အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
Welcome To Kaowao Newsgroup
ဆောင်းပါး

မျက်မမြင်ပုဏ္ဏားတို့ရဲ့ဒီမိုကရေစီပြည်ထောင်စု

မင်းတလပွန်
မတ် ၁၀ ၊ ၂၀၀၈
Print

ယနေ့ပြည်ထောင်စု မြန်မာနိုင်ငံလို့ ခေါ်တဲ့ပြည်ထောင်စု နယ်မြေတစ်ခုကို အတင်းရော အဓမ္မပါ နှစ်ဆယ်စုပေါင်း များစွာ နှိပ်စက်ကာ လူပြု ဓါးမိုးအုပ်ချုပ်နေတဲ့ဖက်ဆစ်အာဏာရှင်တစ်စုကို ၁၉၈၈ ခု ပြည်ထောင်စုတစ်ခုလုံးမှာ ရှိတဲ့တိုင်းရင်းသားလူမျိုးစုံတို့က အံတုအုံကြွတော်လှန်ခဲ့ကြတာကြောင့် ဆိုရှယ်လစ်ဝတ်စုံကြီး ကားယားကားယားနဲ့ ဖက်ဆစ်အာဏာရှင်ကြီး နေဝင်း နိုင်ငံရေးစင်မြင့်ပေါ်ကနေ ဒရောသောပါး ဆင်းပြေးလိုက်ရတယ်။

ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ တရားမျှတရေး၊ အမျိုးသားတန်းတူရေး၊ တပါတီအာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြတဲ့တိုင်းသူပြည်သားများကို ကွန်မြူနစ်တွေ၊ မင်းမဲ့ဝါဒီတွေလို့ စစ်အာဏာရှင်တစ်စုက တဆိပ်ကပ်ပြီး ရက်ရက်စက်စက် သတ်ဖြတ်နှိမ်နှင်းခဲ့တယ်။

ပါတီစုံဒီမိုကရေစီစနစ်၊ လွတ်လပ်တဲ့ဈေးကွက်စီးပွားရေးစနစ်ကျင့်သုံးမယ်။ လွတ်လတ်မျှတတဲ့ ဒီမိုကရေစီ ရွေးကောက်ပွဲ ကျင်းပပေးပြီး အနိုင်ရတဲ့အဖွဲ့က နိုင်ငံရေးဆက်လုပ်။ စစ်တပ်ကတော့ စစ်တန်းလျာပြန်မယ် လို့ နိုင်ငံတော်ရဲ့အချုပ်အခြာ အာဏာပိုင်ဆိုင်သူပြည်သူတရပ်လုံးကို ကတိပေးပြီး အာဏာသိမ်းခဲ့တယ်။

ရွေးကောက်ပွဲ အမှန်အကန် လုပ်ခဲ့တယ်။ ဒါပေမဲ့ ကိုယ့်လူ တစည ရှုံးသွားတော့ ရှုးရှုးရှဲရှဲနဲ့ ရှုံးမဲမဲပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ချန်လှပ်ပြီး တခြား ဗမာမဟုတ်တဲ့ ပြည်ထောင်စုဝင် လူမျိုးအသီးသီးရဲ့ ပါတီတွေကို မတရားသင်း ကြေညာလို ကြေငြာ။ ဖော်လံဖါး တစည ပါတီကလွဲလို့ ပါတီအားလုံးရဲ့ ခေါင်းဆောင်နဲ့ အဖွဲ့ဝင်တွေကို ဖမ်းဆီးထောင်ချပစ်လိုပစ်နဲ့ ဒီမိုကရေစီလို့ အော်နေရင်းနဲ့ဒီမိုကရေစီနဲ့ ဝေးရာဆီကို လိုင်းပြောင်းပြန် မောင်းနှင်ပါတော့တယ်။ လိုင်းမှန်မောင်းတဲ့သူ အားလုံး လမ်းဘေးဆင်းပေး ပေါ့။ ဒါဘဲ ရှိတယ်။ ရှေ့မှာ ကန့်လန့်ကန့်လန့်နဲ့ လမ်းမှန်အတိုင်း ဆက်မောင်းနေသူတွေ ကတော့ မရဏ ဒါမှမဟုတ် အင်းစိန်ဗူးဝ ရောက်သွားမယ်။

တစညတွေကတော့ အခုထိ ဆင့်ပစ္စည်းခွေးမျှော်သလို ဖက်ဆစ်တွေဆီက ကျလာမဲ့အာဏာအသားတစ်ကြီး ကို မျှော်ပြီး မျက်စိမှိတ်ထောက်ခံနေတုန်း။ တစည အသုံးမကျမှန်းသိလို့ ဗိုလ်သန်းရွှေက အသုံးမကျတဲ့ ကြံ့ဖွတ်နဲ့စွမ်းအားရှင်ကို သွေးသစ်လောင်း ဖွဲ့စည်းပြီး အားကိုးရှာလိုက်တယ်။ တစည အိုကြီးတွေနဲ့စာရင် လူရိုက်မိုက်ကြေးခွဲလို့ကောင်းကြတဲ့အရွယ်ကိုး။

ဒါနဲ့တင် မရပ်သေးပါဘူး။ ခိုင်မာတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေရှိမှ အာဏာလွှဲမယ် ဆိုပြီးတော့ အမျိုးသား ညီလာခံကြီး ခေါ်။ အခြေခံရမဲ့မူတွေကို ကိုယ့်ဘာသာကိုယ် ချမှတ်။ ကျန်တဲ့သူတွေက လက်ညှိုးထောင် ခေါင်းညှိတ်။ အာခံရင် ထောင်နန်းစံ။ အကုန်လုံးသောအခြေခံဥပဒေကို ခြုံကြည့်လိုက်ရင် စစ်အာဏာရှင် စနစ် သက်ဆိုးရှည်ရေး၊ စစ်တပ်အာဏာတည်မြဲရေးဘဲ တွေ့ရတယ်။ ဗမာတမျိုးသားလုံးအတွက် အကျိုး ရှိလား မေးရင် အတ္တအကျိုးအတွက် သူတို့နဲ့ပေါင်း၊ လုပ်စားလို့ရတယ်။ ဗမာအတွက်လဲ အကျိုးမရှိဘူး။ အခြားလူမျိုးအတွက်လဲ အကျိုးမရှိဘူး။ ဘယ်သူ့ဘယ်သူအတွက်မှ အကျိုးမရှိတဲ့ အခြေခံ ဥပဒေကြီးကို အတင်းအကြပ် အတည်ပြုဖို့ ကြံနေလေရဲ့။ ပြည်ထောင်စုတခုလုံး သူတို့ပိုင်တဲ့ဥစ္စာတွေပေါ့။ သက်ရှိ သက်မဲ့၊ မြေပေါ်မြေအောက်၊ လူ၊ တိရိစ္ဆာန် အကုန်သူတို့ပိုင်တယ်။ သူတို့က နိုင်ငံတော်လေ။ လူစင်စစ်က ကိုယ့်ကိုယ်ကို နိုင်ငံ၊ နိုင်ငံတော်လို့ ညွှန်းနေတာ သက်ရှိလူ့ဘဝကနေ သက်မဲ့ဖြစ်တဲ့နိုင်ငံဖြစ်သွားကြတယ်။ အံ့ရော။ သူ့တို့ကို သူတို့ မသေခင် ငါတို့မြေကြီး ဖြစ်နေပြီလို့ ပြောနေသလိုပါလား။

အဲ တစ်ခုတော့ ရှိတယ်။ သူတို့လုပ်နေသမျှတွေဟာ အမျိုးသားရေဒီမိုကရေစီ ဖြစ်တယ်။ စည်းကမ်း ပြည့်ဝတဲ့ဒီမိုကရေစီ ဖြစ်တယ် ဆိုတာကိုတော့ အရူးဂါထာရွတ်သလို ရွတ်နေလေရဲ့။ စစ်ဝါဒအခြေခံပြီး ဒီမိုကရေစီအရ ခြုံထားတဲ့ဖက်ဆစ်ဝါဒီ (သို့) လူမျိုးရေးအစွန်းရောက်ဝါဒီတွေဘဲ ဖြစ်နေတယ်။ ဗမာကိုလဲ အကျိုးယုတ်စေတယ်။ တခြားလူမျိုးတွေကို လူမျိုးတုံး စေတယ်။

အာဏာရှင်တို့မည်သည် လူအများစု မိမိဖက်ပါအောင် လူမျိုးရေးအရ၊ အခွင့်အရေးအရ၊ ကိုးကွယ်ယုံကြည်မှု အရ၊ ဘာသာစကားအရ၊ သက်မွေးဝမ်းကျောင်းအရ၊ ရာထူးအဆင့်အတန်းအရ၊ ရသမျှအခွင့်အလမ်း နည်းလမ်းပေါင်းစုံနဲ့ လူတွေကို အစိတ်စိတ်အမွှာမွှာ ခွဲခြားပစ်ပြီး ဆွဲဆောင်စည်းရုံးပါတယ်။ အနုနည်းနဲ့ ချော့၊ အကြမ်းဖက်နည်းနဲ့ ချောက်၊ အခွင့်အာဏာ ပေးချော့မြှူဆွဲဆောင်ပြီး ကျော့ကွင်းမိအောင် လုပ်ပါ တယ်။ ဒီအောက်လမ်းနည်းတွေနဲ့ ဖက်ဆစ်အာဏာရှင်စနစ် တည်တံ့အောင် ကြိုးပမ်းလုပ်ဆောင်နေတယ်။ ဘာနဲ့ အလားသဏ္ဍာန်တူသလဲဆိုရင် သွေးစုတ်ဖုတ်ကောင်တစ်ကောင်က သူတို့ရဲ့ ဖုတ်ကောင်အင်ပါယာ ကြီးထွားကျယ်ပြန့်တည်တံ့ဖို့ကို ဖုတ်ကောင်တွေ အများကြီး လိုတယ်။ ဖုတ်ကောင် မဖြစ်သေးတဲ့လူ အများအပြားရဲ့ကုတ်သွေးကို စုတ်နိုင်လေလေ ဖုတ်ကောင်သွေးတွေ ကူးစက်ပြီး ဖုတ်ကောင် ကောင်ရေတိုးလေလေဘဲ။ အဲဒီအခါ သူတို့ရဲ့ဖုတ်ကောင်အင်ပါယာ ကျယ်ပြန့်တန်ခိုးထွားလေဘဲ။ အဲဒီတော့ ဗမာတွေက မဟာလူမျိုးကြီးစိတ်ဝင်လေ ဖက်ဆစ်စစ်တပ်ကြီး သက်ဆိုးရှည်လေဘဲ။ တခြား လူမျိုးတွေ ဗမာကို မုန်းလေ သူတို့ကြိုက်လေဘဲ။ သံသယ ရှိစရာ မလိုဘူး။

အာဏာရှင်တွေက မိမိတို့ဘဲ လူအများစုကို ကိုယ်စားပြုသယောင်၊ မိမိတို့သာလျှင် ပြည်သူတွေဖြစ် သယောင် ရုပ်ပြောင်း ရုပ်လွှဲနဲ့ ဟန်ဆောင်ကောင်းလေ့ရှိတယ်။ မူယာမာယာ အပလီအပလာနဲ့ စိတ်ဓါတ် ပျော့ပျောင်းသူတွေကို ပျော်ဝင်သွားအောင် အောက်လမ်းနည်းသုံး ကြံဆောင်တတ်ကြတယ်။ အရှက်မရှိ။ ကတိမတည်၊ မျက်နှာပြောင်တိုက်၊ ရက်စက်၊ ကြမ်း ကြုတ်၊ ယုတ်မာ၊ ကလိမ်ကကျစ်၊ ကောက်ကျစ်မှုဂုဏ် တွေနဲ့ ပြည့်စုံတတ်ကြတယ်။

တဖက်မှာ စည်းကမ်းရှိတဲ့ဒီမိုကရေစီလို့ အော်နေပြီး တဖက်မှာ ဘာစည်းကမ်းကလနားမှ မရှိ။ မလိုက်နာဘဲ နေတယ်။ တရားဥပဒေစိုးမိုးရေးလို့အော်နေပြီး သူတို့ကိုယ်တိုင်ထုတ်ခဲ့တဲ့ဥပဒေကို သူတို့က ပြန်ပြီး ချိုးဖောက်နေလေရဲ့။ ဥပဒေ ဘောင်တွင်း နေထိုင်ခြင်း ဘေးကင်းရန်ကွာ လွန်ချမ်းသာတဲ့။ ဥပဒေ ဘောင်ထဲမှာ နေနေကြတဲ့ပြည်သူတော်တော်များများဟာ ထောင်ထဲမှာ နေနေကြရလို့ ကြံ့ဖွတ်၊ စွမ်းအားရှင် ဆိုသူတွေရဲ့ဘေးရန်က ကင်းပြီး အလွန်ဘဲ စိတ်ချမ်းသာရပါတယ်။ တတိုင်းပြည်လုံးကို ကျုပ်တစ်ခုတော့ တိုက်တွန်းချင်ပါတယ်။ တရားဥပဒေဘောင်ထဲမှာ နေကြပါ။ သူတို့ချော့တိုင်း မပျော့နဲ့။ သူတို့ချောက်တိုင်း မကြောက်နဲ့။ သူတို့မြူဆွယ်တဲ့မတရားတဲ့အခွင့်အရေး မယူနဲ့။ လူတိုင်းရသင့်တဲ့အခွင့်အရေးကို ပိတ်ပင်ပြီး မိမိကိုယ်ကွက်ပြီး ပေးတယ်ဆိုကတည်းက ကိုယ့်ကို နဖါးထိုးဖို့ကြံနေတယ်လို့မှတ်။ လောကကြီးမှာ အလကား ရတာ ဘာမှမရှိဘူး။ ထိုက်တန်တဲ့ပေးဆပ်မှုတော့ ရှိရတယ်။ ဥပမာ ။ ။ လူ့အခွင့်အရေးပြည့်ဝတဲ့ ဒီမိုကရေစီနိုင်ငံတွေမှာ လက်ကိုင်ဖုန်းကို လမ်းဘေးကွမ်းယာဆိုင်မှာ ကွမ်းယာဝယ်သလို လွယ်လွယ်နဲ့ ဝယ်လို့ရနေတဲ့အချိန်မှာ "နိုင်ငံတော်က ချီးမြှင့်တဲ့လက်ကိုင်ဖုန်းကလေးတစ်လုံးအတွက်နဲ့ သူတို့ကျေးဇူးကို ဆပ်ဖို့ အပြစ်မဲ့တဲ့ပြည်သူနဲ့ရဟန်းတွေကို သတ်ရဲတဲ့အထိ တိရစ္ဆာန်စိတ်ပေါက်ဖို့ မသင့်ပါဘူး။ ဘာမဟုတ် တာကို အဟုတ်ထင်၊ သာယာပြီး မယူမိစေနဲ့။ ဖုတ်ဝင်သွားမယ်။ အဲဒီလိုပြည်သူတွေက တက်ညီလက်ညီနဲ့ သူတို့နဲ့မဆက်ဆံ။ မပူးပေါင်းရေးမူကို စွဲစွဲမြဲမြဲ တစိုက်မတ်မတ်ကျင့်သုံးလာတာ နဲ့ဖက်ဆစ်တွေ ကြောက်ချေးပန်းပြီ မှတ်။ အဲဒီတော့ အောက်လမ်းနည်းသုံး ဖမ်းကြလိမ့်မယ်။ အကုန်လုံးအထုပ်ပိုက်ပြီး ထောင်ထဲလိုက်ကြမယ်လို့ပြောပြီး ထောင်ထဲဝင်နေကြခြင်းဖြင့် သူတို့ကို ပြန်ချောက်လို့ရတယ်။ အထဲမှာ ကြံ့ဖွတ်၊ စွမ်းအားရှင် ကြောက်စရာမလို။ ဧည့်စာရင်း တိုင်စရာမလို။ လုပ်အားပေး မရှိ။ ပေါ်တာ မရှိ။ ရေရှိတယ်။ လျှပ်စစ်မီးမှန်မှန် ရတယ်။ အဆောက်အဦးမလောက်ရင် ကိုယ့်ဘာသာ တဲထိုးပြီးနေကြရင် ဖက်ဆစ်တပ်ကြီး ခံနိုင်ရိုးလား။ ဓါတ်တိုင်အောက်မှာ လူ့အခွင့်အရေး ကျေညာစာတမ်းတွေ အော်ဖတ်ကြ၊ တော်လှန်ရေးသီချင်းတွေ ဆိုကြတဲ့အသံကြားရင် မိစ္ဆာကောင်တွေ သွေးလန့်လာလိမ့်မယ်။

သွေးစုတ်ဖုတ်ကောင်တွေရဲ့အသက်က ပြည်သူတွေကို ခြိမ်းချောက်၊ ကြောက်အောင်လုပ်ပြီး အသာလေး ကုတ်သွေးစုတ်ရင်းနဲ့ အသက်ရှင်နေတာ။ ပြည်သူတွေက မကြောက်ဘဲ သတိတရားနဲ့ပြန်ခုခံရင် သွေးမစုတ်ရတဲ့ဖုတ်ကောင်လဲ သေဖို့ဘဲ ရှိတယ်။ စစ်တပ်ကိုလည်း အမိန့်နဲ့အသက်ရှင်အောင် လုပ်ထားတယ်။ အောက်ခြေက အမိန့်မနာခံတော့တာနဲ့ သွေးစုတ် ဖုတ်ကောင် ဇီဝိန်ချုပ် သေပြီးမှတ်။

စည်းကမ်းပြည့်ဝတဲ့ဒီမိုကရေစီကျင့်စဉ်ဆီ ချီတက်နေပါတယ်ဆိုတဲ့ ဖက်ဆစ်စစ်အုပ်စုက အမေရိကန် လုပ်သမျှကို လက်ညှိုး ငေါက်ငေါက်လိုက်ထိုးပြီး ဒီမိုကရေစီ မကောင်းကြောင်းတွေ အမနာပ ပြောနေတယ်။ ဒီမိုကရေစီကျင့်စဉ်ကြောင့် လူတွေ အကျင့်စာရိတ္တ ပျက်ပြားသွားမယ်။ အမျိုးဘာသာ သာသနာ တိမ်ကောပျောက်ကွယ်သွားမယ်။ ယဉ်ကျေးမှု ဖျက်ဆီးခံရမယ်။ ပြည်ထောင်စု အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားမယ်။ နိုင်ငံခြား တိုင်းပြည်ကြီးတွေ လွှမ်းမိုးသွားမယ်။ ပြည်ပကျူးကျော်ခံရမယ်။ သူ့ကျွန် ဖြစ်သွားမယ်။ သရဲ မရှိမှန်း သိသိကြီးနဲ့ သရဲကြောက်ကြတဲ့သူတွေကို ချောက်နေတာပါ။

အမေရိကန် လုပ်သမျှကို ဒီမိုကရေစီနိုင်ငံအားလုံး၊ ဒီမိုကရေစီသမားအားလုံးက လုပ်နေသယောင် ပုံမှားရိုက်ပြီး ဒီမိုကရေစီ ကျက်သရေကို ဖျက်ဆီးနေတယ်။ ဖက်ဆစ်အာဏာရှင် ဗိုလ်နေဝင်း အာဏာ သိမ်းချိန်ကတည်းက သူတို့ကို ထမင်းကျွေးခဲ့တဲ့အမေရိကန်ပြည်ထောင်စုကို ကျေးဇူးကန်းလိုက်ပြီ။ ဒီမိုကရေစီနိုင်ငံ ဂျပန်လဲ မဆလ ရဲ့ထမင်းရှင်ဘဲ။ သူတို့နဲ့ပေါင်းပြီး လူအခွင့်အရေးသင်တန်း ပေးမယ်ဆိုတဲ့ သြစတြေးလျပြည်ထောင်စုတို့ လူဦးရေထူထပ်ပြီး ဘာသာစကား၊ ကိုးကွယ်ယုံ ကြည်မှု၊ မျိုးနွယ်၊ ရေမြေ ဒေသအရ ရှုပ်ထွေးပွေလီလှတဲ့အိန္ဒိယပြည်ထောင်စုတို့၊ ဥရောပပြည်ထောင်စု၊ ကနေဒါပြည်ထောင်စု၊ တောင်ကိုးရီးယားတို့အရှေ့ဖက်က အိမ်နီးချင်းထိုင်းတို့ စသည့်စသည့် တိုးတက်ဖွံ့ဖြိုးငြိမ်းချမ်းနေကြတဲ့ ပြည်ထောင်စုတွေ၊ ဒီမိုကရေစီနိုင်ငံတွေရဲ့အကြောင်းကိုတော့ ဖုံးအုပ်ထားတယ်။

ကျုပ် မှတ်မိတာ မမှားဘူးဆိုရင် ဒုတိယတန်း မြန်မာဖတ်စာထဲမှာ မျက်မမြင်ပုဏ္ဏားခြောက်ယောက် အကြောင်း ဆိုတာ သင်ရတယ်။ ပုဏ္ဏားကြီးခြောက်ယောက်က မွေးရာပါအကန်းတွေမို့ ဘာဆိုဘာမှ မြင်ဘူးတာတော့ မဟုတ်ပါဘူး။ အဲ သူတို့အနီးအနားက လက်လှမ်းမီတာတွေလောက်ကိုတော့ လက်နဲ့စမ်းသပ်ကြည့်ကြရင်းနဲ့ ထိတွေ့မိတဲ့အရာတွေရဲ့နာမည်နဲ့ ပုံပန်းသဏ္ဍာန်တွေကိုတော့ တွဲစပ်ပြီး မှတ်သားတဲ့မှတ်ဉာဏ်တော့ ရှိကြပါတယ်။ မတွေ့ထိဖူးတဲ့အရာတွေကိုတော့ စိတ်ကူးနဲ့တောင် မှန်းကြည့်တတ်ကြတာ ဟုတ်ဟန်မတူဘူး။

အဲတနေ့မှာတော့ ပုဏ္ဏားခြောက်ယောက်နေတဲ့အရပ်ကို ဆင်ထိန်းနဲ့ သူ့ဆင်တစ်ကောင် ရောက်ရှိလာပါ တော့တယ်။ ဆင် မပြောနဲ့။ ဘာဆိုဘာမှ မမြင်ဖူးတဲ့ပုဏ္ဏား ခြောက်ယောက်ဟာ ဆင်ဆိုတာ ဘယ်လိုသတ္တဝါလဲ ဆိုတာ ဘယ်လိုမှ စိတ်ကူးပုံ ဖော်ကြည့်လို့မရကြပါဘူး။ ဒီတော့ ဒီဆင်ကြီးကိုတော့ စိတ်ကူးနဲ့ ပုံဖော်ကြည့်လို့ရအောင် ကိုယ်တိုင်သွားပြီး လက်နဲ့ထိ တွေ့ကိုင်တွယ်ကြည့်ကြမယ်ဆိုပြီး ဆင်ကြီးရှိရာကို ထွက်လာကြတယ်။ တစ်ယောက်က အမြီးကို စမ်းမိလို့ ဆင်ဟာ မြွေနဲ့ တူသတဲ့။ တစ်ယောက်က အစွယ်ကို စမ်းသပ်ကိုင်တွယ်မိတော့ ဆင်ဟာ လှံတံနဲ့တူသတဲ့။ တစ်ယောက်ကတော့ နားရွက် ထိမိတော့ ယပ်တောင်နဲ့တူသတဲ့။ တစ်ယောက်က နံဘေးကိုင်မိတော့ အုတ်နံရံနဲ့ တော်တော့်ကို တူတဲ့အကောင်ကြီးတဲ့။ တစ်ယောက်က ဆင့်ခြေထောက်ကို ဖက်ကိုင်မိတော့ အားလားလား ဆင်ဆိုတာ ကျွန်းတိုင်လို သတ္တဝါကြီးပါလားတဲ့။ အဲ နောက်ဆုံးတစ်ယောက်ကတော့ နှာမောင်းကြီးမြောက်ကိုင်ပြီး ဆင်ဆိုတာ ခေါင်းပေါင်းခွေကြီးနဲ့တူလိုက်တာတဲ့။ ဒီလိုနဲ့ ပုဏ္ဏားကြီးခြောက်ယောက်ဟာ ကိုယ့်စိတ်ကူး နဲ့ကိုယ်ဆင် ဆိုတဲ့သတ္တဝါကြီးကို ပုံဖော်လိုက်ကြပါသတဲ့။

ဒီမိုကရေစီကျင့်စဉ် ဆိုတာ လူတစ်ဦးချင်းစီရဲ့အခြေခံလူ့အခွင့်အရေး၊ ရပိုင်ခွင့်နဲ့တာဝန်တွေကို အခြေခံပြီး လွတ်လပ်ပွင့် လင်းမြင်သာတဲ့ပတ်ဝန်းကျင်တစ်ခုမှာ လူတစ်ဦးချင်းစီရဲ့ဆုံးဖြတ်ချက်နဲ့ ရွေးကောက်ထားတဲ့ ကိုယ်စားလှယ်တဆင့် ဥပဒေအတိုင်း စီမံခန့်ခွဲရတာ ဖြစ်တယ်။ တည်ဆောက်မှုပုံစံက အောက်ကနေ အထက်ကို အဆင့်ဆင့် တက်သွားရတယ်။ စေတီ တည်သလိုပေါ့။ ကျက်သရေနဲ့ပြည့်စုံတယ်။

ဒီမိုကရေစီတည်ဆောက်မှုနဲ့ တိုက်ရိုက်ဆန့်ကျင်တာက စစ်တပ်ဖွဲ့စည်းပုံပါ။ စစ်တပ်မှာ ရာထူးအမြင့်ဆုံး၊ အင်အား အကောင်းဆုံးအုပ်စုက အရာရာကို အမိန့်ပေးခိုင်းစေတာပါ။ ကျန်သူတွေက ခိုင်းဖတ်တွေ၊ ကျွန်တွေပေါ့။ မတရားမှန်း သိပေမဲ့ ခိုင်းတာမလုပ်ရင် အာဏာဖီဆန်မှု၊ အမိန့်မနာခံမှုနဲ့ မော်စကို ရောက်သွားမယ်။ စစ်တပ် တည်ဆောက်မှုပုံစံက အထက်ကနေ အောက်ကို အဆင့်ဆင့် ဆင်းသွားရတယ်။ သစ်ပင်ကြီးကြီး ချိုင်သလိုပေါ့။ နောက်ဆုံးမှာ အငုတ်တိုဘဲ ကျန်ဖို့ရှိတယ်။ တနည်းပြောရရင် ဝတ်စုံပြည့်နဲ့ လူသတ်လက်နက် ကိုင်ဆောင်ထားတဲ့အမိန့် နားလည်တဲ့အနိမ့်စား တိရစ္ဆာန်အုပ်နဲ့တူပါတယ်။ (တိုင်းပြည်နဲ့ လူမျိုးလွတ်လပ်မှုအတွက် စည်းကမ်းတကျ၊ ကိုယ်ကျိုးမငဲ့၊ စွန့်လွှတ်အနစ်နာခံ၊ အသက်ပေးတိုက်ပွဲဝင်နေတဲ့ မျိုးချစ်ရဲဘော်တွေကို အလေးအနက် ဦးညွတ်ဂုဏ်ပြုပါတယ်။

တပ်ထဲဝင်ကတည်းက အထက်အမိန့်ဆို ဘာမှပြန်မမေးနဲ့ ခိုင်းတဲ့အတိုင်းလုပ် ဆိုတဲ့တသွေး၊ တသံ၊ တမိန့်သမား စစ်ခေါင်းဆောင်တွေအတွက်တော့ ဒီမိုကရေစီနဲ့ ပြည်ထောင်စုစနစ် ဆိုတာကြီးကို လက်တွေ့အကောင်အထည်ဖေါ်ဖို့ မဆိုထားဘိ စိတ်ကူးနဲ့ကို မှန်းကြည့်လို့တတ်ကြမှာ မဟုတ်ပါဘူး။ ပုဏ္ဏားကြီးခြောက်ယောက်က ဆင်တစ်ကောင်ရဲ့ပုံသဏ္ဍာန် ကို စိတ်ကူးနဲ့ မှန်းကြည့်ကြသလိုပေါ့။

စစ်ခေါင်းဆောင်တွေ မြန်မြန်နဲ့မှန်တာတွေ မြင်နိုင်ကြပြီး ပြည်ထောင်စုအကျိုး သယ်ပိုးနိုင်ကြပါစေ။

မင်းတလပွန်
(၁၀၊ ၃ ၊ ၂၀၀၈

Untitled Document



၂၀၀၈ ခုနှစ် ဆောင်းပါးများ

ထိုင်း ပြည်သူ့မဟာမိတ် ဒီမိုကရေစီအဖွဲ့၏ နောက်ဆုံး ရောက်မည့် နောက်ဆုံးတိုက်ပွဲ


တိတ်ဆိတ်နေသောသေနတ်သံများ

ဟိုမရောက်ဒီမရောက် ခရီးတထောက်မှာတဝဲဝဲလည်

စစ်ဗိုလ်ချုပ် နောက်လိုက် မီဒီယာသမားများ


တူညီမှု အဓိပ္ပါယ် ဖော်ဆောင်ကြသူများ


မြန်မာပြည် မငြိမ်းချမ်းပါမှ

ဘယ်သူ့လက်ချက်လဲ

ဆေးမတိုးတော့ ယတြာပေါ့

မြန်မာနိုင်ငံတွင် တပါးတည်းသော ပြည်ကြီးရှင် ဘုရင်မကြီး ရှင်စောပု (အပိုင်း ၁)

ကြားမိကြားရာအပိုင်းအစများ (၂)

ဗိုလ်သန်းရွှေသည် နိုင်ငံတော်သည် ဗိုလ်သန်းရွှေ

မြန်မာပြည်မှာ “အာဏာရေးပြဿနာ” တခုတည်းလား

မြန်မာအမတ်များ ကန့်ကွက်အဆိုပြုလွှာ ဘန်ကင်မွန်း ဆက်လက်တင်သွင်း

အပစ်ရပ်အနာဂတ်ခရီးကို ကြိုတင်တွေးဆခြင်း

နောက်ဆုံးတိုက်ပွဲ

မရေရာသော ထိုင်းနိုင်ငံရေး

"ညီညွတ်ရေးကို ဘယ်လိုတည်ဆောက်ကြမလဲ"

ကြီးမားသော ထိုင်းဆန္ဒပြပွဲ၏ ဒုတိယနေ့ မြင်ကွင်း

ဝါခေါင်လပြည့် (သို့မဟုတ်) မွန်တော်လှန်ရေး၏နိဒါန်း

ကြားမိကြားရာ အပိုင်းအစများ (၁)

ရှစ်လေးလုံး နှင့် ဆရာနိုင်နွန်လာ အမှတ်တရ

ကုလသမဂ္ဂနှင့် ပူးပေါင်းလုပ်ဆောင်မလား ကြီးမားသောဖိအားပေးမှုနှင့်ရင်ဆိုင်မလား

မုန်တိုင်းကိစ္စနှင့်စပ်လျဉ်း၍ ခိုးဝှက်ထားသော အလှူငွေများပြန်ပေးပါ

ဒီမိုကရေစီဆိုတာဘာလဲ

မြန်မာပြည်၏  အခြေခံနိုင်ငံရေးအဆောက်အအုံကို ဘယ်သူတွေက ပြုပြင်ပြောင်းလဲနိုင်သလဲ

အာဏာရှင်သည် အာဏာတည်မြဲရေးကိုသာ အာရုံစိုက်သည်

နာဂစ်

မြန်မာပြည်၏အောက်တန်းကျတဲ့နိုင်ငံရေးအဆောက်အအုံ

ဗမာ့အမျိုးသားရေးဝါဒီနှင့် ဒီမိုကရေစီသဘောတရားဆက်စပ်မှုနှင့်ကင်းကွာမှုကိုလေ့လာခြင်း

တပ်မတော်နှင့် နအဖတို့၏ စိတ်ဓါတ်စစ်ဆင်ရေးကို စမ်းသပ်လေ့လာခြင်း

မျက်မမြင်ပုဏ္ဏားတို့ရဲ့ဒီမိုကရေစီပြည်ထောင်စု

စစ်မှန်သောတွေ့ဆုံဆွေးနွေးရေးမှသည် စစ်မှန်သောပြည်ထောင်စုဆီသို့


Untitled Document
Untitled Document
   Top | Go Back

မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views