မူလစာမျက်နှာ
 သတင်း
 ဆောင်းပါး
 ကဗျာ
 အင်တာဗျူး
 အယ်ဒီတာ့
 ဓါတ်ပုံ
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
Kaowao burmese version


ထောက်ခံမဲပေးရန် ဝန်ထမ်းများ ခြိမ်းခြောက်ခံနေရ

Kaowao; ဧပြီလ ၂၂၊ ၂၀၀၈

မေလ(၁၀)ရက်နေ့ လူထုဆန္ဒခံယူပွဲတွင် ထောက်ခံမဲ ထည့်ကြရန် မွန်ပြည်နယ် မြို့နယ်တချို့ရှိ ဝန်ထမ်းများအား စစ်တပ်အာဏာပိုင်များအား ခြိမ်းခြောက်နေကြောင်း ဝန်ထမ်းများ၏အဆိုအရ သိရသည်။


မော်လမြိုင်မြို့ သူနာပြုသင်တန်းကျောင်းမှ သင်တန်းသား/သူများအား ထောက်ခံမဲ ထည့်ရန် မြို့ပေါ်အာဏာပိုင်များက ခြိမ်းခြောက်ထားပြီး ဧပြီလ(၂၂)ရက်နေ့ ယနေ့၌ မော်လမြိုင်မြို့တွင် ကျင်းပသည့်ဆန္ဒခံယူပွဲ အစမ်းလေ့ကျင့်ရေး အခမ်းအနားသို့ တက်ရောက်ခြင်း ပျက်ကွက်ပါက နောင်အခွင့်အရေးများအား လျှောက်ထားခွင့်၊ တက်ရောက်ခွင့်များကို ပိတ်ပင်သွားမည်ဖြစ်ကြောင်း ထိုသင်တန်း အုပ်ချုပ်သူ ဆရာမများကလည်း ခြိမ်းခြောက်ထားကြောင်း သင်တန်းသူများက ပြောသည်။


“အစမ်းလေ့ကျင့်တဲ့အခမ်းအနားကို ပျက်ကွက်ရင် “ဆေးသိပ္ပံကျောင်းတို့လို၊ အခြားအခွင့်အရေးတွေအားလုံးမှာ လျှောက်ထားခွင့် ပိတ်ထားမယ်လို့ ဆရာမကြီးက ခြိမ်းခြောက်ထားတယ်။ မတက်တဲ့လူတွေကို နာမည်စာရင်း လုပ်ထားမယ်ပေါ့”ဟု အမည်မဖော်လိုသူ သင်တန်းသူတစ်ဦးက ပြောသည်။


“ဒါ တရားနည်းလမ်းကျတဲ့ကိစ္စမှ မဟုတ်ဘဲ။ မဲပေးတာ ဘာမဲဘဲဖြစ်ဖြစ် ကျမတို့ပေးခွင့်ရှိတယ်။ ဒီလို အကြပ်ကိုင်လို့ရတဲ့ ကိစ္စလည်း မဟုတ်ဘူး”ဟု ထိုစီနီယာသင်တန်းကျောင်းသူက ဆက်လက်ပြောကြားသည်။


ဘီလူးကျွန်းမြို့နယ် ဝန်ထမ်းပေါင်းစုံအစည်းအဝေးပွဲတွင်လည်း စစ်တပ်အရာရှိတစ်ဦးက ထောက်ခံမဲသာ ပေးကြရန် ဝန်ထမ်းများအား ပြောကြားခဲ့ပြီး ကန့်ကွက်မဲပေးသူများအား နည်းလမ်းပေါင်းစုံဖြင့် ခြိမ်းခြောက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။


ယခုကဲ့သို့ လွတ်လပ်မှုနှင့် တရားမျှတမှု လုံးဝမရှိသော စစ်အစိုးရ၏လူထူဆန္ဒခံယူပွဲကို အားပြတ်မိကြောင်းနှင့် စစ်အစိုးရ၏ဖွဲ့ စည်းပုံအခြေခံဥပဒေမူကြမ်းကိုလည်း ပြည်သူများက သိရှိနားလည်ခြင်း မရှိသေးကြောင်း မွန်ဒီမိုကရေစီအဖွဲ့ချုပ်မှ တာဝန်ရှိ သူတစ်ဦး ပြောသည်။ ၎င်းက “ဒီဖွဲ့စည်းပုံကလည်း အခုမှ ပြည်သူတွေဆီကို ဖြန့်တယ်။ အချိန်နီးကပ်မှ လုပ်တယ်၊ စစ်အစိုးရ ပိုင်မီဒီယာတွေကလည်း ထောက်ခံမဲ ထည့်ဖို့ဘဲ နှိုးဆော်နေတယ်။ ဒီဖွဲ့စည်းပုံကို ဘယ်ပြည်သူတွေကမှ နားမလည် သေးဘူး။ အားနည်းချက်တွေကို ထောက်ပြတဲ့လူတွေကိုလည်း ဖမ်းဆီးတယ်။ တစ်ဖက်ကလည်း ပြည်သူတွေကို ထောက်ခံမဲ အတင်း ထည့်ခိုင်းနေတယ်”ဟု လွန်ခဲ့သောရက်ပိုင်းအတွင်းက ဖွဲ့စည်းပုံမူကြမ်းနှင့်ပတ်သတ်၍ တွေ့ဆုံဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။


မွန်ပြည်နယ်ရှိ ရပ်ရွာတိုင်းတွင် ကြံ့ဖွံ့အသင်းနှင့် စစ်တပ်များအပါအဝင် အာဏာပိုင်များက လူထူဆန္ဒခံယူပွဲတွင် ထောက်ခံမဲသာ ပေးကြရန်နှင့် ယင်းသို့မလိုက်နာပါက ထောင်ဒဏ်(၃)နှစ်အထိလည်းကောင်း၊ ဒဏ်ငွေအဖြစ်လည်းကောင်း ပြစ်ဒဏ်ချမှတ်မည်ဟု ခြိမ်းခြောက်ထားသောကြောင့် ပြည်သူအများစုမှာ ထောက်ခံမဲထည့်ရန်သာ တွန်းအားပေးခံ နေကြရကြောင်း မွန်ပြည်သစ်ပါတီမှ အရာရှိတစ်ဦးက ပြောသည်။


၎င်းက “ဒီ ကျနော်တို့ထိန်းချုပ်နယ်မြေအောက်က ရွာသားတွေအားလုံးနီးပါးမှာ တစ်ခုတူတယ်။ မဲ မသွားပေးချင်ကြဘူး။ သွားဖြစ်ကြရင် ထောက်ခံမဲတွေဘဲ ပေးလိုက်ရမှာ ကြောက်နေကြတယ်။ အန္တရာယ်တစ်ခုခု ဖြစ်မှာကြောက်လို့ပေါ့။ ကန့်ကွက်မဲ ထည့်ရင် အန္တရာယ်တစ်ခုခုများ ကြုံရမလားဆိုတာ သူတို့မှာရှိနေတယ်”ဟု ပြောကြားသည်။

 

:: Home | To Top ::

Copyright © 2004-2005, Kao Wao News Group. All rights reserved. Suggestions or comments to the Editor. Code by Webmaster.