ကွန်းယက္ခ
ပါဋိလိပုတ်မြို့တော်နှင့်မနီးမဝေးး၌ သရက်ဥယျာဉ်တစ်ခု ရှိလေသည်။ ယင်းဥယျာဉ်တည်ရှိနေသည့်နေရာ၌ ကျက်သရေ မင်္ဂလာအဖြာဖြာနှင့်ပြည်စုံသည့် ဂင်္ဂါဖြစ် နှင့် ဆုန်းမြစ်တို့ ပေါင်းဆုံကြလေသည်။ ဆုန်းမြစ်၏နောက်ကျန်နေသည့်မြစ်ရေ သည် ဂင်္ဂါ၏ နို့ကဲ့သို့ဖြူစင်နေသည့်မြစ်ရေနှင့် ပေါင်းဆုံရသဖြင့် အခိုက်အတန့်အားဖြင့် ညစ်ကြေးကင်းစင်းသွားလေသည်။
နှစ်ပေါင်း နှစ်ထောင့်နှစ်ရာငါးဆယ်လောက်က အရုပ်ကားဟောင်းတပ်ခု ဖြစ်သည်။ ယင်းအရုပ်ကား၏အရောင်သည် မှေးမှိန် ပျော့တော့နေပြီ။ အချိန်ကာလအလျဉ်းသည် ယင်းအရုပ်ကားကို ပွတ်တိုက်ပါသော်လည်း ကြည်လင်ထင်ရှားလာအောင် မစွမ်းနိုင်ပေ။ အမှန်စင်စစ်အားဖြင့် နှစ်ပရိစ္ဆေဒ အနှစ် နှစ်ထောင်ကျော်အတောအတွင်း၌ သမိုင်း၏ဟုတ်နံရံများ၌ အရုပ်ကား ပေါင်း ဘယ်နှစ်ခု ရေးချယ်ခဲ့ပြီး အရုပ်ကားပေါင်း ဘယ်နှစ်ခုပျက်ပြယ်သွားကြပြီးနည်း။
ဂင်္ဂါမြစ် နှင့် ဆုန်းမြစ်၏ဆုံရာ၌ ရှိသောတောင်ကုန်းတခုပေါ်တွင် အသောကမင်းကြီး၏အမတ်ချုပ်ကြီး ရာဓဂုတ္တ နေထိုင်သည့် သင်္ခမ်းကျောင်း ရှိလေသည်။ စာဏကျအမတ်ကြီး၏အဆက်အနွယ်ဖြစ်သော ထိုအမတ်ချုပ်ကြီးသည် မိမိ၏အစဉ်အဆက်ကို ဆက်လက်ထိန်းသိမ်းထားလေသည်။ ကြီးမားကျယ်ပြန့်သည့်နိုင်ငံတော်၏အာဏာတန်ခိုးနှင့် ပြည့်စုံသည့်အမတ်ချုပ်ကြီး တစ်ဦး ဖြစ်လင့်ကစား ရာဓဂုတ္တသည် သူတောင်စင်ဗြဟ္မဏတစ်ဦးကဲ့သို့ သင်္ခမ်းကျောင်း၌သာ နေထိုင်သည်။ မီးယဇ်ပူဇော်မှု စသောကုသိုလ်ကောင်းမှုများကို ပြုလုပ်ရင်းနှင့် နိုင်ငံကိုအုပ်ချုပ်လေသည်။ ဘာမဆို လုပ်သော်လည်း ဘာမှမလုပ်သကဲ့သို့ ပင်။
စွမ်းပကားနှင့်ပြည့်စုံသည့် မာဂဓနိုင်ငံတော်၏အုပ်ထိန်းသူ သူတော်စင်အဖိုးကြီးသည် သူ့အတွက်ခင်းပေးထားသည့် မြက်များ ပေါ်တွင် ထိုင်လိုက်လေသည်။ ထို့နောက် သမာဓိ ဝင်စားလေသည်။ သသိမိတ္တသည် ခပ်လှမ်းလှမ်းမှနေပြီး မိမိ၏ဆရာအရှင် ကို မမှိတ်မသုန် ကြည့်ရှုနေလေသည်။ ထို့နောက် စဉ်းစားကြည့်နေသည်။
“ကမ္ဘာတခွင်လုံးရှိ စည်းစိမ်ဥစ္စာများ အလိုအလျောက်ရောက်လာရသည့် အလွန်တရာ ကြီးမားကျယ်ပြန့်သော နိုင်ငံတော်၏ မည်သည့်နိုင်ငံ၊ မည်သူကမှအင်အားနှင့်ပါတ်သက်ပြီး စိမ်မခေါ်ရဲသည့် နိုင်ငံတော်၏အမတ်ချုပ်ကြီးသည် မိမိတွင် ရှိသမျှကို စွန့်လွှတ်ထားသည့် သူတော်စင်ပုဂ္ဂိုလ်ကြီးတစ်ဦး ဖြစ်နေသည်။ ပြည်သူလူထုစွမ်းအား၊ ဉာဏ်ပညာစွမ်းအား၊ စိတ်ဓါတ်စွမ်း အား အနိုင်မခံ၊ အရှုံးးမပေးသည့် ယင်းစွမ်းအားသုံးမျိုးကို ဆောင်ထားသည့်ပုဂ္ဂိုလ်ကြီးတစ်ဦးက ဤမျှ လောကီကို ပယ်ထား သည်မှာ အံဖွယ်တပါးပင်ဖြစ်သည်။
ရထားပေါင်းများစွာနှင့် ယာဉ်ပေါင်းများစွာတို့သည် ရာဓဂုတ္တ၏အလာကို စောင့်စားပြီး သရက်ဥယျာဉ်၏အပြင်ဘက်၌ စုဝေး နေကြသည်။ ထို့အပြင် တရပ်တကျေးမှရောက်လာကြသည့် နိုင်ငံရေးသုခမိန်များနှင့်သံတမန်များလည်း သင်္ခမ်းကျောင်း၏ အပြင်ဘက်၍ ရာဓဂုတ္တ အလာကို စောင့်နေကြသည်။ အမတ်ချုပ်ကြီးပြန်ရောက်လာသည်နှင့် အနည်းငယ် လှုပ်လှုပ်ရွရွ ဖြစ် သွားလေသည်။ ထို့နောက် မကြာခင်ပင် တစ်ခဲနက် တိတ်ဆိတ်ငြိမ်သက်သွားပြန်လေသည်။
အတန်ငယ်ကြာသွားသောအခါ အမတ်ချုပ်ကြီး ရာဓဂုတ္တ စကားစတင် ပြောလေသည်။ "ဝန်ကြီးအဖွဲ့အနေနဲ့ အင်မတန် လေး နက်တဲ့ပြဿနာတစ်ခုကို စဉ်းစားဆင်ခြင်ဖို့ရာ ရှိနေတယ်။ ဝန်ကြီးအဖွဲ့ဟာ အကျိုးသင့်၊အကြောင်းသင့် နှိုင်းချိန်စဉ်းစားပြီး သမာသမတ် အဆုံးအဖြတ်ပေးနိုင်မယ်လို့ ကျုပ် ယုံကြည်စိတ်ချတယ်။ နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ဖို့ တာဝန် ဝတ္တရား ကျုပ်တို့အပေါ်မှာရှိနေတယ်ဆိုတာကို ကျုပ်တို့မမေ့သင့်ဘူး။ တပြိုင်နက်တည်းမှာလဲ ကျုပ်တို့ရရှိနေတဲ့ပြည်သူပြည် သားများရဲ့ယုံကြည်ကိုးစားမှုကိုလည်း ကျုပ်တို့စိတ်ကောင်း၊ နှလုံးကောင်းနဲ့ ကာကွယ်စောင့်ရှောက်ထားရမယ်။"
အမတ်ချုပ်ကြီးရာဓဂုတ္တသည် တဖန် စကားဖြတ်လိုက်ပြီး စဉ်းစားခန်း ဝင်နေပြန်လေသည်။ ဤအကြိမ်၌ကား ဝန်ကြီးအဖွဲ့ဝင် အားလုံးသည် ဘဝင်မကျသောနှလုံးသားဖြင့် တစ်ဦးနှင့်တဦး လှမ်းကြည့်နေကြလေသည်။ သူတို့၏အမတ်ချုပ်ကြီးသည် အလွန်တရာ စိတ်ဓါတ်ခိုင်မာပြီး နိုင်ငံအုပ်ချုပ်ရေးနှင့်ပတ်သက်လျှင် မည်သည့်အရာကိုမျှ မငဲ့ကွက်ပဲ အလွန်တရာ တိကျ ပြတ်သားသည်ဟူ၍ သူတို့သိထားကြလေသည်။ ထို့အပြင် မာဂဓနိုင်ငံတော်၏ဝန်ထုပ်ဝန်ပိုးဟူသမျှ အမတ်ချုပ်ကြီး၏ ပခုံး ပေါ်၌ရှိနေသည်ဟူသောအချက်ကိုလည်းကောင်း၊ အသောကဘုရင်မင်းကြီးပင်လျှင် သူ၏အမတ်ချုပ်ကြီးအား တပည့်က ဆရာကို ရိုသေမြတ်နိုးသည့်ပုံမျိုးဖြင့် ရိုသေမြတ်နိုးသည် ဟူသောအချက်ကိုလည်ကောင်း၊ သူတို့သိထားကြလာသည်။
ညချမ်းဆည်းဆာ ပူဇော်ဝတ်ပြုမှု ပြုလုပ်ပြီးနောက် စိတ်လက်ကြည်ကြည်လင်လင် ရွှင်ရွှင်ပျပျ ဖြစ်နေသည်နှင့် အမတ်ချုပ် ကြီး သူ့တပည့်အား ပြောလိုက်လေသည်။
“တပည့်၊ တခြားတစုံတယောက်ကသာ ဒီမေးခွန်းမျိုး ငါ့ကိုမေးမယ်ဆိုရင် အဖြေရမည့်အစား အသက်အန္တရာယ်တောင် ဖြစ် သွားနိုင်တယ်။ ဒါပေမယ့် တပည့်ကတော့ ငါ့သားလိုချစ်ရတဲ့၊ ယုံကြည်စိတ်ချရတဲ့ပုဂ္ဂိုလ်ဖြစ်တယ်။ နားထောင် ငါပြောပြမယ်။ ကလိင်္ဂမှာ ဖြစ်ပျက်နေတာတွေကို မင်းမသိဘူးလား။ ငါတို့ရဲ့ဘုရင်မင်းကြီးဟာ ကလိင်္ဂမှာ လူသတ်ပွဲ ကျင်းပနေတယ်။ သွား တာကတော့ ကလိင်္ဂကို အနိုင်ရဖို့ သွားတာပဲ။ ဒါပေမယ့် ဟိုမှာ လူသတ်ပွဲကျင်းပနေရတယ်။ ငါ စိုးရိမ်ပူပန်နေတာ တခြား မဟုတ်ဘူး။ အဲဒါပဲ။ အင်မတန် ထင်ရှားကျော်ကြားတဲ့ မာဂဓနိုင်ငံတော်ရဲ့ဂဠုန်တံဆိပ်အလံတော်ကို လူအရိုးစုများရဲ့ကြား ထဲမှာ လွှင့်ရမှာကို ငါ မလိုလားဘူး။ အဲဒီအလံတော်ဟာ ငြိမ်းချမ်းမှုနဲ့ပြည့်စုံကြွယ်ဝမှုကို ဆောင်ကြဉ်းလာတဲ့တမန်ဖြစ်တယ်။ ခုတ်ထစ်သတ်ဖြတ်မှု၊ ညှင်းပန်းနှိပ်စက်မှု၊ သစ္စာမဲ့မှုများကို ဆောင်ကြဉ်းလာတဲ့တမန် မဟုတ်ဘူး။ တကယ်လို့ ခုတ်ထစ်သတ် ဖြတ်မှု၊ ညှင်းပန်းနှိပ်စက်မှု၊ သစ္စာမဲ့မှုများကို ဆောင်ကြဉ်းလာတဲ့တမန်သာ ဖြစ်နေမယ်ဆိုရင် အဲဒီအလံကို ကမ္ဘာလောကက ရွံရှာမုန်းတီးတဲ့အမြင်နဲကြည့်လိမ့်မယ်။ တောက်လောင်နေတဲ့အကြည့်နဲ့ လောင်ကျွမ်းသွားအောင် လုပ်လိမ့်မယ်။ အခွင့်သာ တာနဲ့တပြိုင်နက် ငါတို့ရဲ့အဲဒီဂုဏ်သိက္ခာအပြည့်ရှိတဲ့အလံတော်ကို ဆုတ်ဖြဲပြီး လွှင့်ပစ်လိမ့်မယ်။ အဲဒါ ငါစိုးရိမ်ပူပန်နေရခြင်း ရဲ့အကြောင်းအရင်း ဖြစ်တယ် တပည့်။”
သသိမိတ္တသည် ထိတ်လန့်ကြောက်ရွံ့ခြင်း မရှိတော့ပေ။ လက်ယှက်ပြီး အမတ်ချုပ်ကြီးအား ပြောလိုက်လေသည်။
“အဲဒီလိုမှမလုပ်ရင် ကျယ်ပြန့်တဲ့နိုင်ငံတော် သို့မဟုတ် လက်ဝယ်သိမ်းပိုက်ထားတဲ့နိုင်ငံတော်အကျယ်အဝန်းကို ဘယ်လိုလုပ် ကာကွယ်လို့ဖြစ်ပါ့မလဲ။ မာဂဓနိုင်ငံတော်ဟာ ဓားရဲ့အကူအညီနဲ့ ကျယ်ပြန့်နေတာမဟုတ်လား”
အမတ်ချုပ်ကြီး ရာဓဂုတ္တသည် ပြုံးပြီး ပြန်ပြောလေသည်။
“မင်း မေးမြန်းစုံစမ်းတာ မမှားဘူး တပည့်။ အဲဒီနည်းလမ်းဟာ အလွန်တရာ ဟောင်းနွမ်းရှေးကျတဲ့နည်းလမ်း ဖြစ်တယ်။ ငါ တို့ဟာ ဘယ်လိုဘေးအန္တရာယ်မှမရှိတဲ့၊ ဘယ်သူ့အသက်စည်းစိမ်အိုးအိမ်ကိုမှ မထိခိုက်တဲ့နည်းလမ်းမျိုးကို ဘာဖြစ်လို့မရွေး နိုင်ရမှာလဲ။ အစဉ်အလာဟူသမျှ၊ နည်းလမ်းဟူသမျှဟာ လူတွေပြုလုပ်ဖန်တီးတာဖြစ်တယ်။ အတွေးအခေါ်အကျင့်တရား ဆို တာတွေအားလုံးဟာလဲ လူက မွေးဖွားခဲ့တာဖြစ်တယ်။ အသိဉာဏ်ပညာရဲ့ဖခင်ဟာလဲ လူပဲဖြစ်တယ်။ တိုင်းပြည်နိုင်ငံများ ဟာလဲ လူလုပ်ထားတဲ့အရာတွေသာ ဖြစ်တယ်။”
ရာဓဂုတ္တသည် ရှေ့ဆက်ပြီး တသီတတန်းကြီး ပြောပြနေသည်။ သူ၏စကားအလျဉ်သည် ဂင်္ဂါမြစ်၏သန့်စင်မြင့်မြတ်သည့်ရေ အလျဉ်ကဲ့သို့ စီးဆင်းနေသည်။ ဂင်္ဂါမြစ်၏နူးညံ့သည့်သဲပြင်ပေါ်၌ ထိုင်ပြီး မာဂဓနိုင်ငံတော်၏ အသက်ဝိဉာဉ်သဖွယ်ဖြစ်သည့် အမတ်ချုပ်ကြီး ရာဓဂုတ္တသည် ရက်သတ္တပတ်ပေါင်းများစွာကစပြီး သူ တအုံနွေးနွေး ဖြစ်နေသည့်အကြောင်းအရာများကို သူ့ ၏တပည့်အား ပြောပြနေလေသည်။
ကလိင်္ဂပြည်မှရောက်လာသည့်အထူးတမန်တော်တစ်ဦးသည် အမတ်ချုပ်ကြီး၏ခြေကို လက်ဖြင့် တို့ထိလိုက်လေသည်။ အမတ်ချုပ်ကြီးသည် ထိတ်ကနဲ ဖြစ်သွားလေသည်။
“စိတ်နှလုံးတုန်လှုပ်ချောက်ချားဖွယ် လူသတ်ပွဲသတင်းကို ကြားရပြန်ဦးမှာပါကလား”
တမန်တော်က ပြောပြလေသည်။
“ကျွန်ပ်တို့ရဲ့အောင်ပွဲရ ဘုရင်ဧကရာဇ်ဟာ ကလိင်္ဂပြည်ကိုအနိုင်တိုက်ယူပြီး အခု နေပြည်တော်ကို ပြန်လာပါတော့မယ်။ ကလိင်္ဂစစ်ပွဲမှာ ဖမ်းမိတဲ့သုံ့ပန်းတွေကိုလည်း တစ်ပါတည်း ခေါ်လာပါလိမ့်မယ်။ အဲဒီသုံ့ပန်းတွေအားလုံးကို ကျေးကျွန်လုပ် ထားလိုက်ပါပြီ။ ဘုရင်ဧကရာဇ်ရဲ့မေတ္တာကရုဏာကို နေရာအနှံ့အပြားမှာ ဂုဏ်ပြုချီးကျူးနေကြပါတယ်။
အမတ်ချုပ်ကြီးသည် ရုတ်တရက် စိတ်လှုပ်ရှားလာပြီး ပြောလိုက်လေသည်။
“ဒါ မေတ္တာကရုဏာလား၊ ဒါ ထောက်ထားငဲ့ညှာတာလား၊ ဒါ ဂုဏ်ပြုချီးကျူးစရာလား၊ ဒါ ကြီးကျယ်မြင့်မြတ်တာလား၊ သင် အခု တွက်သွားနိုင်ပြီး"
တမန်သည် တုန်တုန်ရီရီနှင့် ဝေးရာသို့ ထွက်သွားလေသည်။ မိမိပြောခဲ့သည့်စကားလုံး၊ မိမိသုံးခဲ့သည့်စကား၊ ဝါကျများကို ပြန်လည်ဆင်ခြင်ပြီး ဤသေမင်း၏စက်ကွင်းက သီသီကလေး လွတ်သွားရလောက်အောင် ဘယ်လိုစကားများကို ပြောမိလို့ပါ လိမ့်ဟု စဉ်းစားနေမိသည်။ အမတ်ချုပ်ကြီး၏အမျက်သည် မည်မျှကြောက်ရွံ့ထိတ်လန့်ဖွယ် ကောင်းသနည်းဟူမူ နိုင်ငံတော် ၏ အလွန်တရာ ကြီးကျယ်သည့်အာဏာရပုဂ္ဂိုလ်ဖြစ်လင့်ကစား ကျောချမ်းသွားရလေသည်။ ရာဓဂုတ္တ မျက်မှောင်တစ်ချက် အကြုတ်ခံရသူသည် သေမင်း၏သားကောင် ဖြစ်သွားရတတ်လေသည်။
တမန် ထွက်သွားသောအခါ အမတ်ချုပ်ကြီးက ပြောလေသည်။
“တစ်စုံတစ်ယောက်ရဲ့လွတ်လပ်ရေးကို လုယက်ပြီးတော့ သူ့မျက်မှောက်မှာပဲ သူ့မိသားစုတစ်စုလုံးကို သတ်ဖြတ်ပြီးတော့၊ သူ့တိုင်းနိုင်ငံကို နင်းချေဖျက်ဆီးပြီးတော့ သူ့ကို ကျေးကျွန်ဘဝရောက်အောင်ပို့တာဟာ အလွန်တရာ ငဲ့ညှာထောက်ထားမှု ဖြစ်တယ်တဲ့၊ အလွန်တရာ ကြီးကျယ်မြင့်မြတ်မှု ဖြစ်တယ်တဲ့၊ စစ်အရှုံးပေးလိုက်ရတဲ့ လူတွေရဲ့သားသမီးတွေကို ဇနီးမယား တွေကို ကိုယ့်နိုင်ငံခေါ်ဆောင်လာပြီး ခွေးလို၊ မြည်းလို ဈေးထဲမှာရောင်းချတာဟာ စစ်နိုင်ပုဂ္ဂိုလ်ရဲ့မေ့ဖျောက်လို့မရတဲ့ငဲ့ညှာ ထောက်ထားမှုသာ ဖြစ်လိမ့်မယ်။ ဒီတမန်ရဲ့လျှာကို ဖြတ်ပစ်လိုက်ဖို့ကောင်းတယ်။ ဒီသတ္တဝါဟာ ဒီလိုစက်ဆုပ်ဖွယ်ကောင်း တဲ့သတင်းမျိုးကို ငါ့ဆီ ဆောင်ကြဉ်းလာဝံ့တဲ့သတ္တိရှိတာ အံသြပါရဲ့”
အမတ်ချုပ်ကြီးသည် တစ်ကိုယ်တည်း ပြောနေသည်။
“ဒီလူမဆန်တဲ့အပြုအမူတွေကိုလဲပဲ ငါ့အနေနဲ့ ထောက်ခံအားပေးနေရတယ်။ ပြည်သူ့အကျိုးအတွက် ဆိုတဲ့မြင့်မြတ်တဲ့ အကြောင်းပြချက်နဲ့ ပြည်သူကို ငါတို့ဘယ်လောက်နှိပ်စက်ညှင်းပန်းနေကြသလဲ။ အဲဒါတွေကို တွေးမိတော့ ငါ နှလုံးတုန် ရင်ခုန်ဖြစ်မိတယ်။ ပြည်သူ့အကျိုးဆိုတာကို ဖင်ခုထိုင်ထားကြတယ်။ တစ်ခုထက်တစ်ခု ပိုပြီး စက်ဆုပ်ဖွယ်ကောင်းတဲ့အလုပ် တွေကို ပြည်သူအကျိုးဆိုတဲ့ကန့်လန့်ကာရဲ့နောက်ကွယ်မှာ ထိုင်ပြီး ငါတို့လုပ်နေကြတယ်။ စစ်ရှုံးသူရဲ့ဘဝဟာ အစော်ကားခံ ရတဲ့ဘဝ ဖြစ်တယ်။ စစ်ရှုံးသူအပေါ်မှာ ဒီလိုရက်စက်မှုမျိုး၊ အကြင်နာမဲ့မှုမျိုး ပြကြတာပဲ။ ကလိင်္ဂပြည်သူပြည်သားတွေရဲ့ အခွင့်အရေးအားလုံးကို လက်လွှက်ဆုံးရှုံးစေခဲ့ကြတယ်။ အခု သူတို့ကို ကျေးကျွန်လုပ်ပြီး ပါဋိလိပုတ်ဈေးထဲမှာ ရောင်းချကြတော့မယ်။ ငါ ဒီအမဲကွယ်ကြီးကို ပျောက်ပျက်သွားအောင် လုပ်ပစ်မယ်”
ထိုနေ့၌ အမတ်ချုပ်ကြီး၏မျက်နှာဝန်းသည် မနောအတွင်းမှ ကျေနပ်အားရမှုကြောင့် ကြည်လင်ရွှင်လန်းနေလေသည်။ ည ချမ်းဆည်းဆာအချိန်၌ တမန်တော်တစ်ဦး ရောက်လာပြီး ဘုရင်မင်းကြီး ဗုဒ္ဓဂယာသို့ ရောက်ရှိနေပြီဖြစ်ကြောင်း၊ ဗုဒ္ဓဂယာ၌ ပင် တပ်စခန်းချပြီး နားနေကြောင်းကို အကြောင်းကြားသည့်အခါ၌ကား အမတ်ချုပ်ကြီး၏မျက်နှာမှာ တစ်ဖန် တည်ငြိမ်ရင့်ကျက်သွားပြန်လေသည်။
အမတ်ချုပ်ကြီးသည် အတွေးအကြံထဲတွင် မြုပ်ချီပေါ်ချီ ဖြစ်သွားပြန်လေသည်။ တပည့်ဖြစ်သူ သသိမိတ္တသည် တစ်ကိုယ် တည်း ညည်းညူနေမိသည်။
“နိုင်ငံတော်ရဲ့တာဝန်ကို ထမ်းရွက်ရခြင်းဟာ ရှေးအတိတ်ဘဝက မကောင်းမှု အကုသိုလ်တွေးရဲ့အကျိုးပေးပါပဲကလား။ လောကီကို စွန့်ပယ်ထားတဲ့သူတော်သူမြတ်ဖြစ်တဲ့ပညာဉာဏ်ကြီးမားတဲ့ ဒီဗြာဟ္မဏကြီးတောင်မှ နိုင်ငံရေးအရှုပ်အတွေးထဲ မှာ ဖမ်းမိနေရှာတယ်။ တစ်နေ့တစ်နေ့ အကြိမ်ဆယ်ကြိမ်လောက်ပြုံးရရင် အကြိမ်ငါးဆယ်လောက် အံကိုကြိတ်ရတယ်။ သူ့ အနေနဲ့ ဥစ္စာပစ္စည်းလဲ လိုတာမဟုတ်ဘူး။ အချောအလှတွေလဲ လိုတာမဟုတ်ဘူး။ အဲဒီလိုဖြစ်ပါရက်နဲ့ ကိုယ့်ကိုယ်ကို ဘာဖြစ် လို့ အခုလို ဒုက္ခရောက်အောင် လုပ်နေရတာလဲမသိဘူး။ ကံကြမ္မာရဲ့လှည့်ကွက်ပဲ ထင်ပါရဲ့”
|