မူလစာမျက်နှာ
 သတင်း
 ဆောင်းပါး
 ကဗျာ
 အင်တာဗျူး
 အယ်ဒီတာ့
 ဓါတ်ပုံ
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
Kaowao burmese version


စီးပွားရေးကျဆင်းနေသော ဘုရားသုံးဆူမြို့တွင် လိင်ပိုင်းဆိုင်ရာလုပ်ငန်းများ သောင်းကျန်းလာ

Kaowao; ဧပြီလ ၂၂၊ ၂၀၀၈

ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးဂိတ်ကို မြန်မာအစိုးရက (၁၄)လကျော်ကြာအောင် ပိတ်ထားဆဲဖြစ်သော ဘုရားသုံးဆူမြို့ သည် ယခုအခါတွင် ပြည်သူများ အလုပ်အကိုင်ရှားပါးလာခြင်းနှင့်အတူ စီးပွားရေးကျဆင်းလာသည်သော်လည်း မြို့ပေါ် အာဏာပိုင်များအတွက်မူ တရားမဝင်လမ်းကြောင်းမှာ ဝင်ငွေကောင်းနေဆဲဖြစ်ပြီး သူတို့၏ခွင့်ပြုချက်ဖြင့် လိင်ပိုင်းဆိုင်ရာ ဖျော်ဖြေရေးနေရာများစွာလည်း ပေါ်ပေါက်လာကြောင်း မြို့ခံများ၏အဆိုရ သိရသည်။


အနှိပ်ခန်းပါသော စားသောက်ဆိုင်တစ်ဆိုင်လျှင် တစ်လအတွက် ဘတ်ငွေ(၁၂၀၀၀)ကျော် အာဏာပိုင်များအား ပေးဆောင် နေရပြီး ဆိုင်ဖွင့်ခွင့် တစ်နှစ်သက်တမ်းအတွက်ကိုလည်း ဘတ်ငွေသိန်းဂဏန်းအထိ သီးခြားပေးဆောင်နေရကြောင်း အမည် မဖော်လိုသူ အနှိပ်ခန်းဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။


“ဖွင့်ခွင်ရဖို့ ဘတ်ငွေတစ်သိန်းကျော် ပေးရတယ်။ အထူးသဖြင့် အထွေထွေအုပ်ချုပ်ရေးမှုးတို့၊ မြို့နယ်မှုးတို့ကိုပေါ့။ လစဉ် အတွက် ဌာနအသီးသီးကို ပေးနေရတာကလည်း (၁၂၀၀၀)ဘတ်အထိ ထပ်ကုန်ကျသေးတယ်” ဟု ၎င်းက ပြောကြားသည်။


ယင်းလိင်ပိုင်းဆိုင်ရာလုပ်ငန်းများတွင် စစ်အစိုးရနှင့် အပစ်ရပ်ထားသော လက်နက်ကိုင်အဖွဲ့အစည်းများလည်း ပါဝင်နေပြီး ကေပ႘အက်ဖ် (KPF) ကရင်ပြည်သူ့တပ်ဦးမှ အရာရှိတစ်ဦးပိုင်သော သဲထက်ဆူး စားသောက်ဆိုင်သည် ငယ်ရွယ်သော အမျိုးသမီး အနှိပ်သည်များဖြင့် နာမည်ကြီးသည်။


”အပစ်ရပ်အဖွဲ့တစ်ဖွဲ့ဖွဲ့က လူကြီးတွေနာမည်နဲ့ ဖွင့်ထားရင် နည်းနည်း သက်သာတယ်။ အဲဒီလောက်အထိ မပေးရဘူး” ဟု ၎င်းက ဆက်လက်ပြောကြားသည်။ တိုင်းရင်းသားအပစ်ရပ်အဖွဲ့အစည်းများဖြစ်သော မွန်ပြည်သစ်ပါတီ၊ ကရင်ပြည်သူ တပ်ဦးနှင့် ဒီကေဗ႘အေ (ခေါ်) တိုးတက်သောကရင်ဗုဒ္ဓဘာသာတပ်ဖွဲ့ နှင့် မြန်မာစစ်တပ်များ အခြေချပြီး စီးပွားရေးလုပ်ငန်း များကိုလည်း ကိုယ်စီလုပ်ကိုင်နေကြသည်။`


ဘုရားသုံးဆူမြို့တွင် သဲထက်ဆူး၊ အောင်ပိုင်စိုးနှင့်အသစ်ဖွင့်လှစ်ထားသော ကဋေကဋာတို့မှာ အမျိုးသမီးအနှိပ်သည် ဦးရေ(၃၀)ကျော်ရှိသော လိင်ပိုင်းဆိုင်ရာဖျော်ဖြေရေးလုပ်ငန်းတွင် နာမည်ကြီးသည်။


“မိန်းကလေးတွေကို ဆိုင်က လခနည်းနည်းဘဲပေးတယ်။ ဧည့်သည်ဆီကရတဲ့ပိုက်ဆံတွေဆီက ရာခိုင်နှုန်းနဲ့ ခံစားခွင့်ရှိတယ်။ ဥပမာ ညလုံးပေါက် ဧည့်သည်တစ်ယာက်ဆီက (၄၀၀)ဘတ် ရရင် (၁၂၀)ဘတ်လောက်တော့ သူတို့ရတယ်”ဟု အမျိုးသမီး အခွင့်အရေးအတွက် လှုပ်ရှားနေသူတစ်ဦးက ပြောကြားသည်။  


အလုပ်အကိုင် ရှားပါးလာသောမိဘများ၏အကျိုးဆက်များကြောင့် ဘုရားသုံးဆူမြို့ပေါ်ရှိ ကျောင်းနေကလေးငယ်များစွာလည်း ကျောင်းမှ ထွက်ကာ မိဘများနှင့်အတူ ထိုင်းနိုင်ငံဘက်သို့ ဝင်ရောက်သွားကြရကြောင်း မြို့ပေါ်အထက်တန်းကျောင်းမှ ဆရာမတစ်ဦးက ပြောသည်။ အသက်(၁၂)နှစ်အရွယ် ငယ်ရွယ်သော ကျောင်းသားများသာမက ကျောင်းသူများလည်း ကျောင်းမှ ထွက်ပြီး မိဘများနှင့်အတူ ထိုင်းနိုင်ငံဘက်သို့ အလုပ်သွားရောက်လုပ်ကိုင်ရန် သွားနေကြကြောင်း ၎င်းက ပြောကြားသည်။


ဘုရားသုံးဆူမြို့မှ ဂိတ်မှုးတစ်ဦး၏အဆိုအရ အကောက်ခွန်ဝင်ငွေများသည် အထက်ဆီသို့ မရောက်၍ နယ်စပ်ကုန်သွယ်ရေး ဂိက်ကို ယခုထိ မဖွင့်သေးခြင်းသာ ဖြစ်ကြောင်း သိရသည်။ “ဒီ(အခွန်)ငွေတွေက အပေါ်ထိ မရောက်ဘူး။ စီးပွားရေးသမား တွေနဲ့ပေါင်းပြီး လုပ်လို့ရတဲ့ငွေတွေလည်း လူကြီးတွေဆီကိုဘဲ ရောက်တယ်၊ (ဘုရားသုံးဆူ) တပ်မ(၁၈)တပ်ရင်းမှုးဟောင်း လှမင်း ဆိုရင် ပြန်တဲ့အချိန်မှာ ဘတ်ငွေ(၃၆-၃၈)သိန်းနဲ့ ဒေါ်လာ(၁၈၀၀၀) အထိ ပါသွားတယ်။ ဒါကို အကောက်ခွန်ဘက်က ဝန်ထမ်းတိုင်းလည်း သိတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။


နယ်စပ်ကုန်သွယ်ရေးဂိတ်ကို ယခုလို ပိတ်ထားခြင်းအားဖြင့် မြို့ပေါ်အာဏာပိုင်များအတွက် ဝင်ငွေရှာရန် ပိုမိုလွယ်ကူ စေကြောင်း၊ သူတို့ဝင်ငွေကို မထိခိုက်နိုင်ကြောင်း ယင်းဂိတ်မှုးက ဆက်လက်ပြောကြားသည်။


“သူတို့လုပ်လို့ရတာ အများကြီးရှိတယ်။ သစ်ကားတစ်စီး ဖြတ်ခွင့်အတွက် ဘတ်(၃)သောင်းကျော် လူကြီးတွေက ရတယ်။ ထိုင်းဘက်ကို ခဲမဖြူကားး ဖြတ်ချိန်မှာ ကြားကားအနေနဲ့ ထည့်သွားတတ်တယ်”ဟု ဂိက်မှုးက ပြောသည်။ ယင်းကဲ့သို့ တရားမဝင်အခွန်ငွေများကို အထက်လူကြီးများကသာ ရရှိကြကြောင်း သိရသည်။


စီးပွားရေးအဆင်မပြေမှုနှင့်အတူ မူးယစ်ဆေးဝါးအရောင်းအဝယ်များလည်း ပိုမိုများပြားလာပြီး ထိုင်းနိုင်ငံ စစ်ဆေးရေး ဂိတ်တွင် နေ့စဉ်လိုလို မူးယစ်ဆေးသယ်ဆောင်သူများကို ဖမ်းဆီးရမိနေကြောင်း စံခလပူရီမှ တာဝန်ကျရဲအရာရှိတစ်ဦးထံမှ သိရသည်။

 

 

:: Home | To Top ::

Copyright © 2004-2005, Kao Wao News Group. All rights reserved. Suggestions or comments to the Editor. Code by Webmaster.