အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
Welcome To Kaowao Newsgroup
မွန်သမိုင်း

မွန်အမျိုးသားတို့၏နောက်ခံသမိုင်း
အခန်း (၈)


မွန်တိုင်းရင်းသား အစည်းအရုံး ပထမညီလာခံ

ဖဆပလအဖွဲ့ချုပ်၏ ဦးဆောင်မှုကို ခံယူထားသော မွန်တိုင်းရင်းသားအစည်းအရုံးသည် အသံသာ ရှိပြီး အဆံမရှိသော အစည်းအရုံး ဖြစ်သည်ဟု ဖဆပလအမှုဆောင်အဖွဲ့မှ ပုတ်ခတ်လာသည်ကို တန်ပြန်သည့်သဘောဖြင့် ၁၉၄၆ ခုနှစ် ကုန်ခါနီးတွင် (ယခင် ကျိုက္ခမီမြို့နယ်) ယခု သံဖြူဇရပ်မြို့နယ် ပငရွာတွင် အမျိုးသားညီလာခံတရပ်ကို ကျင်းပသည်။ ၎င်းညီလာခံကို မွန်အမျိုးသား ထောင်ပေါင်းများစွာ တက်ရောက်ကြသည်။

၎င်းညီလာခံ၏ အဓိက အရေးကြီးသော ဆုံးဖြတ်ချက် (၂) ခုမှာ -

(၁) သာသနာသက္ကရာဇ် ၁၁၁၆ ခုနှစ် တပို့တွဲလပြည့်ကျော် ၁ ရက်နေ့သည် သမလ၊ ဝိမလ ညီနောင်နှစ်ပါး တို့သည် သိကြားမင်း၏ အကူအညီဖြင့် ဟံသာဝတီ ပဲခူးမြို့ကို စတင်တည်ထောင်သည့်နေ့ကို ယူပြီး နှစ်စဉ် တပို့တွဲလပြည့်ကျော် ၁ ရက်နေ့ကို မွန်အမျိုးသားနေ့ ဖြင့် သတ်မှတ်ရန်။

(၂) လာမည့်ရွေးကောက်ပွဲတွင် မွန်အမျိုးသားတို့အတွက် သီးခြားမဲစာရင်း မဲဆန္ဒနယ် သတ်မှတ်ပေးရန်။ အကယ်၍ ဖဆပလအစိုးရက မပြုလုပ်ပေးလျှင် ရွေးကောက်ပွဲကို သပိတ်မှောက်ရန် တို့  ဖြစ်သည်။

အထက်ပါ ဆုံးဖြတ်ချက်ကို အကောင်အထည် ဖော်ဆောင်ရန်အတွက် မွန်တိုင်းရင်းသားအစည်းအရုံး၏ ဗဟိုအလုပ်မှုဆောင်ကို ရွေးကောက်တင်မြှောက်ကြသည်၊ ၎င်းအမှုဆောင်တွင် -

ဥက္ကဌ    -           မွန်ဦးဖိုးချို

ဒု-ဥက္ကဌ    -        နိုင်အောင်ထွန်း

အထွေထွေ အတွင်းရေးမှူး  - မွန်သန်း

တွဲဖက် အထွေထွေအတွင်းရေးမှူး - နိုင်ချမ်းမွန်

ပြန်ကြားရေးနှင့်ဝါဒဖြန့်ချီရေး - နိုင်မွန်ထော (ဆရာဗဟို)

စည်းရုံးရေး   -     မွန်ထွန်းရင်၊ ဆရာစိန်၊ နိုင်ထွန်းခင်၊ နိုင်အောင်လှငွေ

- စသော ပုဂ္ဂိုလ်များကို တင်မြှောက်ကြသည်၊ သို့သော် အလုပ်အမှုဆောင်၏ လုပ်ငန်းများကို မွန်ဖိုးချိုနှင့် မွန်သန်းတို့က ရန်ကုန်တွင် တာဝန်ယူ ဆောင်ရွက်ကြသည်။

မွန်တိုင်းရင်းသားအစည်းအရုံးသည် ဖဆပလ လက်အောက်တွင် ရှိနေစဉ် မွန်ဦးဖိုးချိုသည် ဖဆပလ စည်းရုံးရေးအတွက် အထူးသဖြင့် တနင်္သာရီတိုင်းကို တာဝန်ယူသည်။

မွန်လူငယ်အဖွဲ့

၁၉၄၁ ခုနှစ်တွင် မွန်ဖေသိန်း၊ မွန်သောင်းအေးတို့နှင့် တက္ကသိုလ်ရှိ မွန်ကျောင်းသားများ စုစည်းပြီး ရာမညအဖွဲ့ချုပ်နှင့်ညှိနှိုင်း၍ မွန်လူငယ်အဖွဲ့ ဖွဲ့ရန် စတင် စိုင်းပြင်းခဲ့သည်။ သို့သော် ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွားလာရာ ရပ်ဆိုင်းထားပြီး ၎င်းလူငယ်များစုသည် ဖက်ဆစ်ဂျပန်တော်လှန်ရေးတွင် အာရှလူငယ်တွင် ပါဝင်ကြသည်။ တချို့မှာ ဖက်ဆစ်ဂျပန်လက် ရောက်ပြီး အသတ်ခံ့ခဲ့ရသည်၊ ၎င်းတို့ စတင် အစပျိုးခဲ့သော မွန်လူငယ်အဖွဲ့ကို စစ်ပြီးနောက်ပိုင်း ၁၉၄၆ ခုနှစ်တွင် ရန်ကုန်ရှိ ပညာတတ်မွန်လူငယ်များဖြစ်ကြသော တက္ကသိုလ်ကျောင်းသား၊ စာရေးစာချီများ စုစည်းပြီး မွန်လူငယ်အဖွဲ့ကို ရန်ကုန်မြို့တွင် ဖွဲ့စည်းကြသည်။ အဖွဲ့၏ရည်ရွယ်ချက်မှာ လူငယ်များ ဗလငါးတန် ဖွံ့ဖြိုးရန် နှင့် မွန်အမျိုးသားတို့၏ စာပေ၊ ယဉ်ကျေးမှု တိုးတက်ရေးကို တတပ်တအား ဆောင်ရွက်ရန် ဖြစ်သည်။ ၎င်းအဖွဲ့၏ ဥက္ကဌမှာ မွန်စံလှိုင်၊ ဒု-ဥက္ကဌ မွန်ဘလုံး၊ အထွေထွေအတွင်းရေးမှူး မွန်စိန်ထွန်းအောင် နှင့် အမှုဆောင်များအဖြစ် မွန်စံလှ၊ နိုင်ငွေသိမ်း၊ မွန်မြတ်ထွန်း စသော မွန်လူငယ်များ ပါဝင်ကြသည်၊ ပထမအကြိမ် မွန်လူငယ်ညီလာခံကို မော်လမြိုင်မြို့တွင် ကျင်းပသည်။

မွန်လူငယ် လှုပ်ရှားမှုသည် မွန်ဒေသတွင် မွန်လူငယ်များအား စုစည်းနိုင်ခဲ့သော်လည်း တချို့သောဌာနချုပ် အမှုဆောင်များနှင့် နယ်ခေါင်းဆောင်များသည် မွန်တိုင်းရင်းသားအစည်းအရုံးနှင့်၎င်း၊ ရာမညအဖွဲ့ချုပ်နှင့်၎င်း၊ ပူးပေါင်းဆောင်ရွက်၍ အဖွဲ့တွင်း မကြာခဏ ပြဿနာပေါ်ခဲ့သည်။ မွန်လူငယ်ကို စမွတ်ဗလိုင် ဟု ခေါ်သည်ကို တခြားတိုင်းရင်းသားများက စမွတ် ဟု ခေါ်တွင်ကြသည်။


 

Untitled Document


မွန်သမိုင်း


မွန်အမျိုးသားတို့၏နောက်ခံသမိုင်း အခန်း(၈)

မွန်အမျိုးသားတို့၏နောက်ခံသမိုင်း အခန်း(၇)

မွန်အမျိုးသားတို့၏နောက်ခံသမိုင်း အခန်း(၆)

မွန်အမျိုးသားတို့၏နောက်ခံသမိုင်း အခန်း(၅)

မွန်အမျိုးသားတို့၏နောက်ခံသမိုင်း အခန်း(၄)

မွန်အမျိုးသားတို့၏နောက်ခံသမိုင်း အခန်း(၃)

မွန်အမျိုးသားတို့၏နောက်ခံသမိုင်း အခန်း(၂)

မွန်အမျိုးသားတို့၏နောက်ခံသမိုင်း အခန်း(၁)


Untitled Document
Untitled Document
   Top | Go Back

မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views