အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
Welcome To Kaowao Newsgroup
ဆောင်းပါး

စစ်မှန်သောတွေ့ဆုံဆွေးနွေးရေးမှသည် စစ်မှန်သောပြည်ထောင်စုဆီသို့

အရှင်ရတန
မတ် ၃၊ ၂၀၀၈
Print

နအဖ စစ်အစိုးရသည် “ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး” ဟူသော လက်သုံးစကားကို ကျယ်ကျယ်လောင်လောင် အော်ဟစ်ပြောဆိုနေလေ၏။ တကယ်တော့ ဤပြောဆိုချက်များသည် အသံကောင်းဟစ်နေခြင်းသာ ဖြစ်၏။ လက်တွေ့တွင်မူ ပြည်ထောင်စု ပြိုကွဲအောင်၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု ပြိုကွဲအောင် သူတို့ကသာ လုပ်ဆောင်နေကြခြင်း ဖြစ်ပါ၏။

လွတ်လတ်ရေးရပြီးသည့်နောက် တိုင်းပြည်အတွင်း တိုင်းရင်းသားဒေသများ၌ လက်နက်ကိုင်အုပ်စု တခုပြီးတခု ပေါ်ပေါက်လာရခြင်းမှာ အမှန်တကယ်တော့ အကြောင်းမဲ့ ထင်ရာစိုင်းချင်၍ ပေါ်ပေါက်လာ ရခြင်း မဟုတ်။ ခေတ်အဆက်ဆက်မြန်မာအစိုးရတို့က လွတ်လပ်ရေးကြိုးပမ်းစဉ်ကာလ တိုင်းရင်းသား တို့နှင့် သဘောတူကတိပြုထားသော ကတိကဝတ်ကို ဖောက်ဖျက်သောကြောင့် ဖြစ်၏။ ထိုကတိကဝတ်သည်ကား တိုင်းပြည်လွတ်လပ်လျှင် ဗမာလူမျိုးနှင့် တိုင်းရင်းသားအားလုံး ပြည်ထောင်စု ကြီးအတွင်း အေးအတူပူအမျှ အတူတကွ လက်တွဲနေထိုင်သွားနိုင်ကြသည့် ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံကြီး တည်ထောင်သွားကြမည် ဟူသော ကတိကဝတ်ဖြစ်၏။ တကယ်လွတ်လတ်ရေး ရလာသည့်အခါ ဦးနု အပါအဝင် အစိုးရအဆက်ဆက်တို့သည် ထိုကတိကဝတ်ကို ဖောက်ဖျက်၍ မဟာဗမာလူမျိုးကြီးဝါဒဖြင့် တိုင်းပြည်ကို အုပ်ချုပ်လျက် တိုင်းရင်းသားတို့ကို တဖက်သတ် ဖိနှိပ် အုပ်ချုပ်ခဲ့ကြလေ၏။ တိုင်းသိပြည်သိ တကမ္ဘာလုံးသိ ချုပ်ဆိုထားသော တိုင်းရင်းသား စည်းလုံးညီညွတ်မှု၏ အမြူတေဖြစ်သည့် ပင်လုံစာချုပ်ကြီး ကိုလည်း ချောင်ထဲထိုးထားခဲ့သည်မှာ လွတ်လပ်ရေးရစဉ်ကတည်းက ယခုအချိန်အထိဖြစ်၍ မှိုတက်ပျက်စီး သွားလောက်ပြီ ထင်ရသည်။

ဤနေရာ၌ ဖက်ဒရယ်ပြည်ထောင်စု၏ သဘောတရားကို စာရေးသူ ဉာဏ်မီ နားလည်သလောက် တင်ပြချင်ပါ၏။ စာရေးသူ ပညာသင်ကြားခဲ့ရာ အိန္ဒိယနိုင်ငံကြီးကို ဥပမာအဖြစ် ရည်ညွှန်းလိုပါ၏။ အိန္ဒိယနိုင်ငံသည် ပြည်နယ် ၂၆ ခုဖြင့် ဖွဲ့စည်းထားပြီး သူ့လူမျိုးစုနှင့်သူ ရှိကြ၏။ လူမျိုးစုပေါင်း မြောက်များစွာရှိပြီး ကိုးကွယ်မှုဘာသာပေါင်းမြောက်များစွာရှိသဖြင့် ပြောရလျှင် မြန်မာနိုင်ငံထက် လူမျိုးရေး ဘာသာရေး ရှုပ်ထွေးလှ၏။ (မြန်မာနိုင်ငံ၌ လူမျိုးစုပေါင်း ၁၃၅ မျိုးရှိသည် ဟု အစိုးရ၏ တရားဝင် ကြေညာချက်၌ ပြဆိုထားသောအချက်သည် အမှန်စင်စစ် ကိုယ်ပိုင်အုပ်ချုပ်ခွင့် တောင်းဆိုနေကြသော တိုင်းရင်းသားတို့ကို မျက်လှည့်ပြနေခြင်းသာ ဖြစ်၏။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးလျှင် လူမျိုးစု ၁၃၅ မျိုးလုံးကို ပေးရမည်ဟု တိုင်းရင်းသားတို့ကို လှည့်စားနေခြင်းသာ ဖြစ်ပါ၏။ ဤသို့ ၁၃၅ မျိုးရှိကြောင်းကို မည်သူက မည်သို့မည်ပုံ စာရင်း ကောက်ထားသနည်း။ ချင်းလူမျိုးတို့သည် တတောင်ကျော်လျှင် စကားတမျိုး ပြောင်းသွားသည်ဟု ဆို၏။ ဤကဲ့သို့ လူမျိုးစုတစုအတွင်း ပြောဆိုသည့်ဘာသာစကား ကွဲပြားမှုကိုလိုက်၍ ရေတွက်ခြင်းဖြစ်တန် တူ၏။ ယင်းသည်လည်း တိုင်းရင်းသားလူမျိုးစု အချင်းချင်း သို့လောသို့လော ဖြစ်စေရန် တနည်းတဖုံ သွေးခွဲရန် တိုက်ပေးခြင်း ဖြစ်လေ၏။)

အိန္ဒိယနိုင်ငံ၌ အမျိုးသားဘာသာစကား (National Language)အဖြစ် ဟိန္ဒူဘာသာစကားကို တနိုင်ငံလုံး အသုံးပြု၏။ ထို့နောက် ပြည်နယ်တခုချင်းစီ၏ ဘာသာစကားကို ဒုတိယဘာသာစကား (Second Language)အဖြစ် အသုံးပြု၏။ ထို့ကြောင့် တနိုင်ငံလုံး အစိုးရရုံးများတွင် ရုံးသုံးဘာသာစကား (Official Language) သုံးမျိုး ရှိလေ၏။ တစ် – ဟိန္ဒီ၊ နှစ် – သက်ဆိုင်ရာ ပြည်နယ်ဘာသာစကား၊ သုံး - အင်္ဂလိက်ဘာသာစကား ဖြစ်၏။ တနိုင်ငံလုံး ပြည်ရေးပြည်ရာကိစ္စ အားလုံးတို့၌ ဤဘာသာ စကားသုံးမျိုးအနက် နှစ်သက်ရာဘာသာတမျိုးမျိုးဖြင့် အသုံးပြုနိုင်ကြ၏။ ဥပမာ တမီး(လ်)နာဒူး ပြည်နယ် ဆိုပါစို့။ ဤပြည်နယ်အတွင်းနေသူတို့သည် ပထမဦးစားပေးဘာသာအဖြစ် တနိုင်လုံး၏အမျိုးသားဘာသာ စကားဖြစ်သော ဟိန္ဒီဘာသာစကားကိုသော်လည်း အသုံးပြုနိုင်၏။ သို့မဟုတ် သူတို့လူမျိုး၏ဘာသာစကား တမီး(လ်) ဘာသာကိုသော်လည်း အသုံးပြုနိုင်၏။ သို့တည်းမဟုတ် အင်္ဂလိက်ဘာသာစကားကိုလည်း အသုံးပြုနိုင်၏။ စာသင်ကျောင်းများ၌ ကျောင်းသူကျောင်းသားတို့သည် အဆိုပါဘာသာ ၃ မျိုးအနက် နှစ်သက်ရာ ဘာသာတမျိုးမျိုးဖြင့် ကျောင်းစာဘာသာရပ်များကို လေ့လာသင်ယူနိုင်ကြ၏။ တက္ကသိုလ်ပညာရေးစနစ်သည်လည်း ထိုနည်းအတိုင်းပင်ဖြစ်၏။ ဟိန္ဒီဘာသာစကားနှင့် ဟိန္ဒီစာကို ပြောတတ်ရေးတတ်မှ တက္ကသိုလ်တက်ခွင့်ရှိသည်ဟူ၍ ကန့်သတ်ထားမှုမျိုး မရှိပါ။

အုပ်ချုပ်ရေးအပိုင်း၌လည်း ပြည်နယ်တခုစီတခုစီ၌ ပြည်နယ်ဝန်ကြီးချုပ်ဆိုတာ ရှိ၏။ ပြည်နယ်ဝန်ကြီးချုပ်ကို ဗဟိုအစိုးရက သူတို့စိတ်ကြိုက်ခန့်အပ်ထားတာ မဟုတ်ဘဲ သက်ဆိုင်ရာပြည်နယ်အတွင်း ပြည်သူတို့က ဒီမိုကရေစီစနစ်ဖြင့် ရွေးကောက်တင်မြှောက်ထားခြင်း ဖြစ်၏။ ပြည်နယ်တခုစီတခုစီ၌ ဥပဒေကွဲပြားခြားနားမှု အနည်းငယ် ရှိကြပြီး ပြည်နယ်တခု၏အရေးအရာကိစ္စကို အခြားပြည်နယ်တခုက ဝင်ရောက်စွက်ဖက်မှု မရှိစေရပါ။ ဗဟိုအစိုးရကလည်း ဝင်ရောက် စွက်ဖွက်မှု မပြုရပါ။ ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်အစိုးရ အဖွဲ့အားလုံးတို့သည် ဗဟိုအစိုးရကို သစ္စာခံရလေ၏။ ပြည်နယ်တခုခုအတွင်း မငြိမ်သက်မှုဖြစ်လာလျှင် ဘယ်လိုမှ ထိန်း၍မရသောအဆင့်သို့ရောက်မှ ဗဟိုအစိုးရက တိုက်ရိုက် ကိုယ်တွယ် အုပ်ချုပ်ရလေ၏။ ဤကဲ့သို့ အုပ်ချုပ်သောကြောင့် လူဦးရေသန်းတထောင်ရှိပြီး များပြားလှသောလူမျိုးစုနင့် များပြားလှသော ကိုးကွယ်မှုဘာသာတရားတို့ဖြင့် ပြည့်နှက်နေသော ကြီးမားလှသော အိန္ဒိယနိုင်ငံသည် ဟိန္ဒူနှင့် အစ္စလာမ်တိြု့ဖစ်ကြသည့် ဘာသာရေးပဋိပက္ခမှလွဲ၍ တခြားပြဿနာများ ကြီးကြီးမားမား သိပ်ဖြစ်လှသည် ကို မတွေ့ရပေ။

မြန်မာနိုင်ငံသည် လူဦးရေလည်း အိန္ဒိယလောက်မများ၊ နိုင်ငံအကျယ်အဝန်းသည်လည်း အိန္ဒိယနှင့်စာလျှင် များစွာသေး ငယ်၏။ ဘာသာရေးပဋိပက္ခဆိုသည်မှာလည်း အစိုးရကမဖန်တီးလျှင် ဘာမှဖြစ်စရာ အကြောင်းမရှိ။ သို့တိုင်လျှက် ဘာ ကြောင့်ယနေ့လို ပြဿနာတွေ ထွေပြားနေရသနည်း။ အကြောင်းမှာ မဟာဗမာလူမျိုးကြီးဝါဒကြောင့်ဖြစ်၏။ နိုင်ငံအတွင်း ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်းတိုင်းရင်းသား လူမျိုးတွေရှိပါလျက် ထိုပြည်နယ်များရှိ ရုံး၊ ကျောင်းတို့၌ ၄င်းတို့၏ဘာသာနှင့်စာပေ အသုံးပြုမှုကို ပိတ်ပင်ထားသည်။ ဗမာစာနှင့်ဗမာစကားကိုသာ အသုံးပြုခွင့်ပြုထားသည်။ ထို့ကြောင့် တနိုင်ငံလုံးတွင် ဗမာစာနှင့်ဗမာစကား တတ်မှသာ လူရာဝင်ပြီး ဗမာစာနှင့် ဗမာစကားမတတ်ကြသော သန်း နှင့်ချီသော တိုင်းရင်းသားလူမျိုးစုတို့ကို မဟာဗမာတို့က အရိုင်းအစိုင်း ငတုံးငအများအဖြစ် သတ်မှတ်ကြလေ၏။ စာ သင်ကျောင်းတို့၌လည်း ဗမာစာ၊ ဗမာစကားတခုတည်းဖြင့်သာ ကန့်သတ် ထားသဖြင့် တိုင်းရင်းသားလူမျိုးစု ကျောင်း သားကျောင်းသူတို့သည် ၄င်းတို့၏မိခင်ဘာသာစကားကိုသာ တတ်မြောက် ကြသောကြောင့် တိုင်းရင်းသားဒေသတို့၌ စာတတ်မြောက်မှုဦးရေနည်းပါးကာ တိုးတက်မှုမရှိဘဲ ဆုတ်ယုတ်သည်ထက် ဆုတ်ယုတ်နေကြလေ၏။ အကယ်၍ အိန္ဒိယနိုင်ငံလို တိုင်းရင်းသားပြည်နယ်များ၌ ၄င်းတို့၏မိခင်ဘာသာစကားနှင့် စာပေတို့ကို ဖွင့်ထားပေးလျှင် ပြည်နယ်နှင့် တိုင်းအသီးသီးတို့၌ စာတတ်မြောက်မှုဦးရေ များပြားလာမည်ဖြစ်ပြီး ပညာရေးအဆင့်အတန်းမြင့်မားကာ လူနေမှုဘဝတို့ သည်လည်း စည်ပင်တိုးတက်လာမည်အမှန်ဖြစ်၏။ ဤအခါ နိုင်ငံသည်လည်း တိုးတက်ဖွံ့ဖြိုးလာမည်ဖြစ်သည်။ နအဖ စစ်အစိုးရနှင့် ၄င်းတို့ဘိုးဘေအဆက်ဆက်တို့သည် နိုင်ငံတဝန်းစာသင်ကျောင်းများ၌ “ပညာမြင့်မှ လူမျိုးတင့်မည်” ဟူ၍ ကျောင်းတိုင်းကျောင်းတိုင်း၌ ဆိုင်းဘုတ်တင်ထားသော်လည်း ထိုဆိုင်းဘုတ်အပေါ် ရေးသားထားသောစကား၏အဓိပ္ပါယ်
ကို ရေရေရာရာ သိရှိနားလည်ထားဟန်မတူပါ။

အုပ်ချုပ်ရေးအပိုင်းကိုလည်း ကြည့်ပါ။ ဗဟိုအစိုးရကိုယ်၌က ပြည်သူတို့က နှစ်သက်၍ရွေးကောက် တင်မြှောက်ထားသော အစိုးရမဟုတ်သဖြင့် ပြည်နယ်နှင့်တိုင်းတို့၌ အထူးဆိုနေဖွယ်မရှိတော့ပြီ။ ရခိုင်ပြည်နယ်ကို မန္တလေးမှဆင်းလာသော မန္တလေးသား မဟာဗမာစစ်ဗိုလ်က လာရောက်အုပ်ချုပ်လိုက အုပ်ချုပ်၏။ ကရင်ပြည်နယ်ကိုလည်း ကျောက်ဆည်မှလာသော ကျောက်ဆည်သား မဟာဗမာစစ်ဗိုလ်က လာရောက်အုပ်ချုပ်လိုက အုပ်ချုပ်၏။ မွန်ပြည်နယ်ကိုလည်း မွန်လူမျိုးတို့က အုပ်ချုပ်ရတာမဟုတ်ဘဲ ဘယ်ကလာမှန်းမသိသော မဟာဗမာစစ်ဗိုလ်တို့ကသာ လာရောက်အုပ်ချုပ်၏။ အခြားအခြား သော တိုင်းရင်းသားပြည်နယ်တို့၌လည်း အုပ်ချုပ်သူအကြီးအကဲတို့သည် ဘယ်အရပ်ကလာမှန်း မသိသော မိုးကျရွှေကိုယ် မျက်နှာစိမ်းမဟာဗမာစစ်ဗိုလ်တို့သာ ဖြစ်ကြလေကုန်၏။ မဟာဗမာဖြစ်သည့်အလျှောက် သူတို့တာဝန်ကျရာ ပြည်နယ်တို့၌ ဗမာစာ၊ ဗမာစကားမတတ်သဖြင့် ပညာသင်ကြားခွင့် လက်လွှတ် ဆုံးရှုံးရသော ပညာမတတ်သူ ဒေသခံတိုင်းရင်းသား လူမျိုးတို့ကို အပေါ်စီးမှအုပ်ချုပ်ကြလေ၏။ သို့ဖြစ်၍ တိုင်းပြည်သည် အဘယ်သို့လျှင် ပြဿနာကင်းနိုင်ပါမည်နည်း။ ပြဿနာရှိနေလျှင် တိုင်းပြည်သည် အဘယ်သို့တိုးတက်ဖွံ့ဖြိုးနိုင်မည်နည်း။

မြန်မာနိုင်ငံ စစ်အစိုးရအဆက်ဆက်တို့၏လက်ထက်၌ တိုင်းရင်းသားပြည်နယ်များတွင် တာဝန်ကျ အုပ်ချုပ်ကြသော အကြီးအကဲ ဆိုသူတို့သည် များသောအားဖြင့် အသိပညာကင်းမဲ့စွာ အုပ်ချုပ်ကြသည်က များလေ၏။ နအဖစစ်အစိုးရလက်ထက် တွင် အဆိုးဝါးဆုံးဖြစ်လေ၏။ လွတ်လပ်မှုဆုံးရှုံးသဖြင့် လွတ်လပ်မှုအတွက် ရရာလက်နက်စွဲကိုင်ကာ တော်လှန်တိုက်ခိုက် ကြသော တိုင်းရင်းသား တော်လှန်ရေးသမား (သူတို့အခေါ် သောင်းကျန်းသူ)တို့ကို ခြေရာခံမတိုက်ခိုက်နိုင်သည့်အခါ တရွာလုံးကိုမီးရှို့ခြင်း၊ အမျိုးသမီးများကို မုဒိမ်းကျင့်စော်ကားခြင်း၊ ပစ္စည်းလု လူသတ်ခြင်းများကို အရမ်းကာရော လုပ်နေ ကြသည်မှာ ဆယ်စုနှစ်ချီ၍ပင် ရှိလာခဲ့ပြီဖြစ် သည်။ တိုင်းရင်းသားကျေးရွာများရှိ အမျိုးကောင်းသမီးတို့သည် ဗမာစစ်သား လာလျှင် မျက်နှာထွက်မပြရဲလောက်အောင် လုံရာခြုံရာအရပ်တို့၌ ပုန်းအောင်းရသောအဖြစ်သို့ ရောက်ရှိကြလေကုန်၏။

လောလောလတ်လတ် မကြာလှသေးသောကာလက ဖြစ်ပေါ်ခဲ့သော မဟာဗမာစစ်ဗိုလ်တို့၏ အမြှော်အမြင်ကင်းမဲ့မှုကို အလျဉ်းသင့်သဖြင့် တင်ပြလို၏။ မွန်ပြည်နယ်၏မြို့တော်ဖြစ်သော မော်လမြိုင်မြို့အဝင် လမ်းဆုံကြီး၌ မွန်လူမျိုးတို့၏ အမျိုးသားသင်္ကေတဖြစ်သော ဟင်္သာပုံရုပ်တုကို ဖျက်ချ၍ ဘာမှန်းမသိသော ပုံကြီးတခုဖြင့် အစားထိုးခဲ့သည် ဟု အင် တာနက်သတင်းများ၌ ဖတ်ရှုလိုက်ရ၏။ တဖန် မော်လမြိုင်မြို့တွင် မွန်ယဉ်ကျေးမှုပြတိုက်ရှိပြီး ယင်း“မွန်ယဉ်ကျေးမှုပြတိုက်” အမည်ထိုးထားသော ဆိုင်းဘုတ်ကို ဖြုတ်ချ၍ “ရှေးဟောင်းသုတေသနပြတိုက်” ဟူသောအမည်ဖြင့် အစားထိုးချိတ် ဆွဲပြန်သည် ဟူသောသတင်းကို ဓာတ်ပုံနှင့်တကွ တွေ့မြင်လိုက်ရပြန်သောအခါ အလွန်ပင်စိတ်မသက်မသာ ဖြစ်ရပြန် လေ၏။ တိုင်းရင်းသားလူမျိုးတို့သည် မိမိတို့၏ယဉ်ကျေးမှုကိုပင်လျှင် ထုတ်ဖော်ခွင့်မရအောင် ဖြစ်နေကြလေ၏။ ယခု တလော တိုင်းရင်းသားလူမျိုးတို့အသီးသီးက ၄င်းတို့၏ အမျိုးသားနေ့ကို ဆင်နွှဲကျင်းပနေကြရာ အစိုးရက တရားဝင်ခွင့် မပြုသောကြောင့် (ရာဇဝတ်မှုမဟုတ်ပါဘဲလျက်) ခိုးကြောင်ခိုးဝှက် ပြုလုပ်နေကြရလေ၏။ ဤကဲ့သို့ ခိုးကြောင်ခိုးဝှက် လုပ်လာခဲ့ရသည်မှာ နှစ်အတော်ကြာမြင့်ခဲ့ပြီဖြစ်၏။ မျိုးချစ်တိုင်းရင်းသားတို့က ၄င်းတို့၏မျိုးဆက်သစ်များကို ၄င်းတို့၏ မိခင်ဘာသာစကားနှင့် စာပေများမတိမ်ကော၊ မပပျောက်ရလေအောင် သင်ကြားပေးလိုကလည်း အစိုးရက တရားဝင် ခွင့်မပြုသဖြင့် ခိုးကြောင်ခိုးဝှက်သင်ကြားပေးကြရသည်မှာလည်း ကာလကြာခဲ့ပြီဖြစ်သည်။ ဒါကိုပဲ သူတို့က “ပြည်ထောင် စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး” ဟုခွေးပါးစပ်က နုတ်စကားထွက်ဝွံ့ကြသေး၏။

၂ဝဝ၇ ခုနှစ် ရဟန်းသံဃာတော်များ၏ ရွှေဝါရောင်တော်လှန်ရေးအပြီးတွင် စစ်အစိုးရ၏ သွေးခွဲသပ်လျှိမှု သည် တိုင်းရင်း သားများ အတွင်းသာမကတော့ဘဲ တနိုင်ငံလုံးရှိ နိုင်ငံသားအချင်းချင်းထဲမှာပင်လျှင် ဖွတ်ကြားသာသာအဆင့်ရှိသည့် ကြံ့ဖွတ်အဖွဲ့ဝင်များဖြင့် အိုးမဲသုတ်သွေးခွဲနေလေ၏။ အကြပ်အတည်း ကြီးမားလာသည့်အခါမှ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရ မည်ဆိုသောအခါ ဒေါ်အောင်ဆန်းစုကြည်ကို ဟန်ပြတွေ့လိုက်၏။ ဒေါ်အောင်ဆန်း စုကြည်က တိုင်းရင်းသားတို့၏အရေးကို အလေး ထားစဉ်းစားပေးပါမည်ဟု စေတနာစကားဆိုလာသောအခါ “တိုင်းရင်း သားစည်းလုံးညီညွတ်ရေး” ဟုအသံကောင်း ဟစ်နေကြသော ပညာမဲ့စစ်ဗိုလ်တို့သည် သွေးရူးသွေးတမ်းဖြင့် တိုင်းရင်း သားတို့ကို မကွဲကွဲအောင် ဗြောင်ဗြောင်တင်းတင်းပင် သွေးခွဲလေတော့၏။

သို့သော် သူတို့၏လုပ်ရပ်သည် ယခုအခါ ဗူးပေါ်သလိုပေါ်နေလေပြီ။ သူတို့စစ်ဗိုလ်တွေကြားမှာပင်လျှင် တသွေးတသံ တမိန့်စနစ်ကြောင့် လောလောဆယ် မတတ်သာ၍ ကြိတ်မှိတ်နေကြရခြင်းဖြစ်လေ၏။ မကြိုက်သူတွေက တနေ့ထက် တနေ့ များပြားလာနေ၏။ ဝန်ထမ်းတွေကလည်း သည်းခံနိုင်သည့်စွမ်းအား လျော့ရဲလာနေကြပြီ။ ပြည်သူပြည်သား တို့ကလည်း လုံးဝလက်မခံနိုင်ကြတော့။ ကမ္ဘာသူကမ္ဘာသားတို့ကမူ မြန်မာစစ်အစိုးရကို လူသတ်သမား အရိုင်းအစိုင်း အုပ်စုအဖြစ် လူတိုင်းကအပြစ်တင်နေကြလေ၏။ ထို့အပြင် ရမ်ဘို ၄ ဟောလိဝုဒ်ရုပ်ရှင်ကားသည် မြန်မာစစ်အစိုးရ၏ သရုပ်မှန်ကို ကမ္ဘာသူကမ္ဘာသား လူကြီးလူငယ်တို့၏စိတ်၌ ပို၍ ထင်ရှားစေလေ၏။ မတရားအသတ်ခံထားရသူတို့၏ အလောင်းတွေ မြှုပ်နှံထားသည့်နေရာကို သူကိုယ်တိုင် လိုက်လံပြသနိုင်သည်ဟု ရမ်ဘို ပြောလာသောအခါ ကမ္ဘာသူ ကမ္ဘာသားတို့က ပို၍စိတ်ဝင်တစား ဖြစ်ကြလေ၏။

တိုင်းရင်းသားလူမျိုးများအပါအဝင် မြန်မာပြည်သူပြည်သား အားလုံးတို့သည် ရက်စက်ကြမ်းကြုတ်လှသော စစ်အစိုးရ၏ မတရား ဖိနှိပ်မှုအောက်မှ လွတ်မြောက်ရန် အာသာဆန္ဒပြင်းပြလျက်ရှိကြ၏။ သို့အတွက် တိုင်းပြည်၏အနာဂတ်အတွက် တွေ့ဆုံဆွေးနွေး အဖြေရှာကာ တိုင်းရင်းသားများအပါအဝင် နိုင်ငံသားအားလုံးတို့၏ အခွင့်အရေးကို အာမခံချက်ပေးနိုင် မည့်စစ်မှန်၍ အဓွန့်ရှည်ကြာ တည်တံ့ခိုင်မြဲမည့် ပြည်ထောင်စုပေါ်ပေါက်လာရန် စွမ်းဆောင်ရာ၌ တိုင်းသူပြည်သားအားလုံး တယောက်တပေါက် ဖြစ်မနေကြဘဲ ညီညီညွတ်ညွတ်ဖြင့် လက်တွဲကြိုးပမ်းအပ်ပါ၏။

အရှင်ရတန
(၃၊ ၃ ၊ ၂၀၀၈

Untitled Document



၂၀၀၈ ခုနှစ် ဆောင်းပါးများ

ထိုင်း ပြည်သူ့မဟာမိတ် ဒီမိုကရေစီအဖွဲ့၏ နောက်ဆုံး ရောက်မည့် နောက်ဆုံးတိုက်ပွဲ


တိတ်ဆိတ်နေသောသေနတ်သံများ

ဟိုမရောက်ဒီမရောက် ခရီးတထောက်မှာတဝဲဝဲလည်

စစ်ဗိုလ်ချုပ် နောက်လိုက် မီဒီယာသမားများ


တူညီမှု အဓိပ္ပါယ် ဖော်ဆောင်ကြသူများ


မြန်မာပြည် မငြိမ်းချမ်းပါမှ

ဘယ်သူ့လက်ချက်လဲ

ဆေးမတိုးတော့ ယတြာပေါ့

မြန်မာနိုင်ငံတွင် တပါးတည်းသော ပြည်ကြီးရှင် ဘုရင်မကြီး ရှင်စောပု (အပိုင်း ၁)

ကြားမိကြားရာအပိုင်းအစများ (၂)

ဗိုလ်သန်းရွှေသည် နိုင်ငံတော်သည် ဗိုလ်သန်းရွှေ

မြန်မာပြည်မှာ “အာဏာရေးပြဿနာ” တခုတည်းလား

မြန်မာအမတ်များ ကန့်ကွက်အဆိုပြုလွှာ ဘန်ကင်မွန်း ဆက်လက်တင်သွင်း

အပစ်ရပ်အနာဂတ်ခရီးကို ကြိုတင်တွေးဆခြင်း

နောက်ဆုံးတိုက်ပွဲ

မရေရာသော ထိုင်းနိုင်ငံရေး

"ညီညွတ်ရေးကို ဘယ်လိုတည်ဆောက်ကြမလဲ"

ကြီးမားသော ထိုင်းဆန္ဒပြပွဲ၏ ဒုတိယနေ့ မြင်ကွင်း

ဝါခေါင်လပြည့် (သို့မဟုတ်) မွန်တော်လှန်ရေး၏နိဒါန်း

ကြားမိကြားရာ အပိုင်းအစများ (၁)

ရှစ်လေးလုံး နှင့် ဆရာနိုင်နွန်လာ အမှတ်တရ

ကုလသမဂ္ဂနှင့် ပူးပေါင်းလုပ်ဆောင်မလား ကြီးမားသောဖိအားပေးမှုနှင့်ရင်ဆိုင်မလား

မုန်တိုင်းကိစ္စနှင့်စပ်လျဉ်း၍ ခိုးဝှက်ထားသော အလှူငွေများပြန်ပေးပါ

ဒီမိုကရေစီဆိုတာဘာလဲ

မြန်မာပြည်၏  အခြေခံနိုင်ငံရေးအဆောက်အအုံကို ဘယ်သူတွေက ပြုပြင်ပြောင်းလဲနိုင်သလဲ

အာဏာရှင်သည် အာဏာတည်မြဲရေးကိုသာ အာရုံစိုက်သည်

နာဂစ်

မြန်မာပြည်၏အောက်တန်းကျတဲ့နိုင်ငံရေးအဆောက်အအုံ

ဗမာ့အမျိုးသားရေးဝါဒီနှင့် ဒီမိုကရေစီသဘောတရားဆက်စပ်မှုနှင့်ကင်းကွာမှုကိုလေ့လာခြင်း

တပ်မတော်နှင့် နအဖတို့၏ စိတ်ဓါတ်စစ်ဆင်ရေးကို စမ်းသပ်လေ့လာခြင်း

မျက်မမြင်ပုဏ္ဏားတို့ရဲ့ဒီမိုကရေစီပြည်ထောင်စု

စစ်မှန်သောတွေ့ဆုံဆွေးနွေးရေးမှသည် စစ်မှန်သောပြည်ထောင်စုဆီသို့


Untitled Document
Untitled Document
   Top | Go Back

မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views