့နှင့် ဘုရား သုံးဆူးသို့ မော်တော်ကားဖြင့် ထွက်ခွာခဲ့သည်။ မြေနီလမ်းဖြစ်ပြီး မိုးတွင်းလမ်းမှာ ခနော်ခနဲ့ ဖြစ်နေသည်။
ထိုစဉ် ဘုရားသုံးဆူးမှာ ရွာပျက်ကြီးဖြစ်နေသည်။ ၁၉၈၈ ခု၊ ဇူလိုင်လတွင် ၂၇ ရက်ကြာ ဘုရားသုံးဆူးဒေသတဝိုက်တွင် မွန် နှင့်ကရင် (NMSP & KNU) လက်နက်ကိုင် ပဋိပက္ခတိုက်ပွား ဖြစ်ပွားခဲ့ပြီးတစ်နှစ်ပင် လွန်မြောက်ခဲ့သော်လည်း ရွာသားများ ပြန်မနေဝံ့သေးပေ၊ မီးလောင်ပြင်၊ အိမ်ပျက်များ၊ ခြုံတောများ ကြွင်းကျန်နေသော မြေမြုပ်မိုင်းနှင့် အန္တရာယ်ရှိသည် ဆိုသော အရိုးစုခေါင်းသင်္ကေတတို့က အလွန် အကျဉ်းတန်နေဆဲပင်ဖြစ်သည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားဒီမိုကရက်တစ်တပ်ဦး ABSDF (ဘုရားသုံးဆူးဒေသ) အင်အား ၂၀၀ ဝန်းကျင်ခန့် ထို ရွာပျက်၌ စခန်းချ နေထိုင်လျှက်ရှိသည်၊ သူ့ဖာသာ အလေ့အကျပေါက်သော သင်္ဘောသီး၊ ရွှေဖရုံ၊ ဗူး၊ ငှက်ပျောသီးတို့က ရိက္ခာအထောက်အပံ့များ ဖြစ်နေသည်။
၈၈ အရေးအခင်းပြီး စစ်တပ်အာဏာသိမ်းပြီးနောက် မကြာမီတွင် မွန်ပြည်သစ်ပါတီသို့ မွန်ကျောင်းသားနှင့်ပြည်သူအင်အား ၁၅၀၀ ကျော် ဝင်ရောက်လာသည်၊ ရုတ်တရက် တိုးပွားလာသည့် တပ်ဖွဲ့ဝင် ဦးရေကြောင့် မွန်ပြည်သစ်ပါတီအနေဖြင့် ရိက္ခာ ဖူလှုံရေးအတွက် ထိပ်ပိုင်းခေါင်းဆောင်များ အခက်အခဲအတော် ဖြစ်နေရသည့်ကာလလည်း ဖြစ်နေသည်၊ တစ်ဖက်တွင် မိမိ ဒေသသို့ ရောက်ရှိလာသော ABSDF ကျောင်းသားတပ်ဖွဲ့ဝင်များ၊ အချို့သော အစုအဖွဲ့ငယ် မဟာမိတ်ဝင်များ ရပ်တည်နိုင် ရေးအတွက် ရိက္ခာ၊ လက်နက်၊ ငွေကြေးတို့ကိုလည်း ထောက်ပံ့နေရပြန်သည်။
မွန်ပြည်သစ်ပါတီ ဗဟိုဌာနချုပ်တည်ရာ နမ်းပကိက်ရွာ (ဘုရားသုံးဆူး - စံခလပူရီ ကားလမ်ဘေး (ယခု ထိုင်းနယ်မြေထဲ မသိသာဝင်သွားပြီး)အနီး မှ ဘုရားသုံးဆူသို့ တစ်နာရီခန့် ခက်ခက်ခဲခဲ ကားဖြင့် သွားကြရသည်၊ ဆရာနိုင်နွန်လာနှင့်အဖွဲ့ အခမ်းအနားကျင်းပရာ နေရာသို့ ရောက်ရှိလာပြီး မကြာမီတွင် အခမ်းအနား စတင်ခဲ့ပါသည်။ စင်မြင့်ပေါ် ဆရာ့အနီး သဘာ ပတိအဖွဲ့ဝင်အဖြစ် ကေအန်ယူမှ ဗဒိုသာအဲ (ဦးတင်ဦး)လည်း တက်ရောက်ပါသည်။
ဆရာသည် လက်ရှိကာလ တော်လှန်ရေး ဒီရေအရှိန်အဟုန် တိုးတက်မြင့်မားလာမှုအပေါ် စိတ်ဓါတ်အလွန်တက်ကြွအားရ နေသည်။ ချိနဲ့နေသည့်ပါတီ၏ဘဏ္ဍာရေးအခြေအနေကို စိတ်အေးအေးဖြင့် ခက်ခက်ခဲခဲ အဖြေရှာကျော်ဖြတ်နေရစဉ် ကာလများတွင် မှိုင်တွေငေးမောသည့်မျက်နှာအသွင် သူ့ထံ လုံးလုံးမတွေ့မိ၊ သူ၏မိန့်ခွန်းများတွင်လည်း ပြည်သူနှင့်အတူ မကြာမီ မုချအောင်ပွဲ ဆင်နွှဲရမည်ဖြစ်ကြောင်း မြွက်ကြားလေ့ရှိပါသည်။
အခမ်းအနား၏ထုံးစံအတိုင်း အလံတော်၊ ကျဆုံးအာဇာနည်းရဲဘော်တို့ကို အလေးပြု ကြပြီး သဘာပတိ အဖွင့်မိန့်ခွန်း ချွေရ ပါသည်၊ ဆရာကြီး၏ ပဏာမ မိန့်ခွန်းအစမှာ အားမာန်ပါပြီး စိတ်ဓါတ်အလွန်တက်ကြွနေသည်။ သို့သော် နှစ်မိနစ်ခန့် အကြာတွင် အသံနေအသံထား မှုမမှန်တော့ပေ၊ ဆရာ၏ညာလက်တဖက် မြောက်လာပြီး တစ်စုံတစ်ခုကို လှမ်းဆွဲဟန်နှင့် ဝုန်းကနဲ ပက်လက်လန် လဲကျလေတော့သည်။
အခမ်းအနားမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့သည်၊ ကျနော်တို့အားလုံးမှာ ခြေမကိုင်မိ၊ လက်မကိုင်မိ၊ ဘာလုပ်ရမှန်း တောင်မသိ၊ ဆရာကြီးအသက်မရှိတော့ပါ၊ ရုပ်အလောင်းကို ဗဟိုဌာနချုပ်သို့ ချက်ချင်း သယ်ဆောင်လာပြီး မပြီးသတ်သေး သောအခမ်းအနားကို စိတ်မကောင်းအံ့သြစွာဖြင့် ဆက်လက်ကျင်းပခဲ့သည်။
ဆရာ၏နှလုံးရောဂါ ကျန်းမာရေးအခြေအနေကို ဆရာနှင့် အလွန်ရင်းနှီးကျွမ်းကျင်သူတစ်ဦးဖြစ်သော ဘန်ကောက်မြို့ စီရီရာတ် (Sirirat Hospital) ဆေးရုံကြီးမှ နှလုံးရောဂါဗေဒ အထူးကျွမ်းကျင်သူအဖြစ် စာပို့ချနေသူ ဆေးရုံအုပ်ကြီး ထိုင်း နိုင်ငံသား ဒေါက်တာ စူအက်ဂဇသေဏီ (ဘုရင့်သမားတော်) သူ့အား သတိပေးခဲ့ဘူးသည်၊ မော်တော်ကားခရီးရှည်၊ လမ်း ကြမ်းများကို အဓိကရှောင်ရှားရန်ဖြစ်၏၊ (၆) လသာအသက်ရှင် နေထိုင်ခွင့်ရှိတော့မည်ဟုဆိုခဲ့သည်။ သို့သော် ဆရာသတိ ပြုမိဟန် မထင်ပါ။
ဆရာ၏ကြွင်းကျန်သော ရုပ်ကလာပ်ကို (၇) ညတိုင်တိုင် မွန်ပြည်သစ်ပါတီ ဗဟိုဌာနချုပ် (နမ်းပကိတ်)တွင် ဂါရဝပြုထားရှိပြီး ရဟန်းရှင်လူ၊ ပြည်သူပရိသတ်၊ မိမိပါတီပါဝင်ရဲဘော်၊ မဟာမိတ်အဖွဲ့ဝင်၊ ထိုင်းနိုင်ငံသားမွန်လူမျိုးများ ထောင်ဂဏန်းမက ဗဟိုဌာနချုပ်အနီးရှိ အာဇာနည်သင်္ချိုင်းသို့ လိုက်လံပို့ဆောင်ပြီးစစ်အခန်းအနားကြီးဖြင့် မီးသဂြုင်္ိလ်ပွဲ ပြုလုပ်သည်။
ဆရာ မိန့်ခွန်းချွေတိုင်း အမြဲပါလေ့ရှိသော စကား(၃)ခွန်းမှာ-နိုင်ငံရေးသမား၊တော်လှန်ရေးသမားဆိုတာ-
(၁) အများတကာ ရှေ့မှောက်မှာ ရင်ဆိုင်ဖြေရှင်းရဲတဲ့ သတ္တိရှိရမယ်။
(၂) အများတကာ ရှေ့မှောက်မှာ မှန်ကန်တဲ့ဘက်က ရပ်တည် လုပ်ဆောင်ရဲရမယ်။
(၃) အများတကာ ရှေ့မှောက်မှာ တိုက်ပွဲဝင်ရင်း အသေခံရဲရမယ်။
ဆရာအမြဲမြွက်ကြားလေ့ရှိသော အဆိုအမိန့်အတိုင်း အများတကာ ရှေ့စင်ပေါ်တွင် ကွယ်လွန်ခဲ့ပြီး မဟုတ်ပါလား၊ကွယ်လွန် ချိန်တွင်အသက်(၇၂)နှစ်ရှိပြီးဖြစ်သည်။ ဆရာ၏ အရိုးပြာကို မွေးရပ်မြေဖြစ်သော မုဒုံမြို့နယ်၊ နှီးဗဒေါကျေးရွာ၊ ရွာလယ် စေတီဝင်းတွင် ပုံရုပ်ထု ပြုလုပ်ထားရှိသည်။

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ နှီးပဒေါကျေးရွာ (နိုင်နွန်လာ၏မွေးရပ်မြေဇာတိ) ရွာလည်စေတီဝင်းအတွင်း နိုင်နွန်လာ၏အမှတ်တရ ရုပ်တု
စကားချပ်။ ။ မွန်ပြည်သစ်ပါတီ ဗဟို ဥက္ကဌကြီးအဖြင့် ဦးဆောင်ထမ်းရွက်ခဲ့သူများမှာ-
(၁) နိုင်ရွှေကျင်(ကွယ်လွန်)
(၂) နိုင်နွန်လာ (ကွယ်လွန်)
(၃) နိုင်ထင်(ကွယ်လွန်)
(၄) နိုင်ထောမွန်( ယခုလက်ရှိ မွန်ပြည်သစ်ပါတီ ဥက္ကဌကြီး တို့ဖြစ် ကြသည်။
(ဤဆောင်းပါးဖြင့် ရှစ်လေးလုံးအနှစ် ၂၀ ပြည့် ခရီးကို ဖြတ်သန်းလာသည့် တော်လှန်ရေးသမားများနှင့် ဆရာ နိုင်နွန်လာအား ဂုဏ်ပြုပါ၏ ။)
၈၈ မျိုးဆက်မွန်ကျောင်းသားတစ်ဦး
|