အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
Welcome To Kaowao Newsgroup
မွန်သမိုင်း

မွန်အမျိုးသားတို့၏ နောက်ခံသမိုင်း
အခန်း(၁)

သမိုင်းမတင်မီခေတ်

မွန်ခမာ အုပ်စုဝင် မွန်အမျိုးသားများသည် လွန်ခဲ့သောသမိုင်းမတင်မီခေတ် နှစ်ပေါင်းထောင်ပေါင်းများစွာက တရုတ်ပြည် ယန်စီကျန်မြစ်ဝှမ်း (Yangtze Kiang) မှ တောင်ဘက်သို့ တဖြည်းဖြည်း ဆင်းသက်လာကြသည်။ မြန်မာနိုင်ငံအတွင်းသို့ အရင်ဆုံး ဆလုံ နှင့် မလေးတို့ ဝင်ရောက်လာပြီးနောက် မွန်၊ ပလောင်၊ ဝ အုပ်စုဝင် လူမျိုးများ ဝင်ရောက်လာကြသည်။ ထိုသူတို့မှာ ဆလုံမလေးအုပ်စုဝင်တို့ထံမှ ယဉ်ကျေးမှုအချက်အလက် များကို ယူဆောင်လာကြသည်။ သီးနှံအဖြစ် စပါး၊ နှံစား ပြောင်း၊ ပဲကြီး၊ ပဲလွန်း၊ ကြံ၊ ပိန်းဥ၊ မျောက်ဥ၊ ကျောက်ဖရုံနှင့် ဗူး စသောအသီးအနှံများ စိုက်ပျိုးပုံလက္ခဏာရှိခဲ့သည်။

လွန်ခဲ့သောနှစ်ပေါင်း ၂၀၀၀ ခန့်အခါမှပင်လျှင် မြန်မာနိုင်ငံအတွင်းသို့ ရောက်ရှိနေထိုင်သော မွန်၊ ပလောင်၊ ဝ ရှေ့ပြေး လူမျိုးတို့ စိုက်ပျိုးရေးကို လုပ်ကိုင်လာကြသည်။ ထို့နောက် တောင်ယာစိုက်ပျိုးမှုသာမက မြေပြန့်တွင်လည်း ထွန်ယက်စိုက် ပျိုးလာကြသည်။ ရှေးအခါက စိုက်ပျိုးရေးလုပ်ကိုင်မှုကို အခြေပြု၍ ပေါ်ပေါက်ခဲ့သော ရွာတည်း ဟူသောအုပ်စုဝင်များမှာ တဖြည်းဖြည်း ကျယ်ပြန့်လာ၍ ရွာကြီးများ ဖြစ်လာ၏။  ၎င်းမှတဆင့် မြို့များ ၎င်းတို့ကို စုရုံးလျှက် နိုင်ငံငယ်များ စတင်ပေါ် ပေါက်ခဲ့၏။ ၎င်းတို့မှာ လူမျိုးအလိုက် ခေါ်သော နိုင်ငံငယ်ကလေးများ ဖြစ်ကြ၏။

၎င်းတို့ဝတ်စားဆင်ယင်မှုမှာလည်း ကျောက်ခေတ်လူသားတို့၏ဝတ်စားဆင်ယင်မှုဖြစ်သော သစ်ရွက်၊ သစ်ခက်တို့ကို ဝတ် ဆင်ခြင်းမရှိဘဲ လက်ပံပင်မှ ရရှိသော လဲ၊ မှို့ တို့ကို ပြုပြင်စီမံ၍ အဝတ်အထည် ယက်လုပ်ဝတ်ဆင်ကြသည့်လက္ခဏာများ ရှိ ခဲ့သည်။ ၎င်းမှတဆင့် ထိုအဝတ်အထည်များကို မဲနယ်ဆိုး၍ ဝတ်တတ်လာကြသည်။ ဝါဂွမ်းကား မပေါ်သေး။

ထို မွန်၊ ပလောင်၊ ဝ အုပ်စုဝင်တို့သည် မိမိတို့ထက် အရင်ရောက်ရှိနေသော ဆလုံမလေးအနွယ်ဝင်တို့နှင့် မိမိတို့မျိုးနွယ် တူရှေ့လူများကို တောင်ဘက်သို့၎င်း၊ လူအရောက်ပေါက်နည်းသော တောတောင်ဒေသသို့ ၎င်း၊ ရွှေ့ပြောင်းနေထိုင်စေရန် ဖန်တီးခဲ့သည်။ မွန်တို့သည် တောင်ဘက် မြစ်ဝကျွန်းပေါ်ဒေသ ဝနှင့်ပလောင်အုပ်စုတို့သည် မြောက်ဘက် တောင်များပေါ် တွင် ပြောင်းရွှေ့နေထိုင်ရင်း မွန်၊ ပလောင်၊ ဝ အုပ်စုတို့သည် သီးခြားလူမျိုးများ ဖြစ်လာသည်။ ထိုစဉ်ကာလ မွန်၊ ပလောင်၊ ဝ အုပ်စုတို့သည် မြန်မာနိုင်ငံတစ်ဝှမ်းလုံးကိုပင် လွှမ်းမိုးခဲ့ကြသည်ဟု ယူဆစရာရှိသည်။

(မှတ်ချက်- မွန်၊ ပလောင်၊ ဝ ရှေ့ပြေးလူမျိုးများဆိုရာ၌ မွန်၊ ပလောင်၊ ဝ တို့ထက် စောစွာရောက်ရှိ၍ ၎င်းတို့နှင့်မျိုးနွယ်တူ များဖြစ်ကြသည်။ အမျိုးချင်းတူသော်လည်း ယဉ်ကျေးမှုအဆင့်အတန်းတွင် ကွာခြားလှသည်။ ၎င်းလူမျိုးတို့ကို မြန်မာနိုင်ငံ တွင် မတွေ့ရတော့ပေ။ ဝင်ရောက်ရွေ့ပြောင်းနေထိုင်ရာတွင် အခြား မွန်၊ ပလောင်၊ ဝ အုပ်စုဝင်ထက်ဦး၍ အာရှတိုက် တောင်ဘက်စွန်းသို့ ရောက်ရှိနေကြပြီ။ ၎င်းတို့သည် နီကိုဘာ ခေါ် နာဂဘာရီကျွန်းသားများနှင့် မလေးကျွန်းဆွယ်အလယ် ပိုင်း တောတောင်များတွင် နေထိုင်သည့်ဆကိုင်းလူမျိုးများ ပါဝင်ကြသည်။ ၎င်းတို့ရောက်ရှိသောအချိန်မှာ လွန်ခဲ့သောအနှစ် ၂၀၀၀ ကျော်ခန့်က ဖြစ်သည်ဟု ခန့်မှန်းရသည်။ )

ထို့ကြောင့် ထိုခေတ်ကို မွန်၊ ပလောင်၊ ဝ  ခေတ်ဟု ခေါ်တွင်သုံးစွဲရမည်ဖြစ်သည်။ မွန်၊ ပလောင်၊ ဝ အုပ်စုဝင်တို့ မြန်မာ ပြည်အတွင်းသို့ ရောက်ရှိလာသောအခါ မိမိတို့၏ယဉ်ကျေးမှု ပါလာခဲ့သည်။ ရောက်ရှိသောဒေသရှိ ယဉ်ကျေးမှုကိုလည်း ဆက်ခံသဖြင့် ယဉ်ကျေးမှုအဆင့်အတန်း အတော်အတန် တိုးတက်လာခဲ့သည်။ ထို့ပြင် အိန္ဒိယတောင်ပိုင်းမှ လာရောက်သော အိန္ဒိယတိုင်းရင်းသားကုန်သည်များနှင့် လည်း ကူးလူးဆက်ဆံရသဖြင့်  အိန္ဒိယယဉ်ကျေးမှုကိုပါ ရရှိခဲ့ပါသည်။ ၎င်းတို့ထံမှ ဟိန္ဒူဘာသာအယူဝါဒ၊ စာရေးသည့်အတတ်ပညာ၊ အုပ်ချုပ်မှုနှင့်နေထိုင်ဝတ်ဆင်မှုများကို နည်းယူပြီး မိမိတို့ကိုယ်ပိုင် ယဉ်ကျေးမှုနှင့် သင့်တော်သလို ပြင်ဆင်လက်ခံ၍ ကိုယ်ပိုင်ယဉ်ကျေးမှုအသွင်သို့ ပြောင်းလဲယူကြသည်။ ၎င်းပြင် ထူးခြား မှတ်သားဖွယ်ကောင်းသောအချက်တစ်ရပ်မှာ ဟိန္ဒူအယူဝါဒ ရောက်ပြီးနောက်၊ ယခုအချိန်အထိ ထွန်းပြောင်လျှက်ရှိသော ဗုဒ္ဓဘာသာ ရောက်ရှိလာသည်။ ထိုသို့ရောက်ရှိလာသော ဗုဒ္ဓသာသနာမှာ ထေရဝါဒဗုဒ္ဓဘာသာ၊ တောင်ပိုင်းဗုဒ္ဓဘာသာ ဖြစ်သည်။ ပထမရောက်ရှိလာသော ဟိန္ဒူအယူအဆကို စွန့်ပစ်၍ ထေရဝါဒ ဗုဒ္ဓဘာသာကို ခံယူသည်။ မြောက်ပိုင်းတွင် မဟာယန၊ အရည်းကြီးတို့ သာသနာသာ ရှိနေသေးသည်။ မွန်တို့ဒေသသည် ဦးစွာပထမ ဗုဒ္ဓဝါဒထွန်းလင်းခဲ့သော ဒေသ ဖြစ်သည်။

 သမိုင်းတင်ခေတ်အစ၊ မွန်ပဒေသရာဇ်နိုင်ငံတော်

သမိုင်းတင်ခေတ်ဦးတွင် မွန်တို့သည် ကုန်လုပ်ဆက်ဆံရေး တိုးတက်လာသည်နှင့်အမျှ အောက်မြန်မာနိုင်ငံ တွင် မွန်နိုင်ငံကို တည်ထောင်ကြောင်း တွေ့ရှိရသည်။ ၎င်းမှာ သုဝဏ္ဏဘုံမိ ဖြစ်သည်။ ဘာသာဗေဒအရ မွန်တို့သည် သြစတြိုအေရတစ်အနွယ် တွင် ပါဝင်သည်။ သမိုင်းဦးဘုံမြေခေတ်၊ ကျောက်ခေတ်နှောင်းကာလ (ဘီစီ -၂၀၀၀ ကျော်) လောက်ကတည်းက သူတို့ သည် လယ်ယာစိုက်ပျိုးမှုအတတ်ကို တတ်သိနားလည် ဆောင်ရွက်ခဲ့သည်။ စပါးစိုက်ပျိုး၍ ဖြစ်ထွန်းနိုင်သောအရှေ့တောင် အာရှမြစ်ဝှမ်းဒေသများသို့လူဦးရေ တိုးတက်များပြားလာသည့်မွန်၊ ခမာ မျိုးနွယ်ကွဲဝင်တို့ တစတစ ရွေ့ပြောင်းနေထိုင် ခဲ့ကြသည်။ ဤသို့ဖြင့် သူတို့သည် ဒုတိယမူရင်းဒေသဟု ဆိုရမည့်ဗီယက်နန်ပြည် မြစ်နီမြစ်ဝှမ်းကျွန်းပေါ်ဒေသ၊ ယခုအခါ ကမ္ဘောဒီးယား မဲခေါင်မြစ်ဝှမ်းကျွန်းပေါ်ဒေသ၊ ယိုးဒယားတောင်ပိုင်း  ချောင်ဖျရာ မဲနန်ဒေသ၊ ယင်းမှတဆင့် စစ်တောင်း၊ သံလွင်၊ ဂျိုင်းမြစ်ဝှမ်းကျွန်းပေါ်ဒေသသို့ ပြောင်းရွှေ့လာခဲ့ကြသည်။ မွန်၊ ခမာ အနွယ်ကွဲဝင် တို့သည် အဆိုပါမြစ်နီမြစ်ဝှမ်းမှ အိန္ဒိယနိုင်ငံ အာသံပြည်နယ်၊ ဗြဟ္မပုတ္တရမြစ်ဝှမ်းနှင့် ဂင်္ဂါမြစ်ဝှမ်းဒေသ များသို့လည်း ရောက်ရှိခဲ့သည်။

မွန်တို့သည် သုဝဏ္ဏဘုံမိ (သထုံ) မြို့ကို မြို့တော်အဖြစ် ပြုလုပ်စိုးစံနေထိုင်ကြသော မွန်နိုင်ငံတစ်ခုကို၎င်း၊ မြန်မာနိုင်ငံနယ် စပ်နှင့်နယ်ခြားစပ်လျှက်ရှိသောယိုးဒယား (ထိုင်း) ပြည်၏မြောက်ပိုင်းတခွင်နှင့် တောင်ပိုင်းတလွှားတို့ကို ကြီးစိုးလွှမ်းမိုး နေသည့်မွန်နိုင်ငံတစ်ခုကို၎င်း ထူထောင်ထားပြီး ဖြစ်သည်။ ယခုအခါ ယိုးဒယား (ထိုင်း) နိုင်ငံအဖြစ် နယ်နိမိတ်သတ်မှတ် ထားသည့်မြေပေါ်တွင် အဆိုပါမွန်ပြည်နှစ်ပြည်ကို ထူထောင်ထားကြရာ တောင်ပိုင်းမွန်နိုင်ငံကို ဒွါရဝတီဟု ခေါ်၏။ မြို့တော် မှာ လော့ပူရီ (LOP BURI ) ဖြစ်သည်၊ လော့ပူရီမြို့ကား ယခုတိုင် ရှိနေသေး၏။ မြောက်ပိုင်းမွန်နိုင်ငံကို ဟရိဘုဉ္ဇ ခေါ်ကြ သည်။ မြို့တော်မှာ လမ်ဖုန်းဖြစ်သည်။ ဤမြို့သည်လည်း ဇင်းမယ်မြို့၏တောင်ယွန်းအရပ်၌ ယခုတိုင် ရှိသေး၏။

မွန်၊ ခမာအနွယ်ဝင် မွန်အမျိုးသားတို့ မြန်မာနိုင်ငံအောက်ပိုင်းတွင် တည်ဆောက်ခဲ့သော သုဝဏ္ဏဘူမိနိုင်ငံ၏ အချုပ်အချာ ဒေသမြို့တော်မှာ သထုံခရိုင် ဘီးလင်းမြို့နယ် ကေလာသတောင်တဝိုက်ဖြစ်သည်ဟု သုတေသီတို့က ခန့်မှန်းကြသည်။ ယင်းဒေသတွင် မွန်လူမျိုးတို့အခြေစိုက်၍ မြို့ပြထီးနန်း တည်ဆောက်ခဲ့သည်၊ (ယခုအခါ ၎င်းဒေသကို ရှေ့ဟောင်းသုတေ သနဌာနမှ စတင်တူးဖေါ်၍ သုတေသနပြုလုပ်ပြီး ဖြစ်၍ ပြည့်စုံသောအချက်အလက်များ နောက်ထပ်တွေ့ရှိလာမည်ဟု ယုံကြည်ရသည်။)

သုဝဏ္ဏဘူမိသည် မွန်တို့ဌာနေဖြစ်သော ရာမညဒေသကို အမည်ပေးထားသည်ဟုလည်း ဆိုနိုင်သည်။ ယင်းမှာ မူလအားဖြင့် စစ်တောင်းနှင့်သံလွင်မြစ်နှစ်သွယ်ကြားဒေသ ဖြစ်သည်။ ရာမညဒေသ ဆိုသည်မှာ လည်း ခေတ်လယ် မွန်တို့က မိမိတို့ကို ခေါ်သော “ မာန်” ဟူသော အမည်မှ ဆင်းသက်လာခြင်း ဖြစ်သည်။

ရှေးနှစ်ပေါင်းများစွာက ယင်းဒေသ (သုဝဏ္ဏဘူမိ) သည် ပင်လယ်ဆိပ်ကမ်းတစ်ခု ဖြစ်ခဲ့ကြောင်း သံသယ မဖြစ်နိုင်ချေ၊ ယခု မုတ္တမတောင်တန်း၏အနောက်ဘက်လွင်ပြင်မှာ ရှေးယခင်က ပင်လယ်ရေများ လွှမ်းနေခဲ့သည်၊ ထိုစဉ်က ပင်လယ်ကမ်းစပ် သည် အရက်သည်မ ( တိုက်ကုလား) ရွာဖြစ်သော ကေလာသ တောင်ခြေအထိ ရောက်ခဲ့သည်၊ ယခု အရက်သည်မရွာ နှင့် သထုံမြို့နေရာတို့မှ လေးမြှားများ၊ ကျောက်ကြိုး များ နိုင်ငံခြားသင်္ဘောများ၏အပိုင်းအစများကို တူးဖေါ်ရရှိခဲ့ဘူးသည်။

မဟာရာဇဝင်ကြီး၌ ဘုရားသခင်ထင်ရှားရှိစဉ်က အာသောက ဓမ္မရာဇာ မင်းပြု၏၊ သထုံရာဇာဝင်ကျမ်းဟောင်း တွင်မူ သထုံ၌ သီဟရာမင်း မှစ၍ မနူဟာမင်းအထိတိုင် စိုးစံသည်ဟု ဖော်ပြထား၏။

သုဝဏ္ဏဘူမိ (ခေါ်) သထုံမြို့တည်ထောင်သည့်ခုနှစ်နှင့် စပ်လျဉ်း၍ တိတိကျကျ မရှိလှပေ။ မွန်၊ မြန်မာ ရာဇာဝင်များတွင်မူ ဘီစီ-၁၇- ရာစုအတွင်းက တည်ထောင်ခဲ့ခြင်းဖြစ်သည်ဟု သတ်မှတ်ကြသည်။

သုဝဏ္ဏဘူမိနှင့် ပတ်သက်စပ်လျဉ်း၍ ခေါမ ပထဝီရှင် တော်လမီက၊ “ ဗေင်စင်ဂ”ဟုခေါ်သော မုတ္တမ ပင်လယ်ကွေ့ ကမ်းရိုးတန်းတလျှောက်တွင် အရပ်ပု၍ ကြံ့ခိုင်သောလူကြမ်းများ နေထိုင်ကြသည်၊ သူတို့သည် မူရင်းတိုင်းရင်းသားဖြစ်သော သြစ တြိုနီးရှင်းများ၊ မြန်မာစာပေလောကတွင် ဘီးလူးဟု ခေါ်တွင်သောလူများ ဖြစ်တန်ရာသည်။ မွန်၊ ခမာ အနွယ်စုတို့ ရောက်လာသောအခါ မခုခံနိုင်၍ ၎င်းတို့သည် ပင်လယ်ရှိကျွန်းများ ပေါ်သို့ ဆုတ်ခွာသွားခဲ့ရသည်။

မြေရှင်ပဒေသရာဇ်ခေတ်လယ်တွင် မနူဟာမင်း (မကုတ) မတိုင်မီ မွန်ဘုရင်များ ခေါင်းဆောင်သော သုဝဏ္ဏဘူမိ သထုံပြည် သည် အင်အားတောင့်တင်းလျှက် ရှိသည်၊ သထုံတွင် မွန်လူဦးရေ များပြားလာသဖြင့်  “ဟံသာဝတီ ( ပဲခူး ) ”၊ တွံတေးမြို့ အရှေ့ဘက်ရှိ “ကြဗင်း”မြို့များ တည်ထောင်ခဲ့သည်။ သို့သော် စုစည်းသောအင်အားကြီးနိုင်ငံတစ်ခုအဖြစ် မတည်ထောင် နိုင်ခဲ့သေးပေ။

သုဝဏ္ဏဘူမိတွင် မွန်တို့၏ မိရိုးဖလာ ကိုးကွယ်မှုအပြင် အိန္ဒိယမှ ဗိဿနိုး ကိုးကွယ်သည့် ဗြဟ္မဏဝါဒနှင့် ဗုဒ္ဓဝါဒကို သက်ဝင် ယုံကြည်ကြသည်။ သို့သော် ဗြဟ္မဏဝါဒမှာ မှေးမှိန်ခဲ့ပြီး ဗုဒ္ဓဝါဒ ထွန်းတောက်ခဲ့သည်။ သီဟရာဇာမင်း စိုးစံချိန်တွင် ၎င်း၏ နောင်တော် အရှင် ဂဝံပတိထေရ်က မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုသောအခါ ဌာပနာသွားတော် သုံးဆယ့်နှစ်ဆူ ပင့်ဆောင်ပြီး အနှစ် ၆၀ တိုင်တိုင် ပူဇော်ခဲ့သည်ကို သထုံရာဇဝင်ကျမ်း ဟောင်းတွင် ဖော်ပြထားသည်။ အာသောကမင်းကြီး လက်ထက် တွင်လည်း အရှင်သောဏ နှင့် အရှင်ဥတ္တရ တို့ သာသနာပြုခဲ့ကြောင်း တွေ့ရှိရသည်။ ထိုအချိန်တွင် မြန်မာပြည် မြောက်ပိုင်း၌ အရည်းကြီး မဟာယနအယူသာ ရှိ၏။

သုဝဏ္ဏနိုင်ငံသားတို့သည် သာသနိက ဆိုင်ရာအဆောက်အဦးများ၊ မြို့ရိုးခံတပ် စသည်တို့ကို ဂဝံကျောက် များဖြင့် ကောင်း မွန်စွာ တည်ဆောက်ခဲ့ကြသည်။ ထိုကြောင့် ထိုခေတ်တွင် ဂဝံကျောက်ယဉ်ကျေးမှုတစ်ရပ် ပေါ်ထွန်းလာကြောင်း မှတ်တမ်း တင်ခဲ့ကြသည်။

အထက်ဖော်ပြပါအရ မွန်တို့သည် ဘီစီ ၂၀၀၀ ကျော်ကစ၍ မွန်ပဒေသရာဇ်ခေတ်အစ လော့ဗူရီ၊ လမ်ဖုန်း၊ သုဝဏ္ဏဘူမိ၊ ဟံသာဝတီ( ပဲခုး)နှင့် ပဒေသရာဇ်ခေတ်များတွင် ရေးထိုးခဲ့သောကျောက်စာတဆင့်စီ ကူးယူခဲ့သော ပေစာ၊ ပုရပိုဒ်များနှင့် ယခုတိုင် ပုံနှိပ်အသုံးပြုနေသော စာပေယဉ်ကျေးမှု မှတ်တမ်းများ၊ ၎င်းနှင့်ပက်သက်သော အချက်အလက်များက မွန်အမျိုး သားတို့တွင် အချုပ်အချာအာဏာနှင့် ပြည့်စုံသော၊ ကျယ်ပြန့်သောနယ်မြေကို ပိုင်ဆိုင်အုပ်စိုးခဲ့ကြောင်း သိရှိနိုင်သည်။ စီးပွား ရေးအရလည်း သမိုင်း သုတေသီတို့မှ မှတ်တမ်းတင်ခဲ့သည့်အတိုင်း လယ်ယာစီးပွားရေးကို လုပ်ကိုင်ကြသူများ ဖြစ်သည်။ မွန်တို့ဌာနီရာမညဒေသသည်လည်း ပဒေသရာဇ်ခေတ်များတွင် မွန်ပဒေသရာဇ်များ ဦးစီးဦးဆောင်ပြုကြ သည့်မွန်တို့ နှစ်ပေါင်းထောင်းပေါင်းများစွာ (ဘီစီ ၂၀၀၀ ကျော်)ကစပြီး လူမျိုးကြီးတစ်ရပ်အဖြစ် တည်ရှိခဲ့သည်။

“A nation is a historically evolved stable Community of Language, Territory, Economic  life and Psychological make up manifesto in a Community of culture.”

“လူမျိုးဆိုသည်မှာ ရာဇဝင်အရ ပေါ်ပေါက်ဖြစ်လာပြီး တည်တံ့သောစကား၊ စာပေ၊ နယ်မြေ၊ စီးပွားရေးနှင့် ယဉ်ကျေးမှု ထုံးတမ်းစဉ်လာတွေနှင့် ဦးညွတ်စွာ ရှိသောလူစုလူဝေးကို ခေါ်သည်။ ထို့ကြောင့် မွန်သည် ( Race tribe ) စသော အဆင့်တူများပူးပေါင်းထားခြင်းမဟုတ်ဘဲလူမျိုးတစ်မျိုး၏ဂုဏ်အင်္ဂါနှင့်ပြည့်စုံသောလူမျိုးဖြစ်ကြောင်းထင်ရှားသည်။


 

Untitled Document


မွန်သမိုင်း


မွန်အမျိုးသားတို့၏နောက်ခံသမိုင်း အခန်း(၈)

မွန်အမျိုးသားတို့၏နောက်ခံသမိုင်း အခန်း(၇)

မွန်အမျိုးသားတို့၏နောက်ခံသမိုင်း အခန်း(၆)

မွန်အမျိုးသားတို့၏နောက်ခံသမိုင်း အခန်း(၅)

မွန်အမျိုးသားတို့၏နောက်ခံသမိုင်း အခန်း(၄)

မွန်အမျိုးသားတို့၏နောက်ခံသမိုင်း အခန်း(၃)

မွန်အမျိုးသားတို့၏နောက်ခံသမိုင်း အခန်း(၂)

မွန်အမျိုးသားတို့၏နောက်ခံသမိုင်း အခန်း(၁)


Untitled Document


Untitled Document
   Top | Go Back
မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views