ဆောင်းပါး
မြန်မာပြည်၏ အခြေခံနိုင်ငံရေးအဆောက်အအုံကို ဘယ်သူတွေက ပြုပြင်ပြောင်းလဲနိုင်သလဲ
မြန်မာပြည်၏ အသွင်ကူးပြောင်းရေးကာလကို လေ့လာသော်(၂) |
ဗညားဟံသာ / ဇူလိုင် ၁၊ ၂၀၀၈
ကျွန်ုပ်တို့မြန်မာပြည်၏ အခြေခံနိုင်ငံရေး အဆောက်အအုံဟာ ဖွဲ့စည်းပုံအခြေခံဥပဒေထက် နိုင်ငံသားတို့၏ နိုင်ငံရေးအသိ တရား တိုးတက်ရင့်ကျက်ဖို့ အထူးပင် အရေးကြီးသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို (၁၀)နှစ်ကျော် ရေးဆွဲမပြီးခြင်းသည် ကျွန်ုပ်တို့နိုင်ငံသားတွင် နိုင်ငံရေးအသိတရား မတိုးတက်၊ မပြောင်းလဲသည့်အတွက် ကြောင့် ဖြစ်သည်။ တိုင်းပြည်တစ်ပြည် တွင် နိုင်ငံသားတွင် နိုင်ငံရေးအသိတရား မတိုးတက်၊ မတက်ကြွ၊ မထွန်းကားလျှင် စစ်အာဏာရှင်ဖြစ်စေ၊ သာမန်အရပ်သား အစိုးရဖြစ်စေ၊ အာဏာကို အလွယ်တကူသုံးစားပြီး အချိုးအကျမရှိ တိုင်းပြည်ဘဏ္ဍာကို သုံးဖြုန်းလေ့ရှိသည်။ နှစ်ပေါင်း (၂၀)ပြည့်လာသော ဒီမိုကရေစီလှုပ်ရှားမှုနှင့် တိုင်းပြည်အသွင်ကူးပြောင်းရေးအတွက် ကြိုးစားလာခဲ့ခြင်းသည် မည်မျှ လောက်အောင်မြင်သည်၊ ကျရှုံးသည်ကို ကောက်ချက်ချရန်အတွက် နိုင်ငံသားတို့၏နိုင်ငံရေး အသိဥာဏ် ရင့်ကျက်မှုအပေါ် တွင် များစွာ တည်မှီပေသည်။ မြန်မာပြည်၏အခြေခံနိုင်ငံရေး အဆောက်အအုံကို ပြုပြင်ပြောင်းလဲရေးအတွက် နိုင်ငံသား တိုင်း၏မွေးရာပါအခွင့်အရေးသည် အခြေခံသော့ချက်အဖြစ် အရေးပါသည်ဟု ကျွန်ုပ်တို့ရှုမြင်ဆင်ခြင်သုံးသပ်ရပေမည်။
ကျွန်ုပ်တို့နိုင်ငံ၏နိုင်ငံရေး အခြေခံအဆောက်အအုံကို ပြုပြင်ပြောင်းလဲရာတွင် အထက်တွင် သီးသန့်လေးနက်စွာ ထုတ်ဆိုခဲ့ သော နိုင်ငံသားတို့၏နိုင်ငံရေးအသိတရား ရင့်ကျက်မှုသည် ယခုလက်ရှိ နိုင်ငံရေး ဖြစ်ပျက်မှု၊ ပြောင်းလဲမှု၊ အောင်မြင်ကျရှုံး မှုနှင့်ယုတ်ကျနိမ့်ဆင်းမှုတွေအပေါ် အခြေပြုပြီး မိမိတို့ လက်လှမ်းမှီရာ ရှုဒေါင့်နှင့်ဆင်ခြင်တုံတရားတွေအပေါ် အမှီပြုပြီး ခေတ်သစ်နိုင်ငံရေးသိပ္ပံပညာရှင်များက အမျိုးမျိုး ကောက်ချက်ချကြပေမည်။ သို့လင့်ကစား သာမန်ပြည်သူတွေ၊ သာမန် တောကျေးတောင်သားတွေ၊ သာမန်တိုင်းရင်းသားလူထုတွေ နားလည်လွယ်တဲ့နိုင်ငံရေးဝေါဟာရ၊ နိုင်ငံရေးအစီအစဉ်နှင့် နိုင်ငံရေး အခြေခံသဘောတရားတွေကို ယနေ့ခေတ် မြန်မာ့နိုင်ငံရေးသိပ္ပံပါရဂူတွေက မှတ်သားလောက်အောင် ပြောဆို ရေးသားမှု မပြုနိုင်ခဲ့ကြပေ။ ဤနှစ်(၂၀)အတောအတွင်း မြန်မာပြည်အကြောင်းကို အင်္ဂလိပ်ဘာသာဖြင့် စာအုပ်ပေါင်း (၁၀၀) ကျော်၊ စာတမ်းပေါင်း(၁၀၀၀) ကျော်နှင့် အစီရင်ခံပေါင်း ရာပေါင်းများစွာကို နိုင်ငံအသီးသီး၊ အဖွဲ့အစည်းအသီးသီး တို့က ထုတ်ဖေါ်ရေးသားထုတ်ဝေလာခဲ့ကြသည်။ သို့သော် ကျွန်ုပ်တို့သာမန်အရပ်သားတွေ၊ တောင်သူလယ်သမားတွေနှင့် သာမန်အလုပ်သမားတွေ သိသင့်သိထိုက်ပြီး လက်တွေ့ကျကျ ပုံဖော်ဆောင်ရေးအတွက် ခေတ်သစ်နိုင်ငံရေးအယူအဆ စာအုပ်စာတမ်း သိပ်မများသေးချေ။ ထိုင်းနိုင်ငံအခြေစိုက် လူ့အဖွဲ့အစည်းအသီးသီးတွေက လက်လှမ်းမီရာအကြောင်းအရာ တချို့တလေကို ထုတ်ဝေဖြန့်ဖြူးလာခဲ့ကြသည်။ ထို့ကြောင့် မြန်မာပြည် အခြေခံနိုင်ငံရေးပြုပြင်ပြောင်းလဲရေးအတွက် ကျွန်ုပ်တို့နိုင်ငံသားတို့၏အသိတရားရင့်ကျက်မှုနှင့် တာဝန်သိမှု၊ တာဝန်ယူမှုသည် လိုအပ်သောအတိုင်းအတာပမာဏကို မမှီသေးချေ။
လူသားတစ်ဦးတစ်ယောက်သည် မိမိတို့၏ကိုယ်ပိုင် လွတ်လပ်စွာ တွေးခေါ်ခွင့်၊ ရေးသားပြောဆိုခွင့်၊ ဆွေးနွေးတိုင်ပင်ခွင့်၊ တီထွင်မွမ်းမံခွင့်၊ အမှားအမှန်နှင့်အကောင်းအဆိုးကို ယထာဘူတကျစွာ ဝေဖန်ပိုင်းခြားခွင့်စတဲ့အခြေခံအသိညာဏ်ရင့်ကျက် မှုတွေကို ပိတ်ပင်ခံထားရလျှင် ၎င်းတို့နေထိုင်သောတိုင်းပြည်တွင် နိုင်ငံရေးအသိတရား ရင့်ကျက်ရန် အလွန်နှောင့်နှေးပေ သည်။ ဤအတွေ့အကြုံတွေကြောင့် ကျွန်ုပ်တို့မြန်မာပြည်တွင် အမျိုးသားရေးအကျိုးစီးပွား စဉ်းစားရာတွင် တိုင်းရင်းသားတို့ ၏လက်ကိုင်ယုံကြည်ထားသော နိုင်ငံရေးအခြေခံလမ်းစဉ်နှင့် ဗမာတိုင်းရင်းသားတို့ လက်ခံယုံကြည်သော နိုင်ငံရေးအခြေခံ လမ်းစဉ် များစွာ ကွဲပြားခြားနားလာခဲ့သည်။ မြန်မာပြည်ကို လွတ်လပ်ရေးရပြီးလျှင် “အေးအတူ ပူအမျှ၊ ဥမကွဲသိုက်မပျက် ဗမာတစ်ကျပ် ရှမ်းတစ်ကျပ်” ဆိုတဲ့နိုင်ငံရေးလမ်းစဉ်ကို သွေဖီပြီး “နိုင်ငံတော်” ဆိုသောဝေါဟာရနှင့် ဗမာတွေက အပိုင်စီး ယူလိုက်ပြီး ကျန်သောတိုင်းရင်းသားတွေကို ဒုတိယတန်းစားနိုင်ငံသားအဖြစ် အသွတ်သွင်းခံခဲ့ရသည်။ ဤညံ့ဖျင်းသော နိုင်ငံရေးအသိတရားကြောင့် ပြည်တွင်းစစ်တောက်လောင်ခြင်း၊ နိုင်ငံရေးတက်ကြွသောလူငယ်တွေကို ညှင်းပန်းနှိပ်စက်ခြင်း၊ ဆန္ဒပြတောင်းဆိုမှုပြုခြင်းကို လိုက်လံဖမ်းဆီးချေမှုန်းခြင်း စသောနိုင်ငံရေးရာဇဝတ်မှုတွေကို အစိုးရအဆက်ဆက် ဗမာစစ် အာဏာရှင်တွေက ကျူးလွန်လာခဲ့သည်။ နှစ်ပေါင်း ၆၀ ကျော်လာသော ဤနိုင်ငံရေးအသိတရားခေါင်းပါးမှုနှင့် အမျိုးသား ရေးဝါဒ ကျဉ်းမြောင်းမှုကြောင့် ကျွန်ုပ်တို့တိုင်းပြည်၏အကျိုးစီးပွား ရေရှည်ပျက်စီးလာခဲ့သည်ကို ယနေ့ ကျွန်ုပ်တို့မျက်မြင် ကိုယ်တွေ့ ဖြစ်သည်။
ကျွန်ုပ်တို့ခေတ်တွင် တကမ္ဘာလုံး၏နိုင်ငံရေး ရေစီးကြောင်း ပြောင်းလဲကူးလူးဆက်ဆံမှုကြောင့် တိုင်းပြည်အချင်းချင်း၊ လူမျိုး အကြားအချင်းချင်း သင့်မြတ်လျော်ကန်စွာ ဆက်ဆံနေထိုင်ပြီး အကျိုးတူပူးပေါင်းဆောင်ရွက်ရေး စံနှုန်းတွင် လက်ဝဲလက် ယာထက် သို့မဟုတ် အရှေ့နှင့်အနောက်တိုင်းယဉ်ကျေးမှုထက်၊ အမေရိကန်နှင့်တရုတ်၊ ဥရောပနှင့်အာယှ၊ အမေရိကန်နှင့် အေရှပစိဖိတ်နိုင်ငံကြီးတို့က ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးနှင့်အကျိုးတူပူးပေါင်းဆောင်ရွက်ရေးကို အလေးပေးလာ ခဲ့ကြသည်။ ကျွန်ုပ်တို့မြန်မာနိုင်ငံက နိုင်ငံတကာဆက်ဆံရေးတွင် လွန်ခဲ့သောနှစ်ပေါင်း ၃၀ ကျော်ကျော်က သေးသိမ်နှောင့် နှေးပြီး ရေရှည်တိုင်းပြည်အကျိုးစီးပွားထက် ရေတို မဆလ၊ နဝတ၊ နအဖတို့၏အာဏာတည်မြဲရေးအကျိုးကျေးဇူးကိုသာ တစိုက်မတ်မတ် အာရုံစိုက်လာခဲ့သည်။ အရှေ့တောင်အာရှနိုင်ငံများအသင်း ASEAN သည် အောက်ကျနောက်ကျသော နိုင်ငံ ရေးလမ်းစဉ်များကြောင့် နိုင်ငံတကာဆက်ဆံရေးတွင် စံနှုန်းမမှီခဲ့သော ၂၀၀၆-၀၇ နှစ် ကောက်စရာမရှိအောင် ယိုယွင်းပျက် စီးနေသော လူအခွင့်အရေးစံနှုန်းကြောင့် (အရှေ့တောင်အာရှ) လူ့အခွင့်အရေးပဋိညာဉ်စာတမ်းကို ရေးသားပြဋ္ဌာန်းလာခဲ့ သည်။ သို့ဆိုလျှင် ကျွန်ုပ်တို့မြန်မာပြည်၏နိုင်ငံရေးအသိတရားရင့်ကျက်မှုသည် ဘယ်အတိုင်းအတာအထိ တိုးတက်ထွန်း
ကားရန် လိုအပ်သည်ကို ထောက်ရှုလေ့လာသင့်ပေပြီ။
အကြမ်းဖက်သောနိုင်ငံရေးအခြေခံလမ်းစဉ်တွေကြောင့် မဆလ (ဆိုရှယ်လစ်အစိုးရ) ပြုတ်ကျသွားခြင်း၊ မရင့်ကျက်သော၊ မမျှတသော၊ မမှန်ကန်သောနိုင်ငံရေးသဘောထားနှင့်ဘဘောတရားတွေကြောင့် ဖဆပလအစိုးရ နှစ်ခြမ်းကွဲခြင်းနှင့် မရိုး သားသော နိုင်ငံရေးသဘောထားတွေကြောင့် ယနေ့လက်ရှိ နဝတအစိုးရ ကွဲပြား၊ လုယက်နေကြခြင်းကို ပြန်ထောက်ရှုလျှင် ကျွန်ုပ်တို့မြန်မာပြည်သည် နှစ်ပေါင်းများစွာ နိုင်ငံရေးအသိတရား ယိုယွင်းပျက်စီးနေခဲ့သည်ဟု ကောက်ချက်ချရပေသည်။ ယနေ့လက်တွေ့တွင် ဒီမှားယွင်းမှုနှင့် တိုင်းပြည်နှင့်လူမျိုးအတွက် နိုင်ငံသားတိုင်းအတွက် အကျိုးကျေးဇူးမရှိသော အခြေခံ နိုင်ငံရေးအဆောက်အအုံတွေကို လက်လှမ်းမှီရာက ပြုပြင်ပြောင်းလဲရန် အစိုးရနှင့်အတိုက်အခံအုပ်စု၊ တပ်မတော်နှင့် လက် နက်ကိုင်တော်လှန်ရေးအုပ်စုတို့အကြားတွင် ကြီးမားသောတာဝန်ရှိသည်။ ၎င်းအပြင် နိုင်ငံသားတိုင်းတွင်လည်း မှန်ကန်ရိုး သားသော နိုင်ငံရေးအကျင့်စာရိတ္တ စောင့်စည်းပြီး အမှားတွေကို၊ မတရားမှုတွေကို၊ မမျှတမှုတွေကို မလုပ်မိစေရန်လည်း တာဝန်ရှိသည်။ ကျွန်ုပ်တို့အသက်ရှင်ရေးနှင့်လူနေမှုအေးချမ်းရေးအတွက် နိုင်ငံတော်တည်ငြိမ်ရေးသည် နိုင်ငံသားတို့၏ နိုင်ငံရေးအသိတရား၊ အတွေးအခေါ်၊ အယူအဆနှင့်ယုံကြည်မှုအပေါ်တွင် တည်မှီသည့်အားလျော်စွာ နိုင်ငံတော်၏တာဝန်ကို ရယူထားသောအစိုးရသည် တရားမျှတမှုကို အလေးအနက် ဆောင်ရွက်ကျင့်သုံးကြရမည်။
အထက်တွင်အကြောင်းအကျိုး ဆီလျော်စွာထောက်ပြထားသောအခြေခံအချက်အလက်များကိုထောက်ရှုလျှင် ကျွန်ုပ်တို့ မြန်မာတိုင်းပြည်တွင် အခြေခံနိုင်ငံရေး အဆောက်အအုံကို ပြုပြင်ပြောင်းလဲရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ အရေးသား ပြောင်းလဲရုံနှင့် မပြီးချေ။ နအဖ၏နိုင်ငံရေးလမ်းညွှန်ချက် (၇)ရပ်သည် အမှန်စင်စစ် အခြေခံနိုင်ငံရေး တည်ဆောက်မှုတွင် တစ်စိတ်တစ်ပိုင်းသာဖြစ်ပြီး သော့ချက်မဟုတ်ချေ။ နိုင်ငံသားတိုင်း၏တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ၊ အဖွဲ့အစည်းအရ ဖြစ်စေ၊ လူမျိုးအလိုက်ဖြစ်စေ အချိုးကျတဖုံ လိုအပ်ချက်အရတဖုံ နည်းမျိုးစုံလင်စွာ ပါဝင်ပူပေါင်းမှု ဆွေးနွေးခြင်းများ အပေါ်ခြေခံပြီး တိုင်းပြည်၏ဖွဲ့စည်းပုံအသစ်ရော၊ အခြေခံနိုင်ငံရေးအဆောက်အအုံအသစ်ပါ လက်တွေ့ကျကျ တရားမျှတစွာ ပုံဖော်ဆောက်ရွက်ကြရပေမည်။ နှစ်ပေါင်းများစွာ ကျွန်ုပ်တို့များ အမျိုးသားရေး မုန်းတီးမှု၊ အနိုင်ယူအကြမ်းဖက်မှု၊ တစ်ဖက်သတ်အာဏာ ကျူးလွန်မှုနှင့်အကျိုးမဲ့တိုင်းပြည်လွတ်လပ်ရေး၏အခွင့်အရေးတွေကို စစ်တပ်အုပ်စု (ဗမာအမျိုသား တစ်ခုလုံးမဆိုလို)က အပေါ်စီးရယူထားခြင်းကြောင့် ကျွန်ုပ်တို့တိုင်းပြည်တွင် အကြောက်တရား၊ သံသယတရား၊ မနာလို ဝန်တိုမှုအပြင် အချင်းချင်း သတ်ဖြတ်မှုကိုပါ တွေ့ကြုံလာခဲ့ကြသည်။ ဤပြုပြင်ပြောင်းလဲမှုခရီးတွင် နိုင်ငံရေးအရ မှတ်ကျောက်တင်မှု၊ အစမ်းသပ်ခံမှု နှင့် လက်တွေ့တွင် တိုင်းပြည်ကို ကိုယ်စားပြုမှုသည် နိုင်ငံရေးပြုပြင်ပြောင်းလဲရာတွင် ရေသောက်မြစ်ဖြစ်သည်။ ဤပြုပြင်ပြောင်းလဲမှုဖြတ်သန်းရေးခရီးတွင် တစ်ဖက်နှင့်တစ်ဖက် အနိုင်အရှုံးမရှိ သင့်မြတ်စေ ရန် အရေးကြီးသည်။
မြန်မာပြည်တွင်နိုင်ငံရေး ခေါင်ဆောင်အများစုသည် အစမ်းသပ်ခံမှုကို ကြောက်သည်။ တစ်ဗိုလ်တစ်မင်းစနစ်ကို လက်ကိုင် ယုံကြည်သည့်တစ်ပါတီအာဏာရှင်စနစ်နှင့်သာ ပွဲပြီး သတ်ကြသည်၊ တင်းပြည့်သောနိုင်ငံရေးသဏ္ဍာန်ကို လက်မခံခဲ့ချေ၊၊ ထို့ကြောင့် ကျွန်ုပ်တို့ခေတ်တွင် ယနေ့လက်တွေ့တွင် ပါတီကို ကိုယ်စားပြုခြင်း၊ လွှတ်တော်ကို ကိုယ်စားပြုခြင်းနှင့်တိုင်းပြည် ကို ကိုယ်စားပြုခြင်းသည် ခက်ခဲသောနိုင်ငံရေးအဆောက်အအုံကို မလွဲမသွေ ကျော်ဖြတ်ရပေမည်။ နှစ်ပေါင်း (၂၀)ကျော် လာသော ဤပြုပြင်ပြောင်းလဲမှုခရီးတွင် ပြည်တွင်းနိုင်ငံရေးခေါင်းဆောင်၊ ပြည်ပနိုင်ငံရေးခေါင်းဆောင်နှင့်တပ်မတော်မှ နိုင်ငံရေး ခေါင်းဆောင်များ နှစ်တိုနှစ်ရှည်၊ ရေတိုရေရှည် အာဏာခွဲဝေရေးနှင့်ပြည်ထောင်စု(အသစ်) တည်ဆောက်ရန် အတွက် ရင့်ကျက်သောနိုင်ငံရေးအသိတရားမှ စတင်တည်ဆောက်ရပေမည်။ ကျွန်ုပ်တို့မတိုင်ခင်ခေတ်က မှားယွင်းခဲ့သော မကျေချမ်းခဲ့သော၊ ဖောက်ဖျက်ခဲ့သောကတိများကို နိုင်ငံရေးသင်ခန်းစာယူပြီး ပြေလည်သောအပေးအယူ၊ မျှတသော အာဏာခွဲဝေသုံးစွဲမှုနှင့် နိုင်ငံတော်နှင့်အမျိုးသားအကျိုးစီးပွားကို အခြေခံပြုသောနိုင်ငံရေးအဆောက်အအုံ အစိုးရယန္တရား နှင့် တိုင်းပြည်ဘဏ္ဍာကို ပြည်ထောင်စု(အသစ်)တွင် လူဦးရေအချိုးကျစွာ ခွဲဝေယူရန်လိုအပ်သည်။ ဤမျှအခြေခံကျသော နိုင်ငံရေးပြုပြင်ပြောင်းလဲမှုကို လက်မခံကြလျှင် စစ်ရေးအရ အချင်းချင်းဖိနှိပ်မှု၊ နိုင်ငံရေးအရ အကြမ်းဖက်မှု ဆက်လက်ဖြစ် ပေါ်လာနေမည်သာဖြစ်သည်။ ဤခေတ်သစ်တွင် အကြမ်းဖက်မှုသည် မည်သည့်အကြမ်းဖက်မှုမဆို နိုင်ငံတကာအသီးသီး က မထောက်ခံတော့ချေ။
မြန်မာပြည်၏အခြေခံနိုင်ငံရေးအဆောက်အအုံးကို ဘယ်သူတွေက ပြုပြင်ပြောင်းလဲနိုင်သလဲဆိုသည့်မေးခွန်းသည် ကျွန်ုပ် တို့နိုင်ငံတွင် လူတိုင်းရဟန်းသံဃာအပါအဝင် သိပ္ပံပညာရှင်၊ အတတ်ပညာရှင်နှင့် အစိုးရဝန်ထမ်းများပါ တက်ကြွသော နိုင်ငံရေးအတွေးအခေါ်နှင့်တိုးတက်သောနိုင်ငံရေးအသိတရားရင့်ကျက်စေကာ လက်လှမ်းမှီရာက တစစီတစစီ တဖြေးဖြေး ပြုပြင်ပြောင်းလဲသွားရန် တာဝန်ရှိသည်။ မြန်မာပြည်တွင် နိုင်ငံရေးပါတီ ထူထောင်မှုဥပဒေ၊ တိုင်းရင်းသားပြည်(နယ်)များ တွင် ထားအပ်သောဥပဒေနှင့် ပြည်မ ခေါ် (ပြည်ထောင်စုအသစ်)တွင် ထားအပ်သောဥပဒေ စသောအခြေခံဥပဒေ ပြောင်းလဲမှုများကို လက်တွေ့ကျကျ အကောင်အထည်ဖော်ဆောင်ရေးအတွက် နိုင်ငံသားတို့၏နိုင်ငံရေးအသိတရားသည် အကြွင်းမဲ့ အရေးပါသည်။ မည်သည့်ဥပဒေအသစ်ပြဌာန်းစေကာမူ ၄င်းဥပဒေကို အကျိုးသက်ရောက်မှုမရှိပါက ဥပဒေသည် ကောင်းကျိုးထက် ဆိုးကျိုးသာများသည်။ နှစ်ပေါင်း(၆၀)ကျော် ညံ့ဖျင်းသော၊ ကျဉ်းမြောင်းသော (စစ်တပ်နှင့် အချို့ဗမာ့နိုင်ငံရေး)ခေါင်းဆောင်တို့၏မရင့်ကျက်မှုကြောင့် ပြည်တွင်းစစ်အပြင် တိုင်းပြည်ပါနိမ့်ကျလာခြင်းကိုထောက်ရှုလျှင် ကျွန်ုပ်တို့တိုင်းပြည်တွင် အခြေခံနိုင်ငံရေးအဆောက်အအုံ ပြုပြင်ပြောင်းလဲမှုသည် သော့ချက်ဖြစ်သည်။ လက်တွေ့ကျသော ဤပြုပြင်ပြောင်းလဲမှုကို ရင့်ကျက်သော နိုင်ငံရေးအသိတရားကသာ အမျိုးသားအကျိုးစီးပွားကို အမာခံသည်၊ ခိုင်မြဲစေ သည်ဟု ယုံကြည်အပ်ပေသည်။
(ဒုတိယပိုင်းပြီး၏)
|