အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
Welcome To Kaowao Newsgroup
ဆောင်းပါး

အပစ်ရပ်အနာဂတ်ခရီးကို ကြိုတင်တွေးဆခြင်း

မင်းသက်အောင်
စက်တင်ဘာ ၆၊ ၂၀၀၈။


ယခုတလော မြန်မာ့သတင်းလောကမှာ နေရာယူလာတာကတော့ ဒေါ်အောင်ဆန်းစုကြည်၊ မစ္စတာ ဂမ်ဘာရီနဲ့ နအဖတို့ အားပြိုင်နေတဲ့ ဖြစ်ရပ်တွေနဲ့ တော်လှန်ရေး အပစ်အရပ်အဖွဲ့တွေရဲ့ လက်နက်ကို နအဖက ဖြုတ်သိမ်းပြီး ၂၀၁၀ခု၊ ရက်မသတ်မှတ်သေးရတဲ့ ရွေးကောက်ပွဲ အကြောင်းတွေပါပဲ။

အပစ်ရပ်အဖွဲ့မှာ မိမိလက်နက်ကို မိမိလက်ဝယ်ကိုင်ထားတဲ့အဖွဲ့၊ လက်နက်အကြွင်းမဲ့ အပ်နှံပြီး အစိုးရထံမှ ပြန်လည် ငှားယူထားတဲ့ပုံစံနဲ့ ရပ်တည်နေတဲ့အဖွဲ့အစည်း၊ ဒေသကာကွယ်ရေး ပြည်သူ့စစ် ပုံစံနဲ့ ရပ်တည် နေကြတဲ့ အဖွဲ့အစည်း တွေရှိ နေကြပါတယ်။

လက်နက်အကြွင်းမဲ့ အပ်နှံထားတဲ့အဖွဲ့ ကာကွယ်ရေး၊ ပြည်သူ့စစ်အဖွဲ့တွေထံက အစိုးရလက်နက် တောင်းယူယင် (သို့မဟုတ်) မက်လုံးတစ်ခုခု ပေးပြီး ဖလှယ်ယူလျှင် ရကောင်းရနိုင်ပါတယ်၊ ဆိုလိုတာက အဲဒီလိုအသွင်သဏ္ဍာန်နဲ့ ရပ်တည်လာတဲ့ အဖွဲ့အစည်းခေါင်းဆောင်အများစုဟာ မူလက မျိုးချစ်စိတ်ကို အခြေခံပြီး အစိုးရအဆက်ဆက်ကို လက်နက်ကိုင် တော်လှန်လာခဲ့တဲ့သူတွေပါ၊ နိုင်ငံရေး အခြေခံအားနည်းမှု၊ စိတ်ဓါတ်နဲ့ ကိုယ်ကျင့်တရား မခိုင်မာမှု၊ တော်လှန်ရေးခရီး ကာလရှည်လျားလာသည်နှင့်အမျှ စိတ်ပင်ပမ်း နွမ်းနယ်လာကာ မိမိပင်ကိုယ်မူလ ခံယူချက်များ မသိမသာ ပြောင်းလဲလာသည်ကို ခေတ်ကာလအခြေအနေ ရေစီးကြောင်းတွင် ခေတ်ပေါ်နိုင်ငံရေး အတွေးအခေါ်သစ်တစ်ရပ်ကို ခံယူလာပြီး ထွက်ပေါက်တစ်ရပ်လို မြင်လာမိတယ်၊ အဲဒီလိုခေါင်းဆောင်၊ အဖွဲ့အစည်းတွေကတော့ နအဖ၊ အမဲတုံး ပစ်ကျွေးတာ စားမိလိုက်ယင် အချိန်ကာလ ဆိုတဲ့သမိုင်းတစ်ကွေ့မှာ ပျောက်ကွယ်သွားကြမှာပါပဲ။

၁၉၈၉ ခုကတည်းက ဗိုလ်ချုပ် ခင်ညွန့် သိမြင်လက်တွေ့ကျင့်သုံး စမ်းသပ်လာခဲ့တဲ့ လက်နက်ကိုင် အဖွဲ့ အစည်းများအပေါ် ကိုင်တွယ် ဆက်ဆံမှုနည်းတစ်ရပ်ကတော့ သဘောချင်း မတူညီတဲ့ကိစ္စရပ်တွေ နောက်မှ ဆွေးနွေးအဖြေရှာ၊ တိုင်းရင်းသား ညီအစ်ကို အချင်းချင်း သေနတ်သံတွေ တိတ်ထားရအောင်ဆိုတဲ့ နည်းဗျူဟာက အတိုင်းအတာတစ်ခုထိ အောင်မြင်တယ်လို့ ဆိုရပါလိမ့်မယ်။

တပြည်လုံးအတိုင်းအတာနဲ့ သေနတ်သံတိတ်စေချင်ပြီး လမ်းကြောင်းပိတ်နေတဲ့ တိုင်းပြည်ရဲ့ နိုင်ငံရေး ထွက်ပေါက်မှန်ကို လျှောက်လှမ်းချင်တဲ့ဆန္ဒ အမှန်ရှိခဲ့လျှင် တော်လှန်ရေးအုပ်စုတွေမှာ DAB, NDF တို့ ရှိပါတယ်၊ တိုင်းပြည်ကောင်းစားစေချင် စေတနာအမှန်ရှိယင် ဒီအဖွဲ့အစည်းတွေနဲ့ ဆွေးနွေးအဖြေရှာ လိုက်ယင် အခုလို ဇာတ်မြောကြီးလဲ မကနေကြရတော့ဘူး။

တော်လှန်ရေးအဖွဲ့အစည်းတိုင်းရဲ့ အားနည်းချက်၊ အားသာချက်၊ ခေါင်းဆောင်များရဲ့ အနေအထား၊ လက်ရှိရပ်တည်မှု အခြေအနေအရပ်ရပ်ကို ဗိုလ်ချုပ် ခင်ညွန့်ရဲ့ မဟာဗျူဟာ လေ့လာရေးဌာနက လက်လှမ်းမီသလောက် အသေးစိတ် လေ့လာစုံစမ်း၊ သုံးသပ်ပြီး တစ်ဦးချင်း မရယင် တစ်စုခြင်း၊ မရတော့မှ နောက်ဆုံးအနေအထားမှာ တစ်ဖွဲ့ချင်းကို ဆွေးနွေးပါတယ်၊ ဘယ်တော့မှ လက်နက်မချနိုင်၊ တောင့်ခံနိုင်တဲ့အဖွဲ့အစည်းတွေကို တစ်မျိုးဆက်ဆံပြီး လက်နက်အပ်တဲ့ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေကို မျက်နှာသာ ပိုပေးပြီး ဆက်ဆံကြပါတယ်။

တွေ့ဆုံဆွေးနွေးပွဲတွေမှာ နဝတ ကိုယ်စားလှယ်များ ချပြတဲ့ ရေရှည်မှာ အလုပ်မဖြစ်နိုင်တဲ့ စီးပွားရေး လုပ်ငန်းတွေကို ဖြစ်နေတာသိလို့ တဖက်အဖွဲ့ ကိုယ်စားလှယ်များ အင်တင်တင်ဖြစ်နေယင် ကျနော်တို့ဟာ အစိုးရပါ၊ ခင်ဗျားတို့ရပ်တည် နိုင်ရေးအတွက် တစ်နည်းမဟုတ်တစ်နည်း အကူအညီ ပေးသွားရမှာပဲ၊ နားလည်ပေးမှာပါ စတဲ့ပျော့ပြောင်းတဲ့ လေသံနဲ့ ဆိုလာတယ်။ အချို့ကိစ္စတွေကြပြန်တော့ သူတို့လည်း နက်နက်ရှိုင်းရှိုင်းမသိ၊ နားမလည်တဲ့အခါ "ကျနော်တို့ဟာ ခင်ဗျားတို့ သိတဲ့အတိုင်း တရားဝင် အစိုးရ မဟုတ်ဘူး၊ တရားဝင်အစိုးရပေါ်လာတဲ့အခါကျယင် ဒီမိုကရေစီနည်းအရ သူတို့မှာ ဆက်လက် တောင်းဆိုပေါ့။

ဒီလိုနဲ့တစ်ဖက်က ဒီမိုကရေစီကို ဘန်းပြပြီး အမျိုးသားညီလာခံကို အချိန်ဆွဲပြ၊ အပစ်ရပ်အဖွဲ့တွေ စတင်ဝင်လာတဲ့အချိန်က တရားမဝင်တဲ့နည်းတွေနဲ့ ပေးအပ်လာတဲ့ အခွင့်အရေးတွေကို ဆယ်စုတစ်ခုကျော်တဲ့အခါ တဖြေးဖြေး ပြန်လျှော့ချပြီး၊ နအဖ အလိုကျ ခေါင်းမညိတ်တဲ့အဖွဲအစည်းတွေရဲ့ ဘဏ္ဍာရပ်တည်မှုတွေ ပြိုလဲအောင် မသိမသာ ပြုလုပ်လာတော့တယ်။

စာရေးသူတို့နဲ့ နီးစပ်တဲ့ မွန်ပြည်သစ်ပါတီ NMSP အနေအထားကို ကြည့်ပေတော့။ အပစ်အခတ်ရပ်စဲရေး (မွန်ပြည်သစ် ဘက်က သုံးတဲ့စကားလုံး) - ငြိမ်းချမ်းရေး (နဝတ၊ နအဖ၊ ဘက်ကသုံးတဲ့အသုံးအနှုန်း) စတင်လုပ်ဆောင်တဲ့အခြေအနေမှာ ဘဏ္ဍာရေးအရ လစဉ်ထောက်ပံ့မှုတွေ ပေးခဲ့ပါတယ်။ ဆန်ရိက္ခာ၊ စက်သုံးဆီအသင့်အတင့်နဲ့ အခြားစီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်နိုင်ဖို့ အခွင့်အရေး ပေးခဲ့ပါတယ်။

KNU နဲ့ NMSP သံယောဇဉ် မပြတ်ဘူး၊ NDF နဲ့ အဆက်သွယ်ရှိနေတယ်၊ အမျိုးသားညီလာခံမှာ နအဖ ချပြတဲ့မူအတိုင်း မလုပ်၊ သတင်းစာမှာ ထောက်ခံတာ၊ ကန့်ကွက်တာ အခြားအဖွဲ့အစည်းတွေလို လိုက်မလုပ်ဘူး။ ဒါကြောင့် မူလက ပေးထားခဲ့တဲ့ အခွင့်အရေးတွေကို တစ်ဆင့်ချင်း လျှော့ချလိုက်တယ်။ မွန်ပြည်သစ်ပါတီကလည်း မူလကတည်းက မိမိခြေထောက်ပေါ် မိမိရပ်တည်နိုင်ရေး လမ်းစဉ်ကို ကျင့်သုံးခဲ့တယ်။ သူများကျွေးတဲ့အမဲတုံးကို မမက်မော၊ တော်လှန်ရေး အဖွဲ့အစည်း တစ်ရပ်အနေနဲ့ တောက်လျှောက် ရပ်တည်နိုင်လာခဲ့တာ ဒီကနေ့ တွေ့နေရတဲ့အတိုင်းပါပဲ။ ဒါပေမဲ့ ဇွဲလျှော့ကျလာသူ၊ အချောင်သမားစိတ်ဓါတ်ဝင်လာသူ အချို့ကတော့ ကိုယ်ကျိုးနေအထားအရ ပါတီရဲ့လမ်းစဉ်ကနေ သွေဖီပြီ  မိမိကြီးပွားရေး ပန်းတိုင်ကို သွားနေသူအချို့ကိုလည်း တွေ့နေရပါတယ်။

နဝတ၊ နအဖ လိမ်ညာနေမှန်းလည်းသိ၊ ရွေးကောက်ပွဲဝင်ယင် လက်နက်တွေ အစိုးရထံ အပ်ပြီး မိမိပါတီ တရားဝင်ပါတီ ဖြစ်အောင် မှတ်ပုံတင်၊ ပြည်သူထောက်ခံတာ၊ မထောက်ခံတာ တပိုင်းထား။ ရွေးကောက်ပွဲ မဝင်ယင် ဘာဖြစ်မလဲ။ မိမိအဖွဲ့အစည်းထဲမှာ ဘယ်ပုဂ္ဂိုလ်က ဝန်ကြီးရူးရောဂါ စွဲနေသလဲဆိုတာ နအဖက လေ့လာထားပြီပဲ။ အဲဒီလိုပုဂ္ဂိုလ်တွေက နအဖက အသားတုံး ပစ်ပုံပေးပြီး ရတဲ့နည်းနဲ့ ပါတီအဖွဲ့အစည်းတွင်း ညီညွတ်ရေး ပြိုကွဲအောင် ရိုက်ခွဲမယ်။ အသေးအဖွဲ ပဋိပက္ခကနေ အကြီးစားဖြစ်ပေါ်လာအောင် သွေးခွဲသပ်လျှိုပြီး နအဖက မသိမသာ မဆိုင်သလို ဘေးက ထိုင်ကြည့်နေမယ်။ နအဖ အလိုမကျတဲ့ ခေါင်းဆောင်၊ စည်းရုံးလို့ မရတဲ့ပုဂ္ဂိုလ်တွေကို နည်းအမျိုးမျိုးနဲ့ ရန်ရှာလာမယ်။ အကြောင်းရှာပြီး ထောင်ချပစ်တာတို့၊ တစ်ဖက်နဲ့တစ်ဖက် အချင်းချင်း အထင်အမြင် လွဲမှားမှု ဖြစ်စေပြီး လက်နက်နဲ့ တိတ်ဆိတ်ဖြေရှင်း ခိုင်းတာ၊ လူငှားပြီး သတ်ပစ်နိုင်တဲ့ပုံစံမျိုးတွေနဲ့ပေါ့။

မွန်တိုင်းရင်းသားတွေရဲ့ နိုင်ငံရေးမှတ်တိုင်မှာ ဒီလို ၂၀၁၀ နှစ် ပုံစံအချိုးအကွေ့ကို ၁၉၅၈ ခုနှစ်မှာ ကြုံခဲ့ဘူးပါတယ်။ ဖဆပလ အစိုးရကို ဆယ့်နှစ်ဆယ်မိုးလက်နက်ကိုင် တိုက်ခိုက်လာခဲ့တဲ့ မွန်ပြည်သူ့တပ်ဦး(၁၉၄၈-၁၉၅၈)ဟာ နိုင်ငံတော် ဝန်ကြီးချုပ် ဦးနုနဲ့ အစိုးရရဲ့လေသံကို နားဝင်လက်ခံပြီး ၁၉၅၈ ခု ဇူလိုင် ၁၉ ရက်နေ့မှာ နိုင်ငံတော်ထံ အကြွင်းမဲ့ လက်နက်အပ်ခဲ့တယ်။ မွန်ခေါင်းဆောင်တွေ လွှတ်တော်ကိုယ်စားလှယ် လေးငါးနေရာ ရခဲ့တယ်။ မကြာပါဘူး။ ၁၉၆၂ အာဏာသိမ်းပြီးတာနဲ့ ခေါင်းဆောင် တော်တော်များများ နှစ်ရှည်ထောင် နန်းစံသွားရပါတယ်။

အစိုးရရဲ့လေသံကို နားမယောင်၊ မယုံကြည်တဲ့ နိုင်ရွှေကျင်က ယုံကြည်ချက်တူ လက်ကျန်အင်အား အနည်းအကျဉ်းကို ပြန်လည်စုဆောင်းပြီး မွန်ပြည်သစ်ပါတီကို တည်ထောင်တိုက်ပွဲ ဝင်လာတာ ဒီနှစ်ဆို ၅၀ နှစ်ပြည့်မြောက်ပါပြီ၊ အတွေ့အကြုံ ရှိသော ခေါင်းဆောင်ကောင်းများ၏ လမ်းညွှန်ဦးဆောင်မှုအောက်မှာ မားမားမတ်မတ် ရပ်တည်နေဆဲပါ။

ဆိုလိုတာက လက်နက်ကိုင်တိုက်ပွဲဟာ ပြည်သူတို့ တောင်းဆိုချက်အရ ဖြစ်ပေါ်လာတယ်။ ဖိနှိပ်မှု အမျိုးမျိုးကို တောင့်ခံ မနိုင်တဲ့အဆုံးမှာ ရတဲ့နည်းနဲ့ပြန်ပြီး ပုန်ကန်မှာပါပဲ၊ အုပ်စိုးသူတွေရဲ့ စေတနာစစ်မှန်အပေါ်မှာ မူတည်နေပါတယ်၊ ယနေ့ခေတ် ကာလက ၁၉၈၈၊ ၁၉၆၂ မဟုတ်တော့ပါ။


မင်းသက်အောင်

Untitled Document



၂၀၀၈ ခုနှစ် ဆောင်းပါးများ

ထိုင်း ပြည်သူ့မဟာမိတ် ဒီမိုကရေစီအဖွဲ့၏ နောက်ဆုံး ရောက်မည့် နောက်ဆုံးတိုက်ပွဲ


တိတ်ဆိတ်နေသောသေနတ်သံများ

ဟိုမရောက်ဒီမရောက် ခရီးတထောက်မှာတဝဲဝဲလည်

စစ်ဗိုလ်ချုပ် နောက်လိုက် မီဒီယာသမားများ


တူညီမှု အဓိပ္ပါယ် ဖော်ဆောင်ကြသူများ


မြန်မာပြည် မငြိမ်းချမ်းပါမှ

ဘယ်သူ့လက်ချက်လဲ

ဆေးမတိုးတော့ ယတြာပေါ့

မြန်မာနိုင်ငံတွင် တပါးတည်းသော ပြည်ကြီးရှင် ဘုရင်မကြီး ရှင်စောပု (အပိုင်း ၁)

ကြားမိကြားရာအပိုင်းအစများ (၂)

ဗိုလ်သန်းရွှေသည် နိုင်ငံတော်သည် ဗိုလ်သန်းရွှေ

မြန်မာပြည်မှာ “အာဏာရေးပြဿနာ” တခုတည်းလား

မြန်မာအမတ်များ ကန့်ကွက်အဆိုပြုလွှာ ဘန်ကင်မွန်း ဆက်လက်တင်သွင်း

အပစ်ရပ်အနာဂတ်ခရီးကို ကြိုတင်တွေးဆခြင်း

နောက်ဆုံးတိုက်ပွဲ

မရေရာသော ထိုင်းနိုင်ငံရေး

"ညီညွတ်ရေးကို ဘယ်လိုတည်ဆောက်ကြမလဲ"

ကြီးမားသော ထိုင်းဆန္ဒပြပွဲ၏ ဒုတိယနေ့ မြင်ကွင်း

ဝါခေါင်လပြည့် (သို့မဟုတ်) မွန်တော်လှန်ရေး၏နိဒါန်း

ကြားမိကြားရာ အပိုင်းအစများ (၁)

ရှစ်လေးလုံး နှင့် ဆရာနိုင်နွန်လာ အမှတ်တရ

ကုလသမဂ္ဂနှင့် ပူးပေါင်းလုပ်ဆောင်မလား ကြီးမားသောဖိအားပေးမှုနှင့်ရင်ဆိုင်မလား

မုန်တိုင်းကိစ္စနှင့်စပ်လျဉ်း၍ ခိုးဝှက်ထားသော အလှူငွေများပြန်ပေးပါ

ဒီမိုကရေစီဆိုတာဘာလဲ

မြန်မာပြည်၏  အခြေခံနိုင်ငံရေးအဆောက်အအုံကို ဘယ်သူတွေက ပြုပြင်ပြောင်းလဲနိုင်သလဲ

အာဏာရှင်သည် အာဏာတည်မြဲရေးကိုသာ အာရုံစိုက်သည်

နာဂစ်

မြန်မာပြည်၏အောက်တန်းကျတဲ့နိုင်ငံရေးအဆောက်အအုံ

ဗမာ့အမျိုးသားရေးဝါဒီနှင့် ဒီမိုကရေစီသဘောတရားဆက်စပ်မှုနှင့်ကင်းကွာမှုကိုလေ့လာခြင်း

တပ်မတော်နှင့် နအဖတို့၏ စိတ်ဓါတ်စစ်ဆင်ရေးကို စမ်းသပ်လေ့လာခြင်း

မျက်မမြင်ပုဏ္ဏားတို့ရဲ့ဒီမိုကရေစီပြည်ထောင်စု

စစ်မှန်သောတွေ့ဆုံဆွေးနွေးရေးမှသည် စစ်မှန်သောပြည်ထောင်စုဆီသို့


Untitled Document
Untitled Document
   Top | Go Back

မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views