အင်္ဂလိပ်   |   မွန်   |   ထိုင်း | ဗွီဒီယို  
     
"Working together for change and lasting peace"
  ကျနော်တို့အကြောင်း | ဆက်သွယ်ရန်    
ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်မည်ဆိုပါလျှင်
ဆောင်းပါး

ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်မည်ဆိုပါလျှင်

နိုင်ဟံသာ
မာတ်ခ်ျ ၁၁၊၂၀၁၀။

      ပြည်တွင်းငြိမ်းချမ်းရေးကို အုပ်ချုပ်သူ၊ အုပ်ချုပ်ခံပြည်သူနှင့် အတိုက်အခံ (အုပ်စိုးသူကို နည်းမျိုးစုံဖြင့် တိုက်ပွဲဝင်နေသောအင်အားစု) စသော အားလုံးသောအင်အားစုများက လိုလား နေကြသည်။ ဤသို့ဆိုလျှင် ပြည်တွင်းငြိမ်းချမ်းရေးကို အဘယ်ကြောင့် မတည်ဆောက် နိုင်ပါသေးသနည်း။ သုံးသပ်ကြည့်မည်ဆိုပါက မည်သို့တည်ဆောက်ရမည်ကိုခဏထား၊ ပြည်တွင်း ငြိမ်းချမ်းရေးအပေါ် ရှုမြင်ပုံ အဓိပ္ပါယ်ဖွင့်ဆိုပုံခြင်းကပင် တူညီသောအမြင် မရှိသေးသည်ကို တွေ့ရ မည်။ ယေဘုယျအားဖြင့် ရှုမြင်ပုံ (၃) မျိုး ကွဲပြားနေသည်။

      ပထမအမျိုးအစားတွင် ပြည်တွင်းငြိမ်းချမ်းရေးဆိုသည်မှာ သူပုန်သူကန်မရှိ အတိုက်အခံမရှိ အုပ်ချုပ်သူ၏ ချုပ်ကိုင်မှုအောက်တွင် ခေါင်းငုံ့၊ ခံမပြောသော အခြေအနေမျိုး နိုင်ငံနှင့်အဝှမ်း ကျယ်ကျယ်ပြန့်ပြန့်ရှိနေပါက ပြည်တွင်းငြိမ်းချမ်းရေးရပြီဟု မြင်ကြသည်။ အထူးသဖြင့် အာဏာရ အုပ်စိုးသူ လူတန်းစားများက ဤအမြင်မျိုး ရှိတတ်ကြသည်။

      ဒုတိယအမျိုးအစားတွင် ပြည်သူများ ဝဝလင်လင်စားသုံးရပြီး အေးအေးချမ်းချမ်းနေနိုင်လျှင် ပြည်တွင်းငြိမ်းချမ်းရေးရပြီဟု မြင်ကြသည်။ ဤအမြင်မျိုးကို အုပ်စိုးသူ လူတန်းစားထဲက တချို့နှင့် အုပ်စိုးခံပြည်သူထဲက လူပြိန်းများ လက်ခံထားကြသည်။

      တတိယအမျိုးအစားတွင် ပြည်သူများ ဝဝလင်လင်စားသုံးနိုင်ရမည်။ အေးအေးချမ်းချမ်းလည်း အိပ်စက်နားနေနိုင်ရမည်။ လွတ်လပ်စွာပြောဆိုရေးသားခွင့် မိမိဆန္ဒကို ဖော်ပြခွင့် လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်၊ လူမျိုးစုများ မိမိတို့အရေးကို မိမိတို့စီမံ ဆုံးဖြတ်ပိုင်ခွင့်များလည်း ရှိရမည်။ ထိုသို့သော အခွင့်အာဏာများကို တိုင်းပြည်နှင့်အဝှမ်း ကျယ်ကျယ်ပြန့်ပြန့် ပြည်သူများခံစားခွင့်ရှိပါမှ ပြည်တွင်းငြိမ်းချမ်းရေးရှိသည်ဟု ရှုမြင်သည်။ ဤအမြင်ကို အတိုက်အခံအင်အားစုများနှင့် နိုင်ငံရေးအမြင်ရှိသော ပြည်သူများက ရှုမြင်နေကြသည်။ စာဖတ်သူအနေနှင့် မည်သို့အမြင်ရှိပါ သနည်း။ မိမိတည်ရှိနေသော အတန်းအစား အလွှာအနေအထားထက် ဘက်ပေါင်းစုံစီစစ်ပြီးမှ အဖြေပေးစေလိုသည်။

      စာရေးသူအနေနှင့် တတိယအမြင်ကိုသာ လက်ခံသည်။ ပထမအမြင်မှာ ဥာဏ်ပညာနည်းပါး သော အာဏာရလူတစ်စုက မိမိတို့အာဏာရထားစဉ်တွင်သာ ထားရှိနိုင်သော အမြင်မျိုးဖြစ်သည်။ အာဏာလက်လွတ်သွားသည်နှင့် ဤအမြင်ကို လက်ခံနိုင်တော့မည်မဟုတ်။ ဒုတိယအမြင်မှာလည်း စား၊ အိပ်၊ မိတ်လိုက် သုံးမျိုးကိုသာ သိနားလည်သော တိရိစ္ဆာန်သာသာ လူပြိန်းများနှင့် အုပ်စိုး သူပြည်သူများကို အကျဉ်းသားအဆင့်တွင် ထားရှိလိုသော အုပ်စိုးသူ လူတချို့ထားရှိသောအမြင် သဘောထားဖြစ်သည်ဟု ရှုမြင်သည်။

      ကျွန်ုပ်တို့သည် လူသားများဖြစ်ကြသည်။ လူသားချင်းအတူတူ လိုလားတောင့်တမှုခြင်း သိပ်ကွာခြားကြလိမ့်မည်မဟုတ်။ ကျွဲနွဲများကိုမူ နဖာထိုး၊ ကြိုးဆွဲကြိမ်ဖြင့်တို့၍ လိုရာခိုင်းနိုင်သည်။ လူသားအချင်းချင်းကိုကား ထိုသို့လုပ်၍ ရမည်မဟုတ်။ ယေဘူယျအားဖြင့် အသိတရားနှင့် ခံစားချက်ချင်း တူညီကြသော လူသားများတွင် အာဏာရသူတို့က မိမိတို့ရောက်ရှိသော ဘဝ၏ အလိုဆန္ဒတစ်ခုတည်းကို မမြင်ဘဲ အခြားလူများ၏ အလိုဆန္ဒကိုလည်း ကြည့်မြင်တတ်ရန်လိုသည်။ ထိုသို့မဟုတ်ဘဲ သူတပါး၏ အလိုဆန္ဒသဘောထားများကို ဂရုမထား မိမိအစုအဖွဲ့၏ အမြင်သဘော ထားသက်သက်ဖြင့် ချုပ်ကိုင်ထားပါက ရုန်းကန်အန်တုမှုများဖြစ်ပေါ်လာပြီး နောက်ဆုံးတော်လှန် ပုန်ကန်မှုများ ဖြစ်ပေါ်လာလိမ့်မည်။ ထို့ကြောင့် ပြည်တွင်းငြိမ်းချမ်းရေးကို လွှဲမှားသောအမြင်ဖြင့် ရှုမြင် အဓိပ္ပါယ်ဖော်ပြီး ၎င်းကိုအဓ္ဓနည်းဖြင့် အကောင်အထည်ဖော်လိုက်သောအခါ မလိုလားအပ် သော ဆန့်ကျင်ဘက်အကျိုးသက်ရောက်မှုများ ဖြစ်လာရတော့သည်။

      ဤမျှဆိုလျှင် ပြည်တွင်းငြိမ်းချမ်းရေး ရယူတည်ဆောက်နိုင်ရန် အနိမ့်အဆုံးအဆင့်တွင် လိုအပ်သောသဘောထားအမြင် တရပ်ကိုတွေ့ရှိရပါပြီ။ ၎င်းကိုတနည်းအားဖြင့် အခြေခံလူ့အခွင့် အရေးဟုလည်း ခေါ်ဆိုသည်။ ဤအခြေခံလူ့အခွင့်အရေးများ မရှိဘဲ ပြည်တွင်းငြိမ်းချမ်းရေးကို မတည်ဆောက်နိုင်ပေ။ 

      လူတို့၏အသိတရားကို ၎င်းတို့ဖြတ်သန်းခဲ့ရသောဘဝခရီးတစ်လျှောက်တွေ္မ ကြုံခဲ့ရသည် များနှင့် ၎င်းပတ်ဝန်းကျင် အဖြစ်အပျက်များက သတ်မှတ်ပေးသည်။ ကျွန်ုပ်တို့နိုင်ငံတွင် လူမျိုး လူတန်းစား လူ့အလွှာများစွာရှိသည့်အပြင် အသက်အရွယ် နေထိုင်ရာဒေသ ကွဲပြားမှုကြောင့်လည်း အသိအမြင်ခံယူချက်နှင့် သဘောထားအမျိုးမျိုး ရှိကြသည်။ ဤသို့သော အနေအထားတွင် အရေအတွက်ပိုများသော သို့မဟုတ် အာဏာရထားသောလူစုက မိမိတို့သဘောကျရာ တစ်ခုတည်း ကို ချမှတ်လုပ်ဆောင်ပါလျှင် ပြည်တွင်းငြိမ်းချမ်းရေးကို မည်သို့မျှဖော်ဆောင်နိုင်မည်မဟုတ်ပေ။

      ထို့ကြောင့် နိုင်ငံအရေး ပြည်သူတစ်ရပ်လုံးအရေးတို့တွင် အများပြည်သူ၏ ဆန္ဒကိုရယူပြီး ချမှတ်လုပ်ဆောင်ရေးဆိုသော ဒီမိုကရေစီလုပ်ငန်းစဉ်သည် လျှော်ကန်သင့်မြတ်ဆုံးဖြစ်သောကြောင့် နိုင်ငံတကားအတွေ့အကြုံ  ရှည်ကြာသော ပြည်တွင်းစစ်အတွေ့အကြုံများက ပြသခဲ့ပြီးဖြစ်သည်။ ကနေ့ဆိုလျှင် အုပ်စိုးသူများ၊ အုပ်စိုးခံပြည်သူများ အတိုက်အခံအင်အားစုများပါ ဒီမိုကရေစီဆိုသည့် အုပ်ချုပ်ရေးစနစ်ဖြင့်ကျင့်သုံးသွားရမည်ကို အားလုံးလက်ခံထားကြပြီးဖြစ်သည်။ ဒီမိုကရေစီ နည်းကျကျ အများပြည်သူတို့၏ ဆန္ဒကိုရယူသည်မှာ ရှောင်လွှဲ၍မရသော အချက်တရပ် ဖြစ်သည်။ 

      ဒီမိုကရေစီဆိုသည်မှာ အများစုဖြစ်သော ပြည်သူတို့၏ သဘောဆန္ဒအရ အုပ်ချုပ်ခြင်းဆိုပြီး လူများစုဖြစ်သော အင်အားစုက မိမိတို့သဘောကျရာကိုချည်း ချမှတ်သွားပါက ပြည်တွင်းငြိမ်းချမ်း ရေး ရနိုင်လိမ့်မည်မဟုတ်ပေ။ မတူကွဲပြားသော လူ့အဖွဲ့အစည်းများဖြစ်သည့် လူမျိုးရေး၊ ဘာသာရေး ကိစ္စရပ်များတွင် တန်းတူမှု၊ လွတ်လပ်မှု တရားမျှတမှုများ ရှိရန် အထူးလိုအပ်သည်။ ကျွန်ုပ်တို့ နိုင်ငံတွင် ဘာသာရေးအရ ပြဿနာအထူးမရှိသော်လည်း လူမျိုးရေးအရကား ကြီးမားသော ပြဿနာရှိခဲ့ ရှိနေဆဲဖြစ်သည်။ ထို့ကြောင့် ဤကိစ္စရပ်တွင် ကိုယ်ကျိုးအတ္တအမြင်ကင်းသော တနည်းအားဖြင့် မဟာအမြင်ဖြင့် သူတပါးအပေါ် လွှမ်းမိုးလိုစိတ်ကင်းသော နိုင်ငံရေးအဖွဲ့အစည်းနှင့် နိုင်ငံရေးခေါင်းဆောင်များက တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို သဘောတူနေကြပြီဖြစ်သည်။ လူမျိုးစုံချစ်ကြည်ရေးနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို အမှန်တကယ်တည်ဆောက်လိုပါက မှန်ကန်သော သဘောထားအမြင်ကို လက်ခံဆုပ်ကိုင်ထားကြရမည်။ ဗိုလ်ချုပ်အောင်ဆန်းလမ်းခင်းပြသခဲ့သော ပင်လုံစိတ်ဓါတ်ကို တဖန်အသက်သွင်း ကြရန်လိုသည်။ 

      အထက်တွင်ဖော်ပြခဲ့သည့်အတိုင်းဒီမိုကရေစီလုပ်ဟန်နှင့် တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်း ခွင့်အပေါ်အခြေခံသော ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးတို့ကို ကြည်လင်စွာ လက်ခံ နိုင်ပါက ရိုးသားပွင့်လင်းသော စေတနာဖြင့် ညှိနှိုင်းဖြေရှင်းကြပါလျှင် ပြည်တွင်းငြိမ်းချမ်းရေးကို လွယ်ကူစွာတည်ဆောက်နိုင်ပါသည်။ ထိုသို့ ဖြူစင်သောစေတနာကို အရင်းခံမထားဘဲ အမြီးကျက် အမြီးစား၊ ခေါင်းကျက် ခေါင်းစား၊ တစိပ်ရရ တပိုင်းရရ ရသမျှကို ဖဲ့ယူတတ်သော နည်းဖြင့်ကား ပြည်တွင်းငြိမ်းချမ်းရေးကို မတည်ဆောက်နိုင်ပါ။  

      စစ်သည်နိုင်ငံရေး၏အဆက်ဖြစ်သည်။ လက်နက်ကိုင် ပုန်ကန်မှုကို နိုင်ငံရေးအခွင့်အရေးများ ဆုံးရှုံးမှုက မွေးထုတ်ပေးခဲ့သည်။ နိုင်ငံရေးပြဿနာကို စစ်ရေးဖြင့် ဖြေရှင်းနေပါက ယာယီခေတ္တ သို့မဟုတ် အပေါ်ယံမျှကိုသာ ဖြေရှင်းနိုင်မည်။ ပြီးပြည့်စုံသော ပြေလည်မှုကို နိုင်ငံရေးနည်းဖြင့် ရဲဝံ့စွာဖြေရှင်းရန်မှတပါး စစ်မှန်သောပြည်တွင်း ငြိမ်းချမ်းရေးကို မရနိုင်ပါ။ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမည်ဆိုပါက သူ့အမြင်ကိုယ့်အမြင် ဘက်ပေါင်းစုံအမြင်များကို သိရမည်။ ထိုအခါ အမှားအမှန်နှင့် အတိမ်အနက်ကို ခွဲခြားနိုင်မည်။ ၎င်းအပေါ်အပေးအယူ အလျော့အတင်းများလုပ်ပြီး ကျေလည်စွာ ညှိနှိုင်းပါက ပြေလည်မှုရရှိလိမ့်မည်။ ဤသည်ကားမှန်ကန်သော နည်းလမ်းဖြစ်သည်။ ဤသို့အချင်းချင်းညှိနှိုင်း ဖြေရှင်းသော နည်းလမ်းမှလွှဲ၍ သိကြားမင်းလူ့ပြည်ဆင်းပြီး ဖြေရှင်း ပေးလည်း ပြေလည်နိုင်မည်မဟုတ်ပါ။ စေတနာမှန်သော ခေါင်းဆောင်များသည် မှန်ကန်သော နည်းလမ်းများကို ရဲဝံ့စွာ ရွေးချယ်လျှောက်လှမ်းကြရမည်။  

      မှန်ကန်သောနည်းလမ်းကို မြင်နေပါလျှက် မလျှောက်ဘဲ စစရေးဖြင့် ဆက်တိုက်နေမည်ဆိုပါက နောက်ထပ်အနှစ်ငါးဆယ်ပြည့်လည်း ပြီးဆုံးနိုင်မည် မဟုတ်ပေ။ လူမျိုးစုရေရာတွင် အာဏာခွဲဝေမှုမရှိဘဲ ဒီမိုကရေစီရရှိရုံမျှနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို မရနိုင်ကြောင်း အင်္ဂလန်နှင့် အိန္ဒိယနိုင်ငံတို့က သက်သေပြနေပါသည်။ လူမျိုးစုများ၏ ပြဿနာများကို ယာယီအပစ်အခတ် ရပ်စဲထားပြီး ဒေသဖွံ့ဖြိုးရေး၊ စီပွားရေးလုပ်ပိုင်ခွင့်များဖြင့် ဖြေရှင်းနေ၍ကား မပြေလည်နိုင်။ စစ်ပွဲတစ်ရာတိုက်ရန်မလို နည်းအမျိုးမျိုးဖြင့် ဖြိုကွဲသောနည်းသည် မှန်ကန်သောနည်းမဟုတ်၊ အချိန်ဆွဲသော နည်းတခုသာ ဖြစ်သည်။ ခေါင်းဆောင်အင်အားစုကို သာယာမှုဖြင့် သိမ်းသွင်ယူသော နည်းသည်လည်း သာယာမှုအပေါ် မူးယစ်တတ်သော ခေါင်းဆောင်အချို့ကိုသာ ဆွဲဆောင်နှစ်သိမ့်၍ ရကောင်းရမည်။ ခေါင်းဆောင်အချို့လျော့သွားရုံမျှဖြင့် တော်လှန်ရေးကို ရပ်တန့်အောင် လုပ်၍ရမည်မဟုတ်ပေ။ တော်လှန်ရေးဆိုသော လက်နက်ကိုင် ပုန်ကန်မှုသည် နိုင်ငံရေးအခွင့် အာဏာရရှိရေးဟူသော ဦးတည်ချက်အတွက်ဖြစ်သည်။ ထိုနိုင်ငံရေးအခွင့်အာဏာပြဿနာကို  နိုင်ငံရေးအရ ဆွေးနွေးဖြေရှင်းမှု မပြုသမျှ မပြေလည် မပြီးပြတ်နိုင်။ ထိုသို့မပြီးပြတ်ပါကငြိမ်းချမ်းရေးကို ဦးတည်သော ရည်ရွယ်ချက်သည် အချည်းအနှီးပင် ဖြစ်နေပါလိမ့်မည်။ 

      ကျွန်ုပ်တို့နိုင်ငံတွင် သယံဇာတပေါကြွယ်ဝနေပါလျှက် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအဆင့်သည် ကမ္ဘာတွင် နောက်ဆုံးတန်းကလိုက်နေရသည်။ အချိန်ကိုအကျိုးမဲ့စွာ အနှစ်ငါးဆယ်ကျော် ဖြုန်းခဲ့ပြီးပြီးဖြစ်သည်။ နောက်ထပ်အချိန်ုမပေးသင့်တော့ပါ။ လမ်းမှန်ကို သိမြင်နေပါလျှက် မလျှောက်သော ရှေ့ဆောင်သူသည် ကြာရှည်စွာ ရှေ့ဆောင်နိုင်မည် မဟုတ်။ နိုင်ငံရေးကို မလှည့်စားနှင့် ပြည်သူကို မလှည့်စားနှင့် သမိုင်းအိမ်သာကျင်းထဲ နစ်မွန်သွားရပေလိမ့်မည်။ ပြည်တွင်းငြိမ်းချမ်းရေးမရှိဘဲ တိုးတက်သော တိုင်းပြည်တခု မတည်ဆောက်နိုင်။ ထို့ကြောင့် စေတနာမှန်လျှင် ပြည်တွင်းငြိမ်းချမ်းရေးကို အမြန်ဖော်ဆောင်ပြဖို့ လိုသည်။

                                                                                      

Feedback; အကြံပြုရန်
ဇော်ဂျီဖောင့်ဖြင့် ရေးသားနိုင်ပါသည်
Kaowao Feedback
:
:



 


၂၀၁၀ ခုနှစ် ဆောင်းပါးများ



၂၀၁၀ ခုနှစ် ဆောင်းပါးများ


မွန်သူဌေးကြီးဦးနိုင်အောက်(နဲာအံက်)

အပစ်ခတ်ရပ်စဲရေးကာလ နိဂုံးချုပ်သွားပြီးလော

တောတွင်းဥပဒေ။ မုဆိုးရာသီနှင့် လွတ်မြောက်ရေးတိုက်ပွဲ

မွန်ပြည်နယ်ရွေးကောက်ပွဲရလာဒ်အဖြေ အခြေအနေသိလောက်ပြီလေ

မွန်တော်လှန်ရေးအပေါ် နာလည်မှု ရှိနိုင်ကြပါစေ

မြန်မာလူမျိုးပထမဦးဆုံးဆရာဝန် (မွန်အမျိုးသားဒေါက်တာရှောလူး)

ဖါးစည်

Road Map မရှိတဲ့ ဒီအပစ်ရပ်ဇာတ်မျောမှာသမိုင်းရေးကြ

ပြည်ထောင်စုဖွဲ့စည်းရေးပြဿနာ

ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့ ဘာကြောင့်လိုအပ်သလဲ(အပိုင်းနှစ်)

ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့ ဘာကြောင့်လိုအပ်သလဲ (အပိုင်းတစ်)

အစိမ်းရောင်ဝေဒနာ

လစ်လျူရှုခံနေရသော ရှေးဟောင်းမျိုးနွယ်တစ်ခု

အပူရိုက်လို့ ကွမ်းသီးပင်တွေသေ၊ စိုက်ပျိုးသူတွေ ဆုံးရှုံးမှုနဲ့ တွေ့ကြုံနေ

အဟိတ်သံယောဇဉ်

စစ်နှင့်နိုင်ငံရေး သေနင်္ဂဗျူဟာ တူရှူ စဉ်းစားချက်‏

ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်မည်ဆိုပါလျှင်

စနစ်ဆိုးတခုအားစုပေါင်းဆန့်ကျင်အံ့တုကြရာဝယ်

ဘယ်မအေရိုးမှမကောင်းပါဘူး

အစိုးဝန်ထမ်းများ၏ လစာနှုန်းတိုးမြှင့်သတ်မှတ်ခြင်း

သမိုင်းဘီးနစ်ခဲ့သူများ အပိုင်း(၄)

သမိုင်းဘီးနစ်ခဲ့သူများ အပိုင်း(၃)

သမိုင်းဘီးနစ်ခဲ့သူများ အပိုင်း(၂)

သမိုင်းဘီးနစ်ခဲ့သူများ အပိုင်း(၁)

ဥပါယ်

ခေတ်လူငယ်များဧ။် သုံးသပ်ချက်

ပြသနာအရင်းခံက

ဘိုးတော်မောင်မောင်(ခ)သန့်ဇော်ရွှေဟာ

ရိုးရာကွမ်းစားခြင်းဓလေ့

Untitled Document
Untitled Document
   Top | Go Back

မူပိုင် © 2004 - Kaowao Newsgroup. All Rights Reserved. web counter code Views