မူလစာမျက်နှာ
 သတင်း
 ဆောင်းပါး
 ကဗျာ
 အင်တာဗျူး
 အယ်ဒီတာ့
 ဓါတ်ပုံ
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
Kaowao burmese version


ဆောင်းပါး

နာဂစ်

မင်းတလပွန် / ဇွန် ၁၉၊ ၂၀၀၈

နာဂစ် ဆိုတာ အူရဒူ စကားလုံးအရ လှပတဲ့ပန်းကလေးတမျိုးရဲ့နာမည်မို့ မိဘတွေက မိမိတို့ရဲ့သမီးလေးတွေကို ပေးတတ်တဲ့နာမည်လေးပါ။ ကျုပ်တို့ဆီက မနှင်းဆီ၊ မစံပယ် စတဲ့ မိန်းကလေးတွေရဲ့နာမည်နဲ့ ဆင်ဆင်တူမယ် ထင်ပါတယ်။

လွန်ခဲ့တဲ့မေလက အိန္ဒိယသမုဒ္ဒရာမှာ ဖြစ်ပေါ်ခဲ့တဲ့မုန်တိုင်းကို မိုးလေဝသပညာရှင်တွေက နာဂစ်လို့ နာမည်ပေး ခဲ့ကြပါတယ်။ မုန်တိုင်းအစပျိုးချိန်မှာ ထိုင်းနိုင်ငံက ရုပ်မြင်သံကြားသတင်းတွေမှာ တွေ့နေခဲ့ပါတယ်။ အစပိုင်းသတင်း တွေအရ မုန်တိုင်းက မွန်ပြည်၊ ကရင်ပြည်ကို ဖြတ်ပြီး ထိုင်းနိုင်ငံ ချင်းမိုင်၊ ချင်းရိုင်ခရိုင်တွေကို ဖြတ်သန်းသွားမယ်လို့ ကြေညာထားပါတယ်။

ဒါပေမဲ့ တကယ်ကုန်းတွင်းကို တန်းဝင်သွားတာက ကျုပ်တို့ရဲ့ပြည်ထောင်စုထဲက ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသဆီကို ဘိုကလေး၊ လပ္ပတ္တာ၊ မြောင်းမြ၊ ဖျာပုံ၊ ရန်ကုန်၊ ပဲခူးနဲ့  မွန်ပြည်၊ သံဖြူဇရပ်ဖက်တွေကိုပါ။

နောက်ဆက်တွဲသတင်းတွေအရ တစ်နာရီ မိုင် ၁၂၀ ထိ ပြင်းအားရှိတဲ့မဟာမုန်တိုင်းကြီးနဲ့ တပါးထဲပါလာမဲ့ ပင်လယ်လှိုင်း လုံးကြီးတွေနဲ့ဆို လမ်းကြောင်းတလျှောက် ဖွတ်ဖွတ်ညက်ညက်ကို ကြေသွားမှာပေါ့။ စိုးရိမ်းခဲ့ရတဲ့အတိုင်းပါဘဲ။ ပထမဆုံး ရန်ကုန်မြို့ရဲ့လမ်းမကြီးတွေပေါ်မှာ အမြစ်ပါထောင်ပြီး အတုံးအရုံးလဲပြိုနေတဲ့ သစ်ပင်ကြီးတွေ၊ ကျိုးပြတ်နေတဲ့ဓါတ်မီးတိုင် တွေ၊ အမိုးလန်တဲ့အိမ်၊ ပြိုလဲနေတဲ့အိမ်တွေရဲ့ဓါတ်ပုံနဲ့သတင်း၊ ထိတ်လန့်တုန်လှုပ်သွားမိတယ်။

နောက်ပိုင်းသတင်းတွေက ရန်ကုန်နယ်နိမိတ်အပြင်ကို ထွက်လာတယ်။ ဘိုကလေး၊ ဖျာပုံ၊ လပ္ပတ္တာ အခြေအနေမြင်ကွင်း တွေက အဆိုးတကာ့အဆိုးဆုံးတွေ။ တရွာလုံးပြောင်တလင်းခါတဲ့နေရာတွေ။ တံမျက်စည်းနဲ့ လှဲချတိုက်ချသွားသလို ပြောင်သလင်းကို ခါလို့။ အမိုးကွာ၊ ပြိုလဲပျက်စီးတဲ့အိမ်တွေ၊ ပြိုလဲသွားတဲ့ အိမ်အိုတ်နံရံ၊ ခြံအုတ်တံတိုင်တွေကို တွေ့ပြီး လူတွေ ဒီမုန်တိုင်းကြီးကို ဘယ်လိုရင်ဆိုင်ရပါ့မလဲလို့ တွေးမိတယ်။ ပြိုလဲထက်ပိုင်းကျိုးနေတဲ့သစ်ပင်အုန်းပင်ကြီးတွေ။ အရွက်ဆိုလို့ တရွက်ဆို တရွက်မှမရှိတော့တဲ့ အရိုးပြိုင်းပြိုင်းနဲ့ ငေါင်စူစူသစ်ပင်ကြီးတွေ။ မြေပြင်ဆိုလဲ ရေလွှမ်းတဲ့နေရာ လွှမ်း၊ မွဲခြောက်ပေရေနေတဲ့မြက်ပင်ကိုင်းပင်တွေ။ ဟော လူသေအလောင်းတွေ။ ဟိုမှာ ဒီမှာ။ လယ်ကွင်းမှာ။ မြစ်ရိုးချောင်း ရိုးတလျှောက်မှာ တချို့က ပက်လက်ကားယား၊ တချို့ကား မှောက်ခုံအရွယ်စုံ လူစုံ အစုန်အဆန် မျောပါနေကြတယ်။ ကမ်းနေဘေးမှာ ပိုးလိုးပက်လက်။ သစ်ပင်မှာ ချိတ်သေနေတဲ့ဟာနဲ့။ အိမ်ပြိုထဲညှပ်သေနေတာနဲ့။ သက်သာလို သက်သာညား အိမ်အုတ်နံရံမှာ စုပြီး ခိုနေကြတော့လဲ တိုက်နံရံပြိုလို့ အစုလိုက်ညှပ်ပိသွား၊ ညှပ်ပိလို့ ရှင်ကျန်တာကို လှိုင်းလုံးတွေက ရေထဲနှစ်ပြီး မသေမချင်း သတ်သွားကြသလိုပါပဲ။ အချို့က အချင်းချင်းဖက်လျှက်။  အချို့က လက်ချင်းတွဲ လျှက်။ မြင်ကွင်းတွေက ချောက်ချားစရာ။ သုဿာန်တစပြင်အလား။ မကောင်းဆိုးရွားတွေ ကြီးစိုးနေတဲ့နေရာ ရောက်သွား သလိုလို အနိဌာရုံတွေ နေရာတိုင်းမှာ ပြည့်နှက်လို့နေပြီ။

စာရင်းချုပ်လိုက်တော့ အသေအပျောက်က သိန်းဂဏန်းအထက် တဝက်ထက်ချိုးခါးနီး တသိန်းခွဲနီးပါးပေါ့။ ကျန်တဲ့သူတွေ က မိဘဘိုးဘွားသေ၊ သားသမီးမြေးမြစ်သေ၊ ဆွေမျိုး၊ မောင်နှမသေ၊ သေကွဲတွေနဲ့ မိဘမဲ့တွေ၊ သားသမီးမဲ့တွေ၊ နေ စရာမရှိ၊ စားစရာမရှိ၊ သောက်စရာရေသန့်နတ္ထိ၊ အဝတ်လဲစရာမရှိ။

ဒီလိုကမ္ဘာပျက်မလောက် သဘာဝဘေးဒဏ် ခံစားရတဲ့အချိန်မှာ တာဝန်သိ၊ တာဝန်ယူတတ်တဲ့ပြည်သူ့အစိုးရတွေဆိုရင် နိုင်ငံရဲ့အရေးပေါ်အခြေအနေအဖြစ် ကြေညာ။ တာဝန်ရှိသူတွေက ဘေးဒဏ်ခံဒေသကို ကိုယ်တိုင်သွားရောက်ပြီး ကျန်ရစ် သူကို အားပေး။ လိုအပ်တဲ့စားဝတ်နေကိစ္စတွေကို တတ်နိုင်သလောက် အမြန်ဆုံး ကူညီ။ လိုအပ်တဲ့နေရာတိုင်း ကယ်ဆယ် ရေးအဖွဲ့ ချက်ချင်းဖွဲ့။ အသေအပျောက်စာရင်း၊ ကျန်ရစ်သူစာရင်း၊ ပျက်စီးဆုံးရှုံးမှုစာရင်းတွေ၊ သတင်းအချက်အလက် အမှန်တွေကို ပြည်သူတွေသိရှိနိုင်ဖို့ နိုင်ငံပိုင်သတင်းမီဒီယာတွေကဆင့် ပြည်သူတွေကို အသိပေးရမှာပါ။ မိမိအစိုးရရဲ့ အင်အားနဲ့ မကူနိုင်ရင် ပြင်ပအကူအညီ လက်ခံပြီး လက်တွဲလုပ်ဆောင်ဖို့ လိုပါတယ်။

ဒါဟာ လူသားဆန်တဲ့ လုပ်ရပ်တွေပါ။

လတ်တလော လိုအပ်ချက်တွေ ဖြည့်ဆည်းပြီးရင် ပြန်လည်ထူထောင်ရေးအတွက် စီမံချက်ချလုပ်ဆောင်ဖို့ လိုလာပါတယ်။ ကလေး၊ လူကြီးအားလုံးတို့ရဲ့စိတ်အား၊ ကိုယ်အား ပြန်လည်ထူထောင်မှုတွေ လုပ်ဆောင်ရပါတယ်။  ဒီလိုလုပ်ဆောင်မှသာ နိုင်ငံနဲ့လူမျိုးကို တကယ်ချစ်တဲ့လူသားတွေ ဖြစ်မှာ။

တကယ်တမ်း အပြင်မှာ ဖြစ်နေတာက တိုက်ရိုက်ကို ပြောင်းပြန်ကျနေတယ်။ မုန်တိုင်း ဖျက်ဆီးခဲ့တာကို ဘာမှ ဖြစ်စလောက် လေးဖြစ်သယောင်နဲ့။ ဘယ်နိုင်ငံတော်အကြီးအကဲဆိုသူတွေကမှ ရောက်လာတယ်ကို မကြားရဘူး။ ရောက်လာတဲ့ ပါချီပါချဲ့ လေးကလဲ ဘာမှမဖြစ်စလောက်လေးပါ။ ဘာမှကိုသုံးလို့မရဘူး။ လူသိန်းချီသေတာကို ဘာမှဂရုစိုက်စရာမလိုသလိုနဲ့။ အသေအပျောက်ကိုလဲ ရာဂဏန်းလောက်ဘဲ ထုတ်ပြန်ပြီး လိမ်လို့မရတော့မှ ဖြစ်ရပ်မှန်ထက် ၁၅ ဆလောက် လျှော့ပြီး ထုတ်ပြန်ခဲ့ရတယ်။ အစိုးရက ဘာမှမလုပ်ရသေးတဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို လုပ်ဆောင်လို့  ပြီးသွားပါပြီး။ အခု ပြန်လည်ထူထောင်ရေး စလုပ်နေပြီးတဲ့။ ဒုက္ခရောက်တဲ့သူတွေအတွက် နိုင်ငံခြားက စေတနာနဲ့ပေးပို့လှုဒါန်းတာတွေကိုဖြတ်စားလျှပ်စား လုပ်လိုက်သေး၊ ရှက်ဖို့ကောင်းလိုက်တာ၊ သူတို့ကို မယုံလို့ ဒုက္ခရောက်သူတွေလက်ထဲအရောက် ကိုယ်တိုင်သွားရောက် အကူအညီပေးမယ်ဆိုပြန်တော့လဲ “အချုပ်အခြာအာဏာ ဝင်မစွက်နဲ့။ ငါ့တိုင်းပြည် ငါကြိုက်သလို လုပ်မယ်။ ပေးချင်ရင် ငါ့လက်ထဲကိုပေး။ ဒါဘဲ။”

ပြင်ပ စေတနာရှင်တွေ ကူပြန်တော့လဲ “ကူလို့ရတယ်။ ဒါပေမဲ့ ကားပေါ်ကနေ ပစ်ပြီး ဝေရမတဲ့”။ “ဒုက္ခရောက်သူတွေကို အင်တာမဗျူးရ။ ဓါတ်ပုံ မရိုက်ရ။ ဘာမပြောရ။ ညာမပြောရ။ သေသူတွေ၊ အပျက်အစီးနေရာတွေ ဓါတ်ပုံ မရိုက်ရ။ ဗွီဒီယို မရိုက်ရ။ ဘလော့ဂါဆီ မပို့ရ။ အဲဒါ ငါတို့နိုင်ငံတော်ရဲ့အလုပ်တွေ၊ ငါတို့ထုတ်ပြန်တဲ့သတင်းတွေဘဲ နားထောင်ပြီး ယုံကြ၊ ပြည်ပသတင်းဌာနတွေကို နားမထောင်ကြနဲ့။ ဘေးပြောတာ မယုံနဲ့။ ခွေး အဲလေ ယောင်လို့ သွေးပြောတာကို ယုံ။ ငါတို့က ဗမာအစစ်တွေ။ ဗမာပြည်မှာ မွေး၊ ဗမာပြည်မှာ ကြီး၊ ဗမာလိုဘဲတွေး ဗမာလိုဘဲပြော ဗမာလိုဘဲလုပ်၊ ဗမာ့နည်း ဗမာ့ဟန်နဲ့ ဗမာပြည်မှာ ဗမာလို သေမယ်။ ဗမာပြည်သေအောင်ကို ငါတို့ချစ်တယ်။  ငါတို့ပြောတာ ယုံကြ။ ဒုက္ခရောက်ရင် ဒုက္ခရောက်တယ် မပြောနဲ့၊ နိုင်ငံတော်သိက္ခာ ကျတယ်။ ငါတို့လည်း မင်းတို့ကို မကယ်နိုင်ဘူး။ သိက္ခာကျခံပြီးလည်းပြည်ပက မင်းတို့အတွက် ကူညီမဲ့သူဆီက လက်မခံနိုင်ဘူး။ သူတို့ကိုလည်း ကျေးဇူးရှင်လို့ မမှတ်ကြနဲ့။ မင်းတို့ဘာသာ မင်းတို့ငါးဖားတွေ ရှာစားကြ။ ကွင်းထဲက လယ်ကန်စွန်း မှိုနတိုတွေ နှုတ်စားကြ။ ကိုယ့်အားကိုယ်ကိုးကြ” (လိုအပ်ရင် ငါးမင်းဆွေဆီက ငါး၊ ပုဇွန်တွေ အကြွေးဝယ်ထား။ စကားချပ်)

“ငါတို့မှာ မင်းတို့အသက်ထက် အရေးကြီးတဲ့နိုင်ငံတော် လုပ်ကြံမှုကြီး အဲလေ နိုင်ငံတော် ဖွဲ့စည်းပုံကြီး အတည်ပြုရအုံး မယ်။ အဲဒီကို မသေလို့ကျန်ရစ်နေတဲ့မင်းတို့ သွားပြီး၊ ဟန်ပြမဲ၊ လိမ်ထည့်ရအုံးမှာ။ အဖြေမှန်က ငါတို့မှာ ရှိပြီးသား။ မင်းတို့က ၉၈ ဒဿမ ၉၉ ထောက်ခံတယ်လို့။ အဲဒီအဖြေကြီး ထုတ်ပြန်ပြီးရင် အင်တာနေရှင်နယ် ကွန်မြူနီတီ လို့ခေါ်တဲ့ နိုင်ငံတကာအသိုင်းအဝိုင်းထဲ ငါတို့တရားဝင် ဝင်လို့ရမှာ။ ဘယ်သူယုံယုံ မယုံယုံ အနည်းဆုံးတော။့ ဝန်ကြီးချုပ် သက်တမ်း အသက်ငင်နေတဲ့ထိုင်းနိုင်ငံရဲ့အသစ်စက်စက် ဝန်ကြီးချုပ်လေး စမတ်ကတော့ ယုံလောက်ပါတယ်။ သူက ငါတို့လို နိုင်ငံတော်အကြီးအကဲတအုပ်ကို သူ့လိုဘဲ ဗုဒ္ဓဘာသာဝင်ဖြစ်တဲ့အပြင် ဘာသာရေး အလွန်တရာ ကိုင်းရှိုင်းတယ်လို့ ချီးမွမ်းထားတာ။ ဒီတော့ ဆန္ဒခံယူပွဲကိစ္စကို မင်းတို့တတိုင်းပြည်လုံးရဲ့အသက်ထက်ကို ပိုအရေးကြီးတယ်။ ငါတို့က ဆယ်စုနှစ်တွေနဲ့ချီပြီး ကြိုးစားပမ်းစား ရေးစားခဲ့ အဲ  ရေးသားခဲ့ရတာ။” ကောင်းလိုက်တဲ့လမ်းညွှန်းချက်။ လူတွေကို လူမထင်တဲ့လူ့တိရစ္ဆာန်တွေပါလား။ သူတို့တွေ အာဏာတည်မြဲရေးအတွက်ကို နောက်ဆုံး ပြည်သူတွေ အတုံးအရုံး သေရတာတောင် လက်ပိုက်ကြည့်နေလို့ကောင်းတုန်း။

ချုပ်ပြောရရင် ဗမာ့ပြည်၊ ဗမာ့လူမျိုး၊ ဗမာ့စာပေ၊ ဗမာ့ယဉ်ကျေးမှု၊ ဗမာ့ရိုးရာ၊ ဗမာ့အစားအစာ၊ ဗမာ့အဝတ်အစား၊ ဗမာ့ စကား၊ ဗမာ့လက်မှုအနုပညာ၊ ဗမာ့ဇာတ်သဘင်၊ ဗမာ့အငြိမ့်၊ ဗမာ့သီချင်း၊ ဗမာ့ဆိုင်းဝိုင်း၊ ဗမာ့စောင်း၊ ဗမာ့လက်ဝှေ့၊ ဗမာ့အားကစား၊ ဗမာ့ကွမ်း၊ မဟာဗမာ၊ ဗမာဆိုရင် အကုန်ကောင်း၊ အကောင်းဆုံး၊ ဗမာပါရင် ဗမာ့ချီးတောင် အနံ့အရ
သာနဲ့  ပြည့်စုံတယ်လို့ ပြောပြီး ဗမာတွေကို အသက်စွန့်ပြီး အချစ်ဆုံးချစ်နေတယ်လို့ ကုန်းအော်နေတဲ့ ဗမာ့ကယ်
တင်ရှင် နိုင်ငံတော်အကြီးအကဲတွေရဲ့အတ္တကြီးမှု၊ အဝိဇ္ဇာဖုံးပြီး တဏှာရာဂ ရမက်ကြီးတဲ့လူ့ဘီလူးကြီးတွေဖြစ်တယ်
ဆိုတဲ့ဖြစ်ရပ်မှန်ကို နာဂစ်မုန်တိုင်းက ကွင်းကွင်း ကွက်ကွက် ဖွင့်လှစ် ပြသနိုင်ခဲ့ပါပြီ။ ဗမာတွေအကြီးအကျယ် ဒုက္ခရောက် နေတာတောင် လှည့်ကြည့်ဖေါ်မရကြပါဘူး။

ဒီလူ့ဘီလူးကြီးတွေကို တောထုတ်ဖို့ အချိန်တန်ပြီ၊ သူတို့ရဲ့မဟာလူမျိုးကြီးဝါဒ (သို့မဟုတ်) ကျဉ်းမြောင်းတဲ့ လူမျိုးရေး ဝါဒ အခြေခံဖက်ဆစ်ဝါဒကြီးကိုလည်း နာဂစ်မုန်တိုင်းကြီးနဲ့အတူ မြေမြှုပ်သဂြုင်္ိဟ်ပစ်ဖို့ကို အချိန်တန်ပြီ ဖြစ်ကြောင်းပါ သူတော်စင် ရဟန်းရှင်လူ ပြည်ထောင်စုသား အပေါင်းတို့။


မင်းတလပွန်

:: Home | To Top ::

Copyright © 2004-2005, Kao Wao News Group. All rights reserved. Suggestions or comments to the Editor. Code by Webmaster.