အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
Welcome To Kaowao Newsgroup
မွန်သမိုင်း

မွန်အမျိုးသားတို့၏နောက်ခံသမိုင်း
အခန်း (၄)

စည်းလုံးညီညွတ်မှုခြင်း၏ အကျိုးကျေးဇူး

ပဒေသရာဇ်ခေတ်တွင်ပင် သမိုင်းအကြောင်းအရ ပြန်လည်လေ့လာလျှင် မွန်နှင့်မြန်မာတို့သည်၊ တဦးနှင့်တဦး အကျိုးကျေးဇူး တူညီ၍၊ တူညီသောသဘော မျှော်လင့်ချက်အရ ရှိလျှင် ပူးတွဲဆောင်ရွက်ကြသည်၊ ၎င်းနှင့်ပတ်သက်၍ -
“ရှေ့တွင် တောက်ပမျှော်လင့်ချက်ရှိလျှင် လူမျိုးကွဲပြားခြင်း စိတ်မရှိဘဲ၊ အတူပူးပေါင်းတိုက်ပွဲဝင်ကြသည်၊ သို့သော် တဦးအပေါ်တဦး သံသယ ဝင်လာလျှင်၊ မိမိတို့၏ အမျိုးသားဆီသို့  ပြန်သွားကြသည်။

အထက်ပါသဘောတရား မှန်ကန်ကြောင်းကို အောက်ပါသမိုင်းကြောင်းက အထောက်အကူပြုနေကြောင်း တွေ့ရသည်၊ ၎င်းမှာ- မွန်တို့ဌာနီ ဥဿာ(ပဲခူး) ကို ရှမ်းစစ်သည်တို့  ဝင်ရောက်နှောက်ယှက်သောအခါ၊ ဘုရင်အနော်ရထာသည် မွန်ဘုရင် မနူဟာထံ ကျန်စစ်သား၊ ညောင်းဦးဖီး၊ ငလုံးလက်ဖယ်၊ ငထွေးရူး စသော မြန်မာသူရဲကောင်းများနှင့် စစ်သည်များ ပေးပို့ကူညီခဲ့သည်၊ အကယ်၍ ရှမ်းစစ်သည်များ သုဝဏ္ဏဘူမိကို အောင်နိုင်လျှင်၊ အထက်မြန်မာပြည်ရှိ ပဒေသရာဇ်နိုင်ငံလည်း အတိုက်အခိုက်ခံရမည် ဖြစ်သောကြောင့် အကျိုးတူဆောင်ရွက်ရခြင်း ဖြစ်သည်။

မြန်မာဘုရင်၏ပိုင်နက်ကို ကျူးကျော်တိုက်ခိုက်လာသော တရုတ်စစ်သည်တို့ကို မြန်မာဘုရင် မင်းခေါင်၏ အကျဉ်းသားအဖြစ် အဖမ်းခံနေရသော မွန်သူရဲကောင်း သမိန်ဗရမ်းသည် မြန်မာစစ်သည်တို့တွင် ထိုးသတ်မည့်သူ မရှိသဖြင့် တရုတ်စစ်သူကြီး ဂါမဏိအား စီးချင်းထိုးသတ် အနိုင်ယူခဲ့သည်၊ ဂါမဏိ ကျ၍ တရားစစ်သည်တို့ ဆုတ်ခွာသွားသဖြင့် မြန်မာပဒေသရာဇ်နိုင်ငံသည် တရုတ်များ၏ ကျူးကျော်ခြင်း ဘေးမှ လွတ်ကင်းခဲ့သည်။

ဟံသာဝတီ၊ ဓမ္မစေတီမင်း (၁၄၇၈-၉၂) လက်ထက်၊ လက်ဖျံတလုံးတည်းဖြစ်သော မွန်သူရဲကောင်း မင်းညီတုံးသည် (၁၄၇၈) ခုတွင် ဟံသာဝတီမှ တရုတ်ပြည်ကျေးစပ်ဖြစ်သော ခန္တီးမြို့တိုင်အောင် ချီတက်သွားရောက်၍ မြေခြား မှတ်တိုင်စိုက်သည်၊ အပြန်တွင် အင်းဝမင်း မဟာသီဟသူရ၏ သားတော်များ ဦးစီးသောတပ်တို့က ဖမ်းမိသည်၊ ထိုအချိန်ကာလတွင် တရုတ်တပ်များ အင်းဝသို့ ကျူးကျော်လွန်လာပြီး စစ်ပြိုင်စီးချင်းထိုးရန် မဟာသီဟသူရထံ တောင်းဆိုသောအခါ ဖမ်းဆီးထားသော မွန်သူရဲကောင်း မင်းညီတုံးအား ယခင်ဘုရင်မင်းခေါင်းလက်ထက်၊ သမိန်ဗရမ်းအား တိုက်ခိုက်စေခဲ့၏၊ တရုတ်တို့ဘက်မှ စလုံကျော်ခေါင် ကျ၍ ခေါင်းဖြတ်ပြီး အနိုင်ယူခဲ့၏၊ စလုံကျော်ခေါင် ကျ၍ တရုတ်စစ်သည်များ ဆုတ်ခွာသွားကြ၏။

တပင်ရွှေထီးလက်ထက်တွင် မုတ္တမစား မွန်ပဒေသရာဇ်ကို တိုက်ခိုက်ရာ စောဗညားသည် ပေါ်တူဂီ ကြေးစား ပါအူလိုဆေအီဆက် (ခ) ခေါင်းဆောင်သော တပ်သားတရာကျော်နှင့် သင်္ဘောခုနှစ်စင်းအားကိုးဖြင့် ခုခံ၏၊ တပင်ရွှေထီး၏ လက်အောက်တွင်လည်း ဂျိုနိုဝါကာယေရိုးခေါ် ပေါ်တူဂီအကြီးအကဲနှင့် တပ်သားခုနှစ်ရာကျော် အမှုထမ်းနေကြသည်။

မုတ္တမစား စောဗညားသည် တပင်ရွှေထီးအား တိုက်ခိုက်ရာတွင် တပင်ရွှေထီးထံ ရှိသော ဂျိုနိုဝါကာယေးရိုးအား ဆွဲဆောင်ရန် စာတစ်စောင် ပေးပို့သည်ကို တပင်ရွှေထီးနှင့် တပင်ရွှေထီးထံ အမှုထမ်းနေသော မိဖရူးတို့  ကြားသိသည်၊ ယင်းကိစ္စနှင့်ပတ်သက်၍ မော်လမြိုင်မြို့စား၊ မွန်မြို့စား ဗညားဦးကလည်း ကုလားပန်းသေးတို့ စကားကို နာနေသည်” ဟု တပင်ရွှေထီးအား အကြောင်းကြားသည်၊ စောဗညား၏ အကူအညီ တောင်းသည်ကိုလည်း မွန်မြို့စားချင်းဖြစ်သော်လည်း မပေးဘဲ နေသည်၊ ပေါ်တူဂီတို့ သစ္စာကို ခံလိုသော စောဗညားကို မွန်စစ်ခေါင်းဆောင် သမိန်ဖရူးက တိုက်ခိုက်နှိမ်နှင်းခဲ့သည်။

အထက်ပါ သမိုင်းကြောင်းများ တချို့သည် မွန်သဒေသရာဇ်နိုင်ငံသည်၎င်း၊ မြန်မာပဒေသရာဇ်နိုင်ငံ သည်ကို၎င်း၊ ပြည်ပကျူးကျော်သူများက လာရောက်တိုက်ခိုက်ပါက နှစ်ဦးနှစ်ဝ အကျိုးအတွက် ပူးတွဲ ကာကွယ်ခြင်း ပြုခဲ့သည်၊ မိမိတို့အမျိုးသားပင်ဖြစ်စေ၊ မိမိတို့၏ပဒေသရာဇ်နိုင်ငံ တည်ဆောက်ရေးထက် ပြည်ပနယ်ချဲ့သမားများကို အဓိက ရန်သူသတ်မှတ်၍ တိုက်ခိုက်တွန်းလှန်သည်ကို မြန်မာရာဇာဝင်သမိုင်းတွင် ပုဂံခေတ်၊ တောင်ငူခေတ်တွင် တွေ့ရသည်၊ ၎င်းကာလတွင် ဖြစ်ပွားသော ပဒေသရာဇ်အချင်းချင်း စစ်ဆင်တိုက်ခိုက်မှုကြောင့် အမျိုးသားများ တဦးနှင့်တဦး ဖိနှိပ်မှု သဏ္ဍာန်မှာ နည်းနေ၍ ဖြစ်သည်၊ အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝမရှိသော်လည်း ပဏ္ဏာဆက်နိုင်ငံအဖြစ် ထားသည်၊ စာပေယဉ်ကျေးမှုကို လွတ်လပ်စွာ ဆောင်ရွက်ခွင့်တည်း ဟူသော (Culture Rights) ယဉ်ကျေးမှု လုပ်ဆောင်ခွင့်များကို ပေးခဲ့သည်။

ကုန်ဘောင်ခေတ် ပဒေသရာဇ်စစ်ပွဲများတွင်၊ ယခင်ပုဂံခေတ်၊ တောင်ငူခေတ်ကဲ့သို့ မဟုတ်တော့ဘဲ၊ အမျိုးသားဖိနှိပ်ရေးအသွင်သို့ ပြောင်းလဲလာသဖြင့် မွန်တို့သည် မြန်မာနိုင်ငံတစ်ခုလုံး၏ အကျိုးစီးပွားထက်၊ မိမိအမျိုးသားစီးပွားရေးကိုသာ အာရုံစိုက်ဆောင်ရွက်နေသောဆန္ဒ ရှိလာသည်၊ ဤကဲ့သို့ ကွဲပြားလာမှုကို ဗြိတိသျှနယ်ချဲ့သမားသည် မြန်မာနှင့်မွန်တို့အား မြှောက်ထိုးပင့်ကော် လက်နက်ခဲယမ်းမီးကျောက် ရောင်းချစီးပွားရှာရန် တိုက်ပေးခဲ့သည်၊ ၎င်းမသင့်မတင့်အပေါ် အခါအခွင့် ယူ၍ မြန်မာပြည်ကို စစ် ၃ ကြိမ်ပြု  သိမ်းပိုက်ခဲ့သည်၊ ၎င်းစစ်ပွဲများတွင် မွန်တို့သည် ယခင်ကဲ့သို့ ဗြိတိသျှနယ်ချဲ့သမားများကို မြန်မာတို့နှင့် ပူးတွဲတိုက်ခိုက်ခြင်းများ အလွန်နည်းပါးခဲ့သည်၊ ထိုကြောင့် ဗြိတိသျှနယ်ချဲ့ သမားများသည် မြန်မာပြည်ကို လွယ်လင့်တကူ သိမ်းပိုက်နိုင်ခဲ့သည်ကို တွေ့ရသည်၊။

မြန်မာနိုင်ငံသည် ဗြိတိသျှကိုလိုနီ ဘဝရောက်သွားသောအခါ၊ မြန်မာပြည်ရှိ တိုင်းရင်းသားအားလုံး နယ်ချဲ့ ဗြိတိသျှကျွန်ဖြစ်လာကြသောအခါ မိမိတို့၏နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ ယဉ်ကျေးမှုများကို မိမိတို့ သဘောကျ မလုပ်နိုင်တော့သဖြင့် မိမိတို့ဆုံးရှုံးသွားသော လွတ်လပ်ခွင့်ကို ပြန်လိုကြသည်၊ ထိုကြောင့် မြန်မာနိုင်ငံရှိ တိုင်းရင်းသားများသည် တဦးနှင့်တဦး ပူးပေါင်း၍ လွတ်လပ်ရေးအတွက် နယ်ချဲ့ဆန့်ကျင်ရေး တိုက်ပွဲကို ဝင်ခဲ့ကြသည်။

ဤသို့ ရှေ့တွင် လွတ်လပ်ရေး ဟူသော တောက်ပကြည်လင်သော မျှော်လင့်ချက်ကြောင့် မွန်အမျိုးသား တို့သည် မိမိတို့၏ အမျိုးသားတံခွန်ကို မလွှင့်ထူတော့ဘဲ ကျရာတာဝန်ကို ယူ၍ တိုက်ပွဲဝင်ခဲ့ကြသည်၊ မြန်မာနိုင်ငံရေးလှုပ်ရှားမှု သမိုင်းတွင်၊ ဂျီ-စီ-ဘီ-အေ ခေတ်တွင် ဦးချစ်လှိုင် ကဲ့သို့  ပုဂ္ဂိုလ်မျိုးနှင့် မြောက်မြားစွာ မွန်အမျိုးသားတို့  ပါဝင်တိုက်ခိုက်ခဲ့ကြသည်၊ ကျောင်းသားသပိတ်၊ ဒို့ဗမာအစည်းအရုံး စသော အဖွဲ့အစည်းများတွင်၎င်း၊ ဖက်ဆစ်ဂျပန်တော်လှန်ရေးတွင်လည်း ပါဝင်ခဲ့ကြသည်။

 

Untitled Document


မွန်သမိုင်း


မွန်အမျိုးသားတို့၏နောက်ခံသမိုင်း အခန်း(၈)

မွန်အမျိုးသားတို့၏နောက်ခံသမိုင်း အခန်း(၇)

မွန်အမျိုးသားတို့၏နောက်ခံသမိုင်း အခန်း(၆)

မွန်အမျိုးသားတို့၏နောက်ခံသမိုင်း အခန်း(၅)

မွန်အမျိုးသားတို့၏နောက်ခံသမိုင်း အခန်း(၄)

မွန်အမျိုးသားတို့၏နောက်ခံသမိုင်း အခန်း(၃)

မွန်အမျိုးသားတို့၏နောက်ခံသမိုင်း အခန်း(၂)

မွန်အမျိုးသားတို့၏နောက်ခံသမိုင်း အခန်း(၁)


Untitled Document
Untitled Document
   Top | Go Back

မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views